မိုးတွင်းမှာ သင့်နေအိမ်လေး မပျက်စီးသွားဖို့ ပြင်ဆင်ထားသင့်တဲ့ အချက်များ


05 June, 2024

မိုးရာသီမှာ ကိုယ်နေထိုင်ရာအိမ်လေး အပျက်အစီးမရှိဘဲ ကြံ့ခိုင်သန်မာနေဖို့ ဘယ်အပိုင်းတွေကို စစ်ဆေးရမလဲ၊ ဘယ်အပိုင်းတွေကို ပြုပြင်ရမလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။ 


ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကိုယ့်နေအိမ်မှာ ဘယ်လိုအပျက်အစီးတွေ ဖြစ်ပေါ်လာနိုင်မလဲဆိုတာကို မျှဝေပေးမယ့်အပြင် ဒီအပျက်အစီးတွေကို ဖာထေးဖို့ လုပ်ဆောင်နိုင်တဲ့အချက်တချို့ကိုပါ ပြောပြပေးသွားပါမယ်။ 

 

ခေါင်မိုး
===
အဆောက်အဦးတစ်ခုမှာ ခေါင်မိုးဟာ နွေဒဏ်၊ မိုးဒဏ်ကို အများဆုံးခံရတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အရင်ဆုံး မိုးရာသီမှာ လုပ်ရမှာက ခေါင်မိုး ပေါက်နေတာမျိုး ရှိ/မရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။ စစ်ဆေးလို့ အမိုးပေါက်နေတာ တွေ့ရင် ရေလုံမိုးလုံဆေးသုတ်တာမျိုး၊ ပြုပြင်ဖာထေးလို့မရတဲ့ အခြအနေမျိုးဆိုရင် အမိုးပြားတစ်ခုလုံး လဲလှယ်တာမျိုး လုပ်နိုင်ပါတယ်။ 

 

နံရံ
==
မိုးရာသီမှာ ရေခိုအောင်းတာများပြီး နံရံတွေမှာ မှိုစွဲတာတွေ၊ နံရံဆေးသား ကွာကျတာတွေ၊ အပ်ကွဲကြောင်းထတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ ရေလုံဆေးသုံးတာမျိုး၊ Sealing Tape ကပ်တာမျိုး၊ နံရံဆေးပြန်သုတ်တာမျိုး၊ ရေစိုဒဏ်ကို ခုခံနိုင်တဲ့ Vinyl Wallpaper တွေနဲ့ အလှဆင်တာမျိုး လုပ်နိုင်ပါတယ်။ 

 

ကြမ်းခင်း
====
အစိုဓာတ်ကြောင့် ကြမ်းခင်းကလည်း ကျုံ့ခြင်း၊ ပွခြင်းနဲ့ ခြစားတာ၊ မှိုစွဲတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေစိုခံ ခြမစားတဲ့ Vinyl Floor နဲ့ SPC Floor ကြမ်းခင်းတွေကို ရွေးချယ်ခင်းထားသင့်ပါတယ်။ ခြံဝန်းထဲမှာဆိုလည်း မိုးတွင်းကြောင့် လူသွားလမ်းမှာ စလစ်မဖြစ်ရအောင် တာရာဇိုကြမ်းခင်းတွေကို သုံးထားနိုင်ပါတယ်။ 

 

တံခါးနဲ့ ပြတင်းပေါက်
======

ပြတင်းပေါက်တွေကနေတဆင့် မိုးမဝင်အောင်၊ ရေမစိမ့်အောင် တံခါးရွက်တွေကို နည်းလမ်းမှန်မှန်နဲ့ သေချာတပ်ဆင်ထားဖို့ လိုပါတယ်။ မိုးတွင်းမှာ တံခါးဘောင်တွေ၊ သံပန်းတံခါးတွေ သံချေးတက်တာမျိုးဖြစ်တတ်တဲ့အတွက် ဆေးပြန်သုတ်ပေးသင့်ပါတယ်။ 

မိုးရေတွေ သစ်သားတံခါးထဲ စိမ့်ဝင်တဲ့အခါ သစ်ထည်က ပွယောင်းလာတတ်တာမို့ ပေါ်လစ်ဆီတိုက်တာတွေ၊ ဖယောင်းဆီတိုက်တာတွေ ဒါမှဟုတ် သင်္ဘောဆေးသုတ်တာတွေ ပြုလုပ်ထားသင့်ပါတယ်။ ပြတင်းပေါက်မှန်နဲ့ ဘောင်ကြား၊ ဘောင်နဲ့ နံရံကြား ကွာဟမှုရှိနေရင်လည်း အိမ်ထဲ မိုးယိုနိုင်တာကြောင့် ကပ်ဆေးသုံးပြီး ဖာထေးနိုင်ပါတယ်။ 

 

ရေတံလျှောက်
========
မိုးတွင်းမှာ ခေါင်းမိုးတွေ၊ နံရံတွေကို အလွယ်တကူ ရေစိမ့်မဝင်လာနိုင်အောင် ရေတံလျှောက် တပ်ဆင်ထားသင့်ပါတယ်။ ရေတံလျှောက်ကို စနစ်တကျတပ်ဆင်ပြီး  မိုးရေခံထားလို့ရပါတယ်။ ပြီးရင် အပင်ရေလောင်းတာပဲဖြစ်ဖြစ်၊ ကားရေဆေးတာပဲဖြစ်ဖြစ်၊ ရေအိမ်အတွက်ပဲဖြစ်ဖြစ် သုံးလို့ရပါတယ်။ 


မိုးတွင်းမှာ ရေတံလျှောက်အတွင်း အမှိုက်တွေ ပိတ်ဆို့မနေအောင်လည်း စစ်ဆေးဖို့ လိုပါတယ်။ မိုးရေနဲ့အတူ အမှိုက်သရိုက်တွေ၊ သစ်ရွက်ကြွေတွေဟာလည်း ရေတံလျှောက်ထဲ ရောပါလာတတ်ပါတယ်။ ရေတံလျှောက်အတွင်း အမှိုက်တွေပိတ်ဆို့နေရင် ရေမစီးတော့ဘဲ နံရံတွေ၊ ခေါင်မိုးတွေကို ရေစိမ့်ဝင်လာနိုင်ပါတယ်။ 

 

မြန်မာတစ်နိုင်လုံးရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် (၂,၂၇၂) ဆိုင်ကို အောက်ပါ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းလမ်းညွှန်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ 

>> https://www.buildersguide.com.mm/listing/building-materials

>> https://www.buildersguide.com.mm/listing/

 

Decoration How To Read 504 times