စင်ကာပူ အိမ်ရာမြေဈေးကွက်ထိန်းရန် အခွန်တိုးမြှင့်


21 December, 2021

စင်ကာပူ အိမ်ရာမြေဈေးကွက်ထိန်းရန် အခွန်တိုးမြှင့်

စင်ကာပူသည် ၂၀၁၈ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်  နိုင်ငံခြားသားများ အိမ်ရာဝယ်ယူမှုနှင့် နိုင်ငံသားများ၏ ကိုယ်ပိုင်အိမ်ရာကို ဒုတိယအိမ် ထပ်တိုးဝယ်ယူမှုတွင် တံဆိပ်ခေါင်းခွန်များကို တိုးမြှင့်စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်း းကို ဝန်ကြီးဌာန ၂ ခုနှစ် ဗဟိုဘဏ်တို့က ဒီဇင်ဘာလ ညပိုင်းတွင်
 ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
 အိမ်ရာစျေးနှုန်းများ မြင့်တက်လာမှုနှင့် အိမ်ရာချေးငွေများကြောင့် အကြွေးတင်နေခြင်းတို့ကို ထိန်းကွပ်ရန်အတွက် ယခုလိုစီမံ ဆောင်ရွက်ခြင်း ဖြစ်သည်။ 

 ယခင် ၂၀၁၈ တွင် အခွန် ၅% တိုးကြောင်း ညနေတွင် ကြေညာခဲ့ပြီး ညသန်းခေါင်ကျော်တွင် စတင် သက်ရောက်သဖြင့် ညဉ့်နက်သည်အထိ အိမ်ရာအကျိုးဆောင်များ ရုံးခန်းဖွင့်ကာ အရောင်းအဝယ်ကိစ္စများ ပြီးပြတ်အောင် ဝန်ဆောင်မှု ပေးခဲ့ကြသည်။
ယခုအခွန်တိုးမြှင့်သတ်မှတ်ကြောင်းကို ညဉ့်နက်ပိုင်းတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြပြီး ညသန်းခေါင်ကျော်တွင် စတင်သက်ရောက်သည်။

ဇိမ်ခံအိမ်ခြံမြေရောင်းဝယ်ရေးတွင် အထူးပြုထားသည့် Arcadia Consulting ၏ အမှုဆောင်အရာရှိချုပ် Leong Boon Hoe က ညနှောင်းပိုင်းကြေငြာချက်သည် “အိမ်ရာ‌ေလာက တုန်ဆင်းသွားသည်” ဟု မှတ်ချက်ပြုသည်။ ၂၀၁၈ ခုနှစ်တွင် အိမ်ရာစျေးကွက်အေးစေရန် အခွန်များ တိုးမြှင့်ခဲ့သည့် နောက်ဆုံးအကြိမ်နှင့် နှိုင်းယှဉ်ပါက ယခုလုပ်ပုံသည်  “တိတ်တိတ်ဆိတ်ဆိတ် မြန်မြန်ဆန်ဆန် လုပ်ချလိုက်သည်" ဟု သူက ပြောကြားခဲ့သည်။

နိုင်ငံခြားသား ပထမအကြိမ် အိမ်ရာဝယ်ယူလျှင် additional buyers' stamp duty (ABSD) တွင် ၁၀% ထပ်ဆောင်း ကောက်ခံမည်။ ဝယ်ဈေးအပေါ်တွင် ၂၀% အစား ၃၀% အခွန်ပေးဆောင်ရမည် ဖြစ်သည်။

ပြည်သူ့အိမ်ရာ ဝယ်ခွင့်ရှိသော နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့် ရထားသူများသည် ပထမဆုံး ပိုင်ဆိုင်မှုအဖြစ် ဝယ်ယူခြင်းဖြစ်ပါက အခွန်တိုးကောက်ခြင်းတွင် အကျုံးမဝင်ချေ။ ဒုတိယမြောက်၊ တတိယမြောက် စသည်တို့အတွက် တံဆိပ်ခေါင်းခွန် ၅% တိုးမြှင့်ကောက်ခံမည် ဖြစ်သည်။

