ကွာလာလမ်ပူ-စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်း အစိုးရ ရန်ပုံငွေ ထည့်ဝင်ရန် တောင်းဆို


19 February, 2024

ကွာလာလမ်ပူ-စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်း အစိုးရ ရန်ပုံငွေ ထည့်ဝင်ရန် တောင်းဆို

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ပုဂ္ဂလိကကဏ္ဍ ဘဏ္ဍာငွေအပေါ် လုံးလုံးလျားလျား အားပြုပြီး ကွာလာလမ်ပူ-စင်ကာပူ မြန်နှုန်းမြင့်ရထားလမ်း high-speed rail (HSR) ပြန်လည်အသက်သွင်းရန် မလေးရှားနိုင်ငံ၏ အစီအစဉ်သည် အစိုးရ ရန်ပုံငွေ ထည့်ဝင်ခြင်း မပြုခဲ့လျှင် အကောင်အထည် ပေါ်လာမည် မဟုတ်ဟု အတွင်းကျကျ သိနားလည်သူများက ပြောကြားကြသည်။

တင်ဒါဝင်ပြိုင်ကြသူများ တင်သွင်းသည့် အဆိုပြုလွှာများတွင် အစိုးရရန်ပုံငွေ တောင်းခံထားကြသည်။ 

.

HSR ကို အကောင်အထည်ဖော်ရန် တာဝန်ခံ အစိုးရပိုင် ကုမ္ပဏီ  MyHSR ကော်ပိုရေးရှင်း၏ အဆိုအရ ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းစု ၇ ခုမှ အဆိုပြုလွှာများ တင်သွင်းခဲ့ကြသည်။ ၎င်းလုပ်ငန်းစုတို့၏ အမည်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မပြုပါ။ 

.

HSR ကို အစိုးရ ရန်ပုံငွေ မပါ၊ အစိုးရမှ အာမခံချက်လည်း မပေးဘဲ ပုဂ္ဂလိကလုပ်ငန်းမှ အပြည့်အဝ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ငွေကြေး တတ်နိုင်ခြင်း ရှိမရှိ စိစစ်ရန် အဆိုပြုလွှာများကို ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားပြီး တင်သွင်းစေခဲ့ပါသည်။

.

၃၅၀ ကီလိုမီတာ ရှည်လျားသည့် HSR ရထားလမ်း ရေစုန်မျောနေသည်ကို အသက်ပြန်သွင်းရန် ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ရင်းဂစ် ၁၀၀ ဘီလီယံ ကုန်ကျမည့် HSR စီမံကိန်းအတွက် အစိုးရမှ ငွေကြေးတစုံတရာ ထည့်ဝင်မည်မဟုတ်ဟု မလေးရှား အာဏာပိုင်တို့က ပြောကြားခဲ့သည်။

.

အဆိုပြုလွှာ ပိတ်ရက် ဖြစ်သည့် ဇန်နဝါရီ ၁၅ ရက် မတိုင်ခင် တရက်အလိုတွင် East Japan Railway Company အပါအဝင်  ဂျပန်ကုမ္ပဏီများသည် စီမံကိန်းမှ နောက်ဆုတ်ခဲ့ကြသည်။ အစိုးရ ဘဏ္ဍာရေး ကျောထောက်နောက်ခံ မပါလျှင် “အန္တရာယ်များလွန်းသည်”ဟု ၎င်းတို့က မှတ်ချက်ပြုကြသည်။

 


မလေးရှား-စင်ကာပူ ကျည်ဆန်ရထားစီမံကိန်း ဂျပန်ကုမ္ပဏီတွေ ဘာကြောင့် စိတ်မ၀င်စားတာလဲ

https://www.logisticsguide.com.mm/en/knowledge/tips/227846-kl-s-pore-hsr.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


.

အချို့သော ကုမ္ပဏီများသည် အစိုးရ၏ ရပ်တည်ချက် ပြောင်းလဲပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် အဆိုပြုလွှာတင်သွင်းပြီး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

.

ဝင်ပြိုင်ကြသူများသည် ၎င်းတို့၏ အဆိုပြုလွှာတွင်  အစိုးရထံမှ ငွေကြေးပံ့ပိုးမှု လိုအပ်ကြောင်း တင်ပြတောင်းဆိုထားကြလိမ့်မည်ဟု လေ့လာဆန်းစစ်သူတို့က သုံးသပ်ကြသည်။

.


