သုခဒဂုံပြည်သူ့အိမ်ရာတွင် နေထိုင်ခွင့်ကျပြီး နေထိုင်ခြင်းမရှိသည့် အခန်းများအား ပြန်လည်သိမ်းယူမည်

23 March, 2024

သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်းရှိ အခန်းမဲပေါက်ထားသည့် အိမ်ခန်းများ၌ နေထိုင်ခြင်းမရှိသည့် အိမ်ခန်းများကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်းနှင့် ထပ်မံ ပြီးစီးမည့် အိမ်ခန်းများအတွက် ငှားရမ်းခွင့် လျှောက်လွှာများကို မတ်လ (၂၅) ရက်နေ့မှ စတင်လျှောက်ထားနိုင်ကြောင်း သိရပါသည်။  

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်ထည်ဖော် ဆောက်လုပ်ထားသော သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေရေးအခက်အခဲရှိသော ပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ရန် အိမ်ခန်းနေရာ အငှားချထားပေးခြင်းဖြစ်သည်။

 

ပထမအဆင့် ငှားရမ်းနေထိုင်ခွင့် ရရှိသူများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်မှ စတင်ပြီး နေထိုင်ခွင့်ပြုခဲ့ရာမှာ အချို့သော ငှားရမ်းနေထိုင်ခွင့်ရရှိသူများသည် နေထိုင်ခွင့်ရရှိထားပြီးဖြစ်သော်လည်း လာရောက်နေထိုင်ခြင်း မရှိခြင်းကြောင့် ပြန်လည်သိမ်းယူရန် စိစစ်နေခြင်းဖြစ်ကြောင်း သိရပါသည်။ 

 

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် အိမ်ခန်းငှားရမ်းခွင့် ရရှိထားသူများအနေဖြင့် လာမည့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အငှားချထားသော အိမ်ခန်းတွင် လာရောက်နေထိုင်ရန်နှင့် နေထိုင်ခြင်းမရှိပါက အိမ်ခန်းအား ဌာနမှ ပြန်လည်သိမ်းယူပြီး အမှန်တကယ်နေထိုင်ရန် အခက်အခဲရှိသူများအား ပြန်လည်နေရာ ချထားပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင်  ငှားရမ်းနေထိုင်ခွင့်ရရှိထားသည့် အိမ်ခန်းများတွင် သတ်မှတ်စည်းကမ်းအတိုင်း နေထိုင်ခြင်းမရှိသည့်  အိမ်ခန်းများကိုလည်း ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း သိရသည်။ 

 

သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်း ထပ်မံ ပြီးစီးမည့် အိမ်ခန်းများအတွက် ငှါးရမ်းခွင့် လျှောက်လွှာများကို မတ်လ (၂၅) ရက်နေ့မှာ စတင်ဝယ်ယူပြီး အောက်ပါသတ်မှတ်စည်းကမ်းချက်များနှင့်အညီ လျှောက်ထားနိုင်ပါသည်။

 

May be an image of text


သုခဒဂုံပြည်သူ့အငှားအိမ်ရာ လျှောက်ထားလိုသူများ သိရမည့် စည်းကမ်းချက်များ

>> https://www.buildersguide.com.mm/article/thukha-dagon-rules.html

Read 361 times