ဟောင်ကောင်ကာစီနို ဘီလျံနာ စင်ကာပူမှာ ဒေါ်လာ ၄၀၈ သန်းဖြင့် ကွန်ဒို ဝယ်ယူ


11 December, 2021

စင်ကာပူနိုင်ငံ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Orchard Road ဈေးရောင်းဈေးဝယ် နေရာမှာတည်ရှိတဲ့ လူနေတိုက်တာနေရာတစ်ခုကို ဟောင်ကောင် ကာစီနို ဘီလျံနာ Pansy Ho ထိန်းချုပ်တဲ့ Shun Tak Holdings က စင်ကာပူဒေါ်လာ ၅၅၇ သန်း (အမေရိကန်ဒေါ်လာ ၄၀၈ သန်း) ဖြင့် ဝယ်ယူလိုက်ပါတယ်။ စင်ကာပူရဲ့ အထက်တန်းစား အိမ်ရာပိုင်ဆိုင်မှုမှာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဝယ်ယူလိုက်တဲ့ High Point လူနေအိမ်ရာ ကွန်ဒိုမီနီယံ က 30 Mount Elizabeth Road မှာ တည်ရှိပြီး မြေဧရိယာ ၄၇,၆၀၆ စတုရန်းပေ ရှိပါတယ်။ ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ) ဖြစ်ပါတယ်။
High Point ကို ဝယ်ယူတာ စင်ကာပူမှာ Shun Tak က ၅ နှစ်တာအတွင်း ပဉ္စမမြောက် ဝယ်ယူခြင်းလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၁၉၇၃ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ၂၂ ထပ် အဆောက်အဦကို ၃၆ ထပ် မိုးထိတိုက်တာ ပြန်တည်ဆောက်မှာ ဖြစ်ပါတယ်။ ၂၀၂၇ မှာ ပြီးစီးမယ်လို့ လျာထားပါတယ်။
 
Shun Tak က အိမ်ရာအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းကို စင်ကာပူအပြင် ဟောင်ကောင်နဲ့ မကာအိုတို့မှာလည်း လုပ်ကိုင်ပါတယ်။ မကာအို-ဟောင်ကောင် ဖယ်ရီသင်္ဘောများ ပြေးဆွဲပါတယ်။ ဟိုတယ်များလည်း လုပ်ကိုင်ပါတယ်။

Shun Tak ကို မကာအို ကာစီနိုရာဇာ Stanley Ho က ထူထောင်ခဲ့ပါတယ်။ သူက ၂၀၂၀ ပြည့်နှစ် အသက် ၉၈ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သမီးဖြစ်သူ Pansy Ho ရဲ့ အသားတင်တန်ဖိုးက အမေရိကန်ဒေါ်လာ ၄.၃ ဘီလျံ ဖြစ်ပါတယ်။ အသက် ၅၉ နှစ်ရှိ Pansy Ho က ကာစီနို အော်ပရေတာ MGM China မှာ ရှယ်ယာအများစု ပိုင်ဆိုင်ထားပြီး ဖခင်ရဲ့ SJM Holdings မှာလည်း ရှယ်ယာ အများစု ပိုင်ဆိုင်ပါတယ်။

 

 

 

 

 

Real Estate & Properties Read 14517 times