ကွာလာလမ်ပူ-စင်ကာပူ မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း အဆိုပြုလွှာ ဖိတ်ခေါ်

https://www.buildersguide.com.mm/article/kl-singapore.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ဇန်နဝါရီလ ၂၆ ရက်တွင် မလေးရှားမှ Berjaya Land က ၎င်း ၇၀% ပိုင်ဆိုင်သည့် လက်အောက်ခံ လုပ်ငန်း Berjaya Rail (B-Rail)သည် HSR စီမံကိန်း အဆိုပြုလွှာတင်ရန်အတွက် IJM Construction ၊ Malaysian Resources Corp နှင့် မလေးရှား အမျိုးသား မီးရထားကုမ္ပဏီဖြစ်သော Keretapi Tanah Melayu တို့နှင့် ပူးပေါင်းပြီး လုပ်ငန်းစုကို ဖွဲ့စည်းခဲ့ကြောင်း ကြေညာသည်။

 

B-Rail ဦးဆောင်သော လုပ်ငန်းစုသည် ရထားပြေးဆွဲသည့်အခါ ရရှိသည့် ခရီးသည်ဦးရေသည် မျှော်မှန်းထား‌ေသာ ခရီးသည်ဦးရေ အနည်းဆုံး အရေအတွက်ထက် လျော့နည်းနေပါက အစိုးရမှ ထောက်ပံ့ကြေး ပေးအပ်ရန် အဆိုပြုလွှာ

တွင် တောင်းဆိုထားသည်။

 

 “အစိုးရ အာမခံချက် မရှိဘဲ ဒီရထားလမ်းကို တည်ဆောက်ဖို့ မဖြစ်နိုင်ဘူးလို့ B-Rail က ယူဆပါတယ်" ဟု သတင်းရစ်မြစ်တခုက ပြောကြားသည်။

 

YTL ကော်ပိုရေးရှင်းသည် HSR စီမံကိန်း ရပ်ဆိုင်းသွားခဲ့ပြီး အသံတိတ်မသွားခင်က  HSR အတွက် ဆောက်လုပ်ရေးအတွက် ဒီဇိုင်းဆွဲကာ အကောင်အထည်ဖော်ရန် ၂၀၁၈ ခုနှစ်တွင် စီးပွားဖက်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ယခု YTL Corp က အဆိုပြုလွှာ တင်သွင်းပြီး ဝင်ရောက် ယှဉ်ပြိုင်သည်။

YTL ကလည်း အဆိုပြုလွှာတွင် အစိုးရမှ ဘဏ္ဍာရေး အခောက်အပံ့ပေးရန် တောင်းခံထားသည်။

 

AmInvestment Bank မှ လေ့လာဆန်းစစ်သူ Alex Goh က အာရှတွင် ရထားလမ်းစီမံကိန်းများသည် အစိုးရ၏ ရန်ပုံငွေ မပါဘဲ အကောင်အထည်ဖော်နိုင်ခြင်း မရှိဟု ပြောကြားသည်။

 

အင်ဒိုနီးရှား၏ ပထမဆုံး HSR  ၁၄၂ ကီလိုမီတာ ရှည်လျားသည့် ဂျကာတာ-ဘန်ဒေါင်း ရထားလမ်းသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ပြေးဆွဲခဲ့ရာ၌ ရထားလမ်း ဖောက်လုပ်မည့် မြေဧရိယာများ ရယူရန် အစိုးရ၏ ပံ့ပိုးကူညီမှု ရယူခဲ့သည်ဟု ၎င်းက ပြောကြားသည်။ 

ကန်ဒေါ်လာ ၇ ဘီလီယံ ကုန်ကျသည့် ၎င်းHSR စီမံကိန်းကြီးကို China Railway International နှင့် အင်ဒိုနီးရှားမှ နိုင်ငံပိုင်လုပ်ငန်းကြီး ၄ ခုတို့ ပူးပေါင်းထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း ကုမ္ပဏီစု PT Kereta Cepat Indonesia China က အကောင်အထည် ဖော်ခဲ့သည်။ 

China Railway International သည် နိုင်ငံပိုင် China Railway Group ၏ လက်အောက်ခံ လုပ်ငန်း ဖြစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံပိုင် ကုမ္ပဏီများက အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ 