အိမ်ရာဝယ်ယူရန် ချေးငွေအတွက် ဝင်ငွေအရ အချိုးအစားကို ၆၀ မှ ၅၅% သို့ လျှော့ချလိုက်သည်။ ချေးငွေရယူသူသည် တစ်လဝင်ငွေ၏ ၅၅% ကိုသာ ပေးဆပ်ခွင့်ရှိတော့မည် ဖြစ်သည်။ 

အိမ်ရာအကျိုးဆောင် တစ်ဦးက ပြောပြသည်မှာ သူ့ထံ အိမ်ရှာပေးရန် အလုပ်အပ်နှံထားသော တရုတ်အမျိုးသမီးတစ်ဦးသည် ဆောလျင်စွာ မဝယ်လိုက်မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည်။
သူသည် တရုတ်ပြည်တောင်ပိုင်းရှိ ပြည်နယ်မှ ဖြစ်ပြီး စင်ကာပူတွင် ကလေးများ ကျောင်းတက်နေသဖြင့် စင်ကာပူသို့ ရွှေ့ပြောင်း နေထိုင်သည်။ မိသားစု နေထိုင်ရန် စင်ကာပူဒေါ်လာ ၃ သန်းတန် တိုက်ခန်းကို ဝယ်ယူရန် ဆိုင်ထားပြီးပြီ ဖြစ်သည်။ နောက်လတွင် ခင်ပွန်းက စင်ကာပူသို့ ‌လာရောက်သည့်အခါ အခန်းကိုပြသပြီး ဝယ်ယူရန် ဖြစ်သည်။ ယခု တံဆိပ်ခေါင်းခွန်သည် ဒေါ်လာ ၆၀၀,၀၀၀ အစား ၉၀၀,၀၀၀ ဖြစ်သွားပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ပထမသုံးလပတ်နောက်ပိုင်းတွင်ကိုယ်ပိုင်အိမ်ရာ ဈေးနှုန်းများ ၉% မြင့်တက်ခဲ့သည်ဟု အာဏာပိုင်တို့က ပြောကြားသည်။
ပြည်သူ့အိမ်ရာ တိုက်ခန်းများ ပြန်ရောင်းသည့် ဈေးကွက်တွင်  အလားတူ ကာလအတွင်း ၁၅% ခန့် မြင့်တက်ခဲ့သည်။

