ဖက်ဆစ် တော်လှန်ရေးကာလ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တနားခိုးခဲ့သည့် ဇရပ်ကို ပြန်လည်ပြုပြင်မွမ်းမံ


24 December, 2019

၁၉၃ဝ ပြည့်နှစ်တွင် အလှူရှင် ဦးချစ်+ဒေါ်ဧရှင်တို့က ဗိုလ်တဲ၊ ဗိုလ်ရုံပုံစံ ဆောက်လုပ် လှူဒါန်းထားပြီး ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု မယား မာန်ကျေးရွာ ရွှေနတ်တောင်စေတီတော်မြတ်ကြီး၏ အောက်ခြေရင်ပြင်တွင်ရှိသည်။

၁၉၄၅ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နားခိုခဲ့ပြီး ဖက်ဆစ်တို့အား စတင်တော်လှန်ရန် တစ်နိုင်ငံလုံးသို့ ကြေညာရန်အတွက် အစပျိုးခဲ့သည့် နေရာလည်းဖြစ်ကြောင်း သိရသည်။ ထိုကြောင့် ဇရပ်ကို သမိုင်းဝင်ဇရပ်အဖြစ် မှတ်တမ်းတင်ထားရှိကြောင်း ဇရပ်၏ရှေ့တွင် ရေးသားပြသထားသည့် မှတ်တမ်းအရ သိရသည်။

ယခုအခါ အဆိုပါဇရပ်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၇၅ သိန်း ဖြင့် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် ဦးစီးဌာနက မူလပုံစံမပျက်စီးစေရန် ပြန်လည်မွမ်းမံ ထိန်းသိမ်းထားကြောင်း သိရသည်။

ဇရပ်ဝင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်တုပုံတူ ထုလုပ်ထားရှိပြီး သမိုင်း အထောက်အထား ကမ္ပည်းကျောက်စာလည်း စိုက်ထူထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည်များကို အများပြည်သူများ လာရောက်လေ့လာနိုင်ရန်အတွက် Event Museum အဖြစ် ဖွင့်လှစ်နိုင်ရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဒေသခံ ရပ်မိ ရပ်ဖပြည်သူများ၏ အကူအညီ ရယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားခဲ့သည်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာတွင် ဖက်ဆစ် တော်လှန်ရေးကာလ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တနားခိုခဲ့သည့် သစ်သားဇရပ်အား ပြန်လည်ပြုပြင်မွမ်းမံပြီးစီးမှု အခြေအနေကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့သည်။

Region Read 161 times