 

မလေးရှားနိုင်ငံမှ ကုန်ကျစရိတ်မြင့်မားမှုကြောင့် စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ပြီးနောက် ကွာလာလမ်ပူ-စင်ကာပူ HSR သည် ၂၀၂၁ ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့သည်။

 

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် မလေးရှားအစိုးရသည် စီမံကိန်းကို ပြန်လည်အသက်သွင်းရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများထံမှ အဆိုပြုလွှာများ တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။

 

ပုဂ္ဂလိက ဘဏ္ဍာငွေ တစ်ခုတည်းဖြင့် စီမံကိန်းကို  အသက်ပြန်သွင်းနိုင်မည် မဟုတ်ဟု လေ့လာသူတို့က ယူဆကြသည်။

ပုဂ္ဂလိကကုမ္ပဏီများသည် မြေယာသိမ်းယူမှုအတွက် အစိုးရ ပါဝင်ဖို့ လိုအပ်သည်။ ရထားလမ်း ဖောက်လုပ်ရန် မြေယာသိမ်းယူမှုသည် ပြည်ထောင်စုနှင့် ပြည်နယ် အစိုးရတို့၏ ကြီးကြပ်ဆုံးဖြတ်မှုများ လိုအပ်မည် ဖြစ်သည်။ 

ရထားလက်မှတ်များ ဈေးသက်သာစေရန်အတွက် အစိုးရမှ စိုက်ထုတ်ကျခံပေးသည့် ထောက်ပံ့ကြေးများ ပေးအပ်ရန် လိုအပ်သည်။ 

အခြေခံအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရာ၌လည်း အစိုးရ၏ ပံ့ပိုးကူညီမှုများ မလွဲမသွေ လိုအပ်မည်ဖြစ်သည်။

 

မူလအစီအစဉ်အရ ရထားလမ်းသည် မလေးရှားကျွန်းဆွယ်မှ ပြည်နယ်လေးခုတွင် ၃၃၅ ကီလိုမီတာ ရှိပြီး ကျန် ၁၅ ကီလိုမီတာသည် စင်ကာပူတွင် တည်ရှိသည်။

 

စီမံကိန်းအတွက် ချေးငွေ ရယူသည့်အခါ အစိုးရ ရန်ပုံငွေလည်း မပါ၊ အာမခံချက်လည်း ‌မပေးပါက အတိုးနှုန်း မြင့်မားမည်။ 

ရင်းဂစ် ၁၀၀ ဘီလီယံ ချေးငွေ ရယူသည့်အခါ လုပ်ငန်းစုသည် တနှစ်လျှင် ရင်းဂစ် ၆ ဘီလီယံမှ ၇ ဘီလီယံအထိ အတိုးပေးရမည် ဖြစ်သည်။ အစိုးရက အာမခံချက်ပေးပါက တနှစ်လျှင် ရင်းဂစ် ၂ ဘီလီယံမှ ၃ ဘီလီယံအထိ အတိုးပေးရမည် ဖြစ်သည်။

 

မလေးရှားအစိုးရသည် နိုင်ငံကြွေးမြီကို ဂျီဒီပီ၏ ၆၀% မကျော်ရန်၊ အာမခံချက်ပေးခြင်းကို ဂျီဒီပီ၏ ၂၅% မကျော်ရန် ရည်မှန်းချက် ချမှတ်ထားသည်။

 

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် နိုင်ငံကြွေးမြီ ရင်းဂစ် ၁.၁၄၇ ထရီလီယံ ရှိနေပြီး ဂျီဒီပီ၏ ၆၂% ရှိသည်။ ရည်မှန်းချက်ဘောင်ကို ကျော်လွန်နေသည်။

မလေးရှားမှ နှစ်စဉ်အကြွေးဆပ်ရသည့် ပမာဏသည် ၂၀၂၄ ခုနှစ်တွင် ရင်းဂစ် ၅၉.၈ ဘီလီယံသို့ ရောက်ရှိမည် ဖြစ်သည်။

HSR အတွက် အစိုးရက သုံးစွဲလျှင် အခြေအနေ ပိုဆိုးသွားမှာ သေချာနေသည်။

Source business times 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Infrastructure and Zones Read 230 times