Bloomberg သတင်းတွင် အိမ်ရာအရောင်းသည် ၂၀၂၁ ပထမနစ်ဝက်တွင် တန်ဖိုးပမာဏ စင်ဒေါ်လာ ၃၂.၉ ဘီလျံ ရှိခဲ့သည်။ ပြည်သူ့အိမ်ရာ တိုက်ခန်းအရောင်းတွင် စင်ဒေါ်လာ ၁ သန်းအထက် ဈေးနှုန်းဖြင့် ဝယ်ယူခဲ့သည့် တိုက်ခန်း ၁၉၆ ခန်း ရှိခဲ့သည်။ တရားလွန်ချမ်းသာသူများ စင်ကာပူသို့ အုပ်လိုက် ရောက်လာကြပြီး ဝယ်ယူကြခြင်းကြောင့်  ဖြစ်သည်။ မြို့လယ်ပိုင်း မြင်ကွင်းကောင်းသော အထပ်မြင့် တိုက်ခန်းများ စဲချိန်သစ်တင်သည့် ဈေးအမြင့် ရကြသည်။
အိမ်ခြံမြေကုမ္ပဏီ Propnex Realty မှ အကြီးတန်းတွဲဖက်ဌာနခွဲဒါရိုက်တာ Clarence Foo က ပြောပြသည်မှာ အိမ်ရာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသားများတွင် အများဆုံးအုပ်စုမှာ တရုတ်နှင့် အိန္ဒိယ ဖြစ်ပြီး အမေရိကန်ဝယ်လက်များသည် တတိယနေရာတွင် ရှိနေသည်။ အမေရိကန်ဝယ်လက်များသည် အခွန်တိုးမြှင့်ခြင်းကြောင့်ထူးခြားမှု ရှိမည်မဟုတ်ချေ။ အကြောင်းမှာ စင်ကာပူနှင့် အမေရိကန်တို့အကြား လွတ်လပ်ကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။
အိမ်ရာဝယ်ကြသူများတွင် အများစုသည် တရုတ်နိုင်ငံမှ ဖြစ်ပြီး  ပညာရေးအတွက် ကျောင်းလာတက်ကြသည့်သားသမီးတို့နှင့်အတူ စင်ကာပူတွင် လာရောက်နေထိုင်ကြရာ၌ မိသားစုနေထိုင်ဖို့ အိမ်ရာဝယ်ယူကြသည်။
အိမ်ရာအဆောက်အဦ အကျိုးဆောင်လုပ်ငန်း OrangeTee ၏ အချက်အလက်များအရ ယခုနှစ်တွင် နိင်ငခြားသား ဝယ်ယူသည့် ကွန်ဒိုမီနီယံတိုက်ခန်း ၁,၀၆၉ ခန်း ရှိသည်။ အမြဲတမ်းနေထိုင်ခွင့်ရသူတို့ က ၄,၃၇၅ ခန်း ဝယ်ယူသည်။ စင်ကာပူနိုင်ငံသားတို့က ၂၂,၁၂၃ ခန်း ဝယ်ယူသည်။
သို့ဖြစ်ရာ အရေအတွက်အရ ကြည့်လျှင် နိုင်ငံခြားသား ဝယ်ယူသည့် အရေအတွက်သည် အနည်းဆုံးဖြစ်သည်။ သို့သော်အထင်ကရ အဆောက်အဦများ ဝယ်ယူခြင်းကြောင့် သတင်းကြီးသည်။
အထင်ကရ ဈေးဆိုင်လမ်း Orchard Road အနီးရှိ အခန်း ၂၀ ပါ Eden ကွန်ဒိုမီနီယံ တစ်တိုက်လုံးကို တိုင်ဝမ်မိသားစုက စင်ဒေါ်လာ ၂၉၃ သန်းဖြင့် ဝယ်ယူခဲ့သည်။

ဟောင်ကောင် ကာစီနို ဘီလျံနာ Pansy Ho ထိန်းချုပ်တဲ့ Shun Tak Holdings က High Point ကွန်ဒိုမီနီယံ တစ်တိုက်လုံးကို စင်ဒေါ်လာ ၅၅၇ သန်း ဖြင့် ဝယ်ယူခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ဟောင်ကောင်ကာစီနို ဘီလျံနာ စင်ကာပူမှာ ဒေါ်လာ ၄၀၈ သန်းဖြင့် ကွန်ဒို ဝယ်ယူ

Foo က တံဆိပ်ခေါင်းခွန်တိုးမြှင့်သည့်အတွက် ‌စင်ဒေါ်လာ ၁၀ နှင့် ၁၅ သန်းကြား အိမ်ရာဝယ်မည့်သူများ တုံ့ဆိုင်းသွားမည်။ "နောက်ထပ် ၁ သန်းကျော် ထပ်တိုးသွားတော့ တတ်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိတယ်ဆိုရင်တောင် နောက်တွန့်နေနိုင်ပါတယ်" ဟု သူက ပြောသည်။

စင်ဒေါ်လာ သန်း ၃၀ နှင့် ၅၀ ကြား ကုန်ကျသည့် ထိပ်တန်းအိမ်ရာများ ဝယ်ယူကြသည့် တရားလွန်ချမ်းသာသူများသည် အခွန်တိုးသည်ကို ထည့်စဉ်းစားကြမည် မဟုတ်ပေ။ သူတို့သည် ရင်းနှီးမြှုပ်နှံမှုတစ်ခု အနေဖြင့် ဝယ်ယူကြခြင်း မဟုတ်ချေ။ စင်ကာပူတွင် အခြေချနေထိုင်လိုသဖြင့် နေထိုင်စရာအဖြစ် ဝယ်ယူကြခြင်း ဖြစ်သည်။"၁၀% ထပ်တိုးတာကြောင့် သူတို့ နောက်လန်သွားမှာ မဟုတ်ဘူး" ဟု Foo က ပြောကြားသည်။
 

Real Estate & Properties Read 801 times