Laminate Floor နဲ့ Vinyl Floor ရဲ့ ခြားနားချက်များ


29 April, 2024

 

Laminate Floor

Laminate Floor ဆိုတာ သစ်အစားထိုး ပါကေးပြားပါ။ မြန်မာစျေးကွက်မှာ ကိုရီးယား ပါကေးလို့ ခေါ်ဝေါ် လူသိများကြပါတယ်။ ကိုရီးယားပါကေး (Laminate Floor) အများစုက HDF (High Density Fiberboard) ဒါမှမဟုတ် MDF (Medium Density Fiberboard) နဲ့ နည်းပညာ ပေါင်းစပ်ပီး လုပ်ထားတာပါ။ အလွယ်ပြောရရင် ကြိတ်သားပါ။


စျေးနှုန်းအနည်းအများ၊ ပစ္စည်းအရည်အသွေး အနိမ့်အမြင့်က ထုတ်လုပ်တဲ့ နည်းပညာအပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အတိုင်း ကြည့်ရင်တော့ ပစ္စည်းကောင်း/မကောင်းကို သေချာမသိနိုင်ပါဘူး။ ယေဘုယျအားဖြင့် အပေါ်မျက်နှာပြင် Print Layer Coating ရဲ့ အကြမ်းခံနိုင်မှု၊ မျက်နှာပြင်ပေါ် ရေဖိတ်စင်ကျပါက စိမ့်ဝင်မှုရှိ/မရှိ၊ အတွင်းကြိတ်သား ကျစ်လစ်မှု အနည်း/အများ၊ ဖယောင်းပါဝင်မှု အနည်း/အများ၊ အောက်ခံ Back Layer Coating ကောင်း/မကောင်း စတဲ့ အချက်တွေနဲ့ ပစ္စည်းအရည်အသွေးကို သိနိုင်ပါတယ်။ 

 

Laminate Floor ရဲ့ အားသာချက်

- Laminate Floor ရဲ့ အထူက 12mm နဲ့ 8mm အထူတွေမို့ ခင်းပြီးရင် သမံတလင်းလို မအေးပါ။

- ကလေး၊ လူကြီးရှိတဲ့သူတွေ အဆင်ပြေပါတယ်။

- သစ်အဆင်တွေ များတာမို့ ခင်းလိုက်ရင်လည်း ခန့်ခန့်ငြားငြားနဲ့ လှပါတယ်။

- ကြွေပြားတွေလို အေးတာ၊ ချော်တာတွေ မဖြစ်ပါဘူး။

- AC4, AC3, Coating သုံးထားခြင်းကြောင့် အရောင်မှိန်သွားမှု မရှိပါဘူး။ 

 

ဒါပေမဲ့ ကြိတ်သား ဖြစ်တဲ့အတွက် မိုးရေပက်နိုင်တဲ့နေရာတွေမှာ ခင်းမယ်ဆိုရင် ဒါမှမဟုတ် ကြမ်းခင်းအောက်မှာ ရေစိမ့်တာတို့၊ အစိုပြန်တာတို့ဆိုရင် ကြွတက်လာတာမျိုးဖြစ်နိုင်ပါတယ်။ နောက်ပြဿနာတစ်ခုက ခြအရမ်းကြိုက်ပါတယ်။ တစ်ချို့ ပစ္စည်းကောင်းရင်တော့ အထက်ပါ ပြဿနာတွေကို အခြေအနေတစ်ခုအထိ ကောင်းကောင်းခံနိုင်ရည် ရှိပါတယ်။

 

Vinyl Floor 

Vinyl Floor ဆိုတာက ကမ္ဘာပေါ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေများလာလို့ သစ်တောထိန်းသိမ်းမှုတွေဖြစ်လာတာရယ်၊ Laminate Floor က ရေနဲ့ထိရင် အဆင်မပြေတာ၊ ခြစားတာတွေအတွက် PVC အခြေခံ နည်းပညာအသစ်နဲ့ သစ်အစားထိုး ထုတ်လုပ်ထားတဲ့ ကြမ်းခင်းပါ။ 

 

PVC ဖြစ်လို့ ရေစိမ်တာဖြစ်ဖြစ် ရေစိုတာဖြစ်ဖြစ် ပျက်စီးခြင်းမရှိပါ။ ထုတ်လုပ်တဲ့ ပုံစံ အကြမ်းဖျင်း ၂ မျိုး ရှိပါတယ်။ ပထမတစ်မျိုးက One Layer တည်း ထုတ်ထားတဲ့ Vinyl ပါ။ နောက်လူသုံးများ ခတ်စားလာတာက Layers အများ ပါတဲ့ Printed Vinyl ပါ။ များသောအားဖြင့် အောက်ဆုံးအလွှာ PVC Layer , Printed Layer , Wear Layer နဲ့ UV Coating ပါတဲ့ Vinyl တွေပါ။ 

 

သစ်ပါကေးပုံစံ Design တွေ၊ ကောဇောပုံစံ Design တွေ၊ ကြွေပြား ကျောက်ပြားပုံစံ Design တွေစသဖြင့် ရေါးချယ်စရာ Design တွေ များပါတယ်။ 

 

Vinyl မှာမှ အသုံးပြုတဲ့အပေါ်မူတည်ပီး Type ၃၊ ၄ မျိုး ရှိပါတယ်။ အဓိကက ကော်ကပ် Glue Type (ကော်ကပ်စနစ်) ၊ Click Type (ချိတ်ဆက်စနစ်) နဲ့ Loose Lay Type လို့ခေါ်တဲ့ စုပ်ခွက်ကြမ်းခင်း စနစ်တွေပါ။ Glue Type မှာမှ အမျိုးအစားတွေ ထပ်ရှိပါသေးတယ်။ 


ကြမ်းပြင် အနေအထားပေါ်မူတည်ပီး သုံးစွဲသူတွေက အဆင်ပြေမယ့် Vinyl Floor ကို ဝယ်ယူတတ်ဖို့ လိုအပ်ပါတယ်။ Glue Type က ကော်ကပ်မို့ ကပ်မယ်နေရာက အစိုဓာတ် အရမ်းရှိရင် သုံးလို့မရပါ။ အဲလိုမျိုးအခြေအနေဆို Vinyl Click Type ကို သုံးပါတယ်။ 


Vinyl Floor ရဲ့ အဓိကအချက်က ပစ္စည်းကောင်းရုံနဲ့ မပြီးပါဘူး။ ခင်းကျင်းမှု စနစ်ကျမှု၊ Tools Material တွေ အသုံးပြုမှု မှန်ကန်ဖို့ လိုအပ်တဲ့အတွက် အတွေ့အကြုံကောင်းကောင်းရှိတဲ့ Supplier နဲ့ ခင်းနိုင်မှ ရေရှည်အတွက် အဆင်ပြေမှာပါ။ 


Vinyl Floor ရဲ့ အားသာချက်

- ရေအတွက် မစိုးရိမ်ရပါ။

- ခြစားမှု ပြသနာ ခေါင်းထဲက ထုတ်လို့ရပါတယ်။ 

- မပူလွယ်၊ မအေးလွယ် ဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။

- Non Slip ဖြစ်တဲ့အတွက် ခြေချော်တာတို့ ချော်လဲတာတို့ မဖြစ်စေတဲ့အတွက် ကလေး၊ လူကြီးအတွက် သင့်တော်ပါတယ်။ 

*မူရင်းရေးသားသူအား လေးစာစွာဖြင့် Credit ပေးပါသည်။ *

Interior Decoration Read 239 times