ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်အထူးကုဆေးရုံသစ်ကို တည်ဆောက်မည်


11 December, 2019

ဒေါ်လာ ၇၇ သန်းခွဲကျော် တန်ဖိုးရှိ ခုနစ်ထပ် ရန်ကုန်အထူးကု ဆေးရုံသစ်ကြီးကို ဂျပန်နိုင်ငံ အကူအညီဖြင့် တည်ဆောက် ရန် ဧပြီ ၂၈ ရက်တွင် စတင်ပန္နက် ရိုက်ခဲ့သည်။
 
စီမံကိန်းသည် ၂ နှစ် ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၁ မတ်လ ၃၁ ရက်တွင် ပြီးစီးမည်ဟု ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ပြောကြားသည်။

‘‘မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဘီလီယံကျပ် ၄၀ ကျော် ထည့်ဝင်ပြီး ဆောက်လုပ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံ ပူးပေါင်းပြီး ရန်ပုံငွေထည့်ဝင်ပြီး ဆောက်လုပ်တဲ့ ပထမဆုံး စီမံကိန်းဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။

ထိုဆေးရုံကြီးသည် နှလုံးရောဂါအတွက် လူနာဗဟိုပြု ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရန်၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသရေး လုပ်ငန်းများနှင့် နှလုံးရောဂါ ခွဲစိတ်ကုသရေး လုပ်ငန်းများတွင် အဆင့်မြင့်နည်းပညာများ အသုံးပြု၍ ခွဲစိတ်ကုသရေး အဆင့်မြင့်လာ စေရန် ရည်ရွယ်သည်။

 မြန်မာနိုင်ငံတွင် ဆေးရုံတက်ရောက်မှုသည် ၂၀၁၃ တွင် ၁ ဒသမ ၈သန်းရှိရာမှ ၂၀၁၈ တွင် ၂ဒသမ ၉ သန်းအထိ မြင့်တက်လာခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောသည်။ မကူးစက်နိုင်သည့်ရောဂါကြောင့် သေဆုံးသူသည်၂၀၁၄ တွင် ၄၁ ရာခိုင်နှုန်းရှိပြီး၂၀၁၇ တွင် ၅၂ ရာခိုင်နှုန်းအထိမြင့်တက်လာသည်ဟု ဆိုသည်။ထိုထဲတွင် နှလုံးသွေးကြောရောဂါဖြင့် သေဆုံးမှုအများဆုံးဖြစ်သည်ဟု ဝန်ကြီးကပြောသည်။
 
ထို့ကြောင့် နိုင်ငံတကာအဆင့်မီနှလုံး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီးကို ဂျပန်အကူအညီနှင့် ဆောက်လုပ် ခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။
 
အဆိုပါ ဆေးရုံကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးနှင့် သူနာပြုတက္ကသိုလ်ကြား မြေ ၁၁ ဧကကျော်တွင် တည်ဆောက်မည်ဖြစ်သည်။
 
‘‘ဆေးရုံမြေနေရာက သမိုင်းအများကြီးရှိပြီးတော့ အင်မတန်ရှုပ်ထွေးနက်နဲစွာ ဖြတ်သန်းခဲ့ရတဲ့အခြေအနေတွေ ရှိခဲ့တယ်။ မူလက ပုဂ္ဂလိကပိုင် ဖြစ်တော့မယ့် အခြေအနေကနေ အခုလိုနိုင်ငံတော် အစိုးရရဲ့ ဆေးရုံတစ်ခုအနေနဲ့ တည်ဆောက်နိုင်ဖို့အတွက် ဝိုင်းဝန်းကြိုး ပမ်း ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 အဆိုပါ ဆေးရုံဆောက်လုပ်ခြင်းသည် မြန်မာနိုင်ငံသားများ နိုင်ငံခြားတွင် ဆေးကုသမှုများအစား ပြည်တွင်း၌သာ ကုသနိုင်ရန်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်က ဆိုသည်။

Institution Read 74 times