ကွန်ကရိလောင်းတဲ့အခါ သံချောင်းအစား ဝါးလုံးကို သုံးမယ်ဆိုရင် . . .


01 July, 2021

 ကွန်ကရိလောင်းတဲ့အခါ အားဖြည့်တင်းပေးဖို့ သံချောင်းအစား ဝါးလုံးကို သုံးမယ်ဆိုရင်  သိထားသင့်တဲ့ အချက်များကို စုစည်း ဖော်ပြအပ်ပါတယ်။
သံချောင်းအစား ဝါးကို အစားထိုး သုံးစွဲလို့ရကြောင်း လေ့လာစမ်းသပ်မှုများနဲ့ သုတေသနလုပ်ကိုင်ခြင်းများအရ အတည်ပြုပေးထားပြီး ဖြစ်ပါတယ်။
သံချောင်းတွေ နေရာမှာ အစားထိုး သုံးစွဲမယ့် ဝါးနဲ့ ပတ်သက်လို့ အရေးကြီးပြီး အရေးပါတဲ့အချက်များအဖြစ် လိုက်နာရမယ့် အချက်တွေ ရှိနေပါတယ်။

၁။ ရွေးချယ်တဲ့ ဝါးလုံးဟာ ဝါးအရင့် ဖြစ်ရပါမယ်။ အနည်းဆုံး သက်တမ်း ၃ နှစ် ရှိထားပြီးသား ဝါးပင်မှ ဝါးကို ခုတ်ယူရမှာ ဖြစ်ပါတယ်။

၂။ ဝါးခုတ်ချိန်ဟာ မိုးဦး၊ မိုးလယ်နဲ့ မိုးနှောင်းတို့ကို ရှောင်ရပါမယ်။ အဲဒီအချိန်တွေဟာ စိုထိုင်းနေတဲ့အချိန် ဖြစ်လို့ ဝါးလုံးခြောက်သွားချိန်မှာ ပျက်စီးလွယ်တဲ့ ဝါးလုံးတွေ ဖြစ်ပါတယ်။ နွေရာသီမှာ ခုတ်တဲ့ဝါးဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ 

၃။ လုံးပတ်အကြီးဆုံး အလျားအရှည်ဆုံး ဝါးတွေကို ရွေးချယ်ပါ။ ဝါးခြမ်းပြား အကျယ်က ၁.၉ စင်တီမီတာ (လက်မ သုံးမတ်- တစ်လက်မရဲ့ လေးပုံသုံးပုံ) ဝန်းကျင် ရှိရပါမယ်။ 

၄။  ကွန်ကရိလောင်းတဲ့အခါ သုံးစွဲမယ့် ဝါးတွေဟာ ဝါးအစိုမဟုတ်တော့ဘဲ အခြောက် ဖြစ်နေရမှာ ဖြစ်ပြီး ဆွေးတဲ့ဝါးလည်း မဖြစ်ရပါဘူး။ အရောင်ကို ကြည့်ရင်  ဝါးလုံးဟာ အစိမ်းရောင်ဖြစ်မနေဘဲ အညိုအဝါဘက်မှာ ရှိနေရပါမယ်။

၅။ ဝါးခြမ်းပြား ခွဲပြီးရင် အသုံးမပြုခင် သုံးပတ်မှ တစ်လ အခြောက်ခံထားရပါမယ်။ 

၆။ ရေလုံဆေး တစ်ထပ် (waterproof coating) သုတ်ပေးရပါမယ်။  ရေလုံဆေး မသုတ်ပါက ကွန်ကရစ်ထဲမှာ အသားပွ တတ်ပြီး ကွန်ကရစ်သားမှာ အက်ကြောင်း ပေါ်စေတတ်ပါတယ်။ အက်ကြောင်းမှ တစ်ဆင့် ပျက်စီးရာပျက်စီးကြောင်း ဆက်လက်ဖြစ်ပွားတတ်ပါတယ်။ 

သံချောင်းအစား ဝါးကို ထည့်သုံးတဲ့အတွက် ထွေထွေထူးထူး ပြောင်းလဲရန်အချက် မရှိပါ။ သံချောင်းထည့်ပြီး လောင်းသည့်အထိုင်းသာ လောင်းရမှာ ဖြစ်ပါတယ်။ 

ထောင်လိုက်အနေအထားမှာ အစားထိုး သုံးစွဲခြင်းထက် ပြင်ညီအနေအထား (ဥပမာ concrete slab) ကွန်ကရိလောင်းခြင်းအတွက် ပိုသင့်လျော်ပါတယ်။
 

How To Price List Tips Read 1556 times