စင်ကာပူ ခရစ္စပတို ဘီလျံနာက ဒေါ်လာ ၄၈.၈ သန်းတန် အိမ် ၃ နှစ်ကလေးအမည်ပေါက်ဖြင့်ဝယ်


03 January, 2022

စင်ကာပူ ခရစ္စပတို ဘီလျံနာက ဒေါ်လာ ၄၈.၈ သန်းတန် အိမ် ၃ နှစ်ကလေးအမည်ပေါက်ဖြင့်ဝယ်

စင်ကာပူမှ ခရစ္စပတိုငွေကြေး ဘီလျံနာ Zhu Su နဲ့ သူ့ဇနီး Tao Yaqiong Evelyn က စင်ကာပူရှိ GCB စာရင်းဝင် အိမ်တစ်လုံးကို သူတို့ရဲ့ ၃နှစ်အရွယ် ကလေးငယ်အတွက် အုပ်ထိန်းသူ အဖြစ်ဖြင့် စင်ကာပူဒေါ်လာ ၄၈.၈ သန်းဖြင့် ဝယ်ယူရန် ခွင့်ပြုမိန့် ရရှိခဲ့ပါတယ်။
Good Class Bungalow (GCB ) အိမ်က Yarwood Avenue မှ Kilburn Estate Area မှာ တည်ရှိပါတယ်။ ၉၉၉ နှစ် အငှားဂရန်မြေနေရာ ဖြစ်ပါတယ်။ အိပ်ခန်း ၆ ခု ပါ ၂ထပ်အိမ်ဖြစ်ပြီး မြေဧရိယာ ၃၁,၈၆၂ စတုရန်းပေပေါ်မှာ တည်ဆောက်ထားပါတယ်။ မြေဈေးက တစ်စတုရန်းပေ စင်ကာပူဒေါ်လာ ၁,၅၃၂ ဖြစ်ပါတယ်။
Good Class Bungalow (GCB) အိမ်တွေက စင်ကာပူမှာ ဂုဏ်အရှိထဆုံး အိမ်တွေ ဖြစ်ပါတယ်။ 
အစိုးရမှ ပြဌာန်းပေးထားတဲ့ GCB Area ၃၉ ခု ရှိပါတယ်။ ဧရိယာတိုင်းမှာ ပင်ကိုထူးခြားချက်များ အသီးသီး ရှိကြပါတယ်။
GCB တွေ အကုန်လုံးကို Urban Redevelopment Authority မှ တင်းတင်းကျပ်ကျပ် စိစစ်ပြီး ခွင့်ပြုမိန့် ချမှတ်ပေးပါတယ်။
ခြံဝင်းဧရိယာက အနည်းဆုံးသတ်မှတ်ချက်ထက် မလျော့ရတာကြောင့် မြေကို ပိုင်းရောင်းခွင့် မရနိုင်ဘူး။ အထပ်မြင့် အဆောက်အဦ ဆောက်လုပ်ခွင့် မရှိ စသဖြင့် စည်းကမ်းချက်တွေ ပြဌာန်းထားပါတယ်။

Zhu Su တို့မှာ အိမ်ရာတစ်ခု ပိုင်ဆိုင်ထားပြီးပြီ ဖြစ်ပါတယ်။ ထပ်တိုးတဲ့ အိမ်ရာဝယ်ယူခြင်းအတွက် တံဆိပ်ခေါင်းခွန်က ပထမဆုံးအိမ်ရာ ပိုင်ဆိုင်မှုအတွက် စည်းကြပ်တဲ့ ပမာဏထက် ပိုများပါတယ်။ မကြာသေးခင်ကမှ တိုးမြှင့် သတ်မှတ်ခဲ့တဲ့အကြောင်း Myanmar Builder Guide မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
စင်ကာပူ အိမ်ရာမြေဈေးကွက်ထိန်းရန် အခွန်တိုးမြှင့်


Zhu Su တို့ အနေဖြင့် ပထမဆုံးအိမ်ရာ ပိုင်ဆိုင်မှု မဟုတ်တဲ့အတွက် ဝယ်သူ တံဆိပ်ခေါင်းခွန် buyer’s stamp duty (ABSD) အပိုဆောင်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ Zhu Su တို့က အမည်ပေါက်အဖြစ် ယခု GCB ကို ဝယ်ယူရင် ABSD ကြေး စင်ကာပူဒေါ်လာ ၈.၃ သန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။
သို့ဖြစ်ရာ ABSD ကို ရှောင်လွှဲဖို့ သူတို့ရဲ့ ၃ နှစ်အရွယ် ကလေးရဲ့ အမည်ဖြင့် အမည်ပေါက် ဝယ်ယူပြီး မိဘတွေက အုပ်ထိန်းသူ trustee အဖြစ် အမည်စာရင်း သွင်းပါတယ်။

ယခုလို trustee အဖြစ်ဝယ်ယူရင် ဘဏ်ချေးငွေ မရနိုင်ပါဘူး။ လက်ထဲရှိတဲ့ ငွေဖြင့်သာ အပြည့်အဝ အကြေချေ ရမှာ ဖြစ်ပါတယ်။ Zhu Su က ခရစ္စပတိုငွေကြေးဖြင့် ဘီလျံနာ ချမ်းသာသူ ဖြစ်လို့ ပြဿနာ အထွေးအထူး ရှိမှာ မဟုတ်ပါဘူး။ 

ယခုလို trustee အဖြစ်ဝယ်ယူရင် ကလေးးငယ်က အိမ်ပိုင်ရှင် ဖြစ်သွားပါတယ်။ သူ ရောင်းချင်ရင် ရောင်းလို့ရတယ်။ မရောင်းချင်ဘူးဆိုရင်လည်း ရတယ်။ အုပ်ထိန်းသူက ဥပဒေကြောင်းအရ တရားဝင် အိမ်ပိုင်ရှင် မဟုတ်တော့ပါဘူး။ 
အမည်ပေါက် သား/သမီးနဲ့ မိဘတို့အကြား အိမ် ရောင်းမယ် မရောင်းဘူး သဘောထားကွဲလွဲခဲ့ရင် အမည်ပေါက် ကလေးငယ်ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါလိမ့်မယ်။
ကလေးအနေဖြင့် အိမ်ပိုင် ဖြစ်နေလို့ အစိုးအိမ်ရာတိုက်ခန်း ဝယ်ယူခွင့် မရှိတော့ပါဘူး။ အိမ်ရာဝယ်ရင် ပထမဆုံးပိုင်ဆိုင်မှု မဟုတ်တော့လို့ အပိုဆောင်းထားတဲ့ ABSD ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ကလေးအနေဖြင့် အိမ်ပိုင် ဖြစ်နေလို့ မိဘက အိမ်ဖိုးအကြေမချေခဲ့ရင် ကလေးမှာ အကြွေးတင်တယ်။
Zhu Su အနေဖြင့် အိမ်ဖိုးက အသေးအဖွဲ မျှသာဖြစ်လို့ အကြေပေးချေနိုင်မှာ ဖြစ်တဲ့အပြင် ကလေးက အမွေအဖြစ် ရရှိမယ့်အထဲမှာ အခုအိမ်က တစ်ခု အပါအဝင် ဖြစ်ပါလိမ့်မယ်။

Real Estate & Properties Read 3762 times