မြေကွက်နဲ့ လုံးချင်းတွေ ပိုအရောင်းအဝယ် ဖြစ်နေ ရန်ကုန်အိမ်ခြံမြေဈေးကွက်


18 July, 2022

မြေကွက်နဲ့ လုံးချင်းတွေ ပိုအရောင်းအဝယ် ဖြစ်နေ ရန်ကုန်အိမ်ခြံမြေဈေးကွက်

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်လောက်ကတည်းက အေးစက်ခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဟာ ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ပြန်လည်လှုပ်ခတ် လာခဲ့တာပါ။ လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ တိုက်ခန်းထက် မြေကွက်နဲ့ လုံးချင်းတွေ ပိုအရောင်းအဝယ် ဖြစ်နေပြီး ဈေးနှုန်းတွေကလည်း အနည်းငယ် မြင့်တက်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက သိရှိရပါတယ်။

နစကရဲ့ ဒေါ်လာဈေးပုံသေထားတဲ့ စနစ်အပြင်၊ စက်သုံးဆီဈေးများ နေ့စဉ်ထုတ်ပြန်နေတဲ့ စနစ်အောက်တွင် ဒေါ်လာကိုလည်း ဝယ်ယူစုဆောင်းခြင်း လုပ်လို့မရတော့သလို စက်သုံးဆီဈေး၊ ကားလေလံစနစ် ကောလဟလများအကြား ကားဈေးမတန်တဆ မြင့်တက်လာမှုနဲ့အတူ ရင်းနှီးမြှုပ်နှံ လိုသူများအတွက် အိမ်ခြံမြေဈေးကွက်ဟာ မျက်စိကျစရာ ဖြစ်လာနေတယ်လို့ အိမ်ခြံမြေနှင့် ပတ်သက်၍ လက်ရှိမြေဝယ်ယူထားသူ အသိုင်းအဝိုင်းက ဆိုပါတယ်။

မြေဝယ်ယူပြီး အိမ်ဆောက်နေတဲ့ ပြည်သူတစ်ဦးက“လွန်ခဲ့တဲ့နှစ်ပိုင်း ကိုယ်တိုင်ဝယ်တဲ့အချိန်က ဈေးက တစ်ထောင်ကျော်ကျော်၊ အဲ့ဒီပတ်ဝန်းကျင်ပဲရှိတာ။ အခုဆိုရင် ကိုယ့်ခြံနားက မြေတွေဆို ၆ထောင်၇ထောင် ဖြစ်လာပြီ။ လမ်းထောင့်အိမ်မျိုး အကွက်ကောင်းရင် သောင်းနဲ့ချီ တန်နေပြီ။ သူငယ်ချင်းတွေကလည်း ကိုယ်ဝယ်တဲ့နေရာနား ဝယ်ချင်လို့ အမြဲမေးတယ်။ သူငယ်ချင်း တစ်ယောက်ဆိုရင် အရင်ကတည်းက မြေကွက်တစ်ကွက် ဝယ်ထားတာ။ အခု အဲ့မြေကွက်နဲ့ တကွက်ကျော်က သိန်း၆ထောင်လောက် ခေါ်ထားတဲ့ နောက်ထပ်မြေကွက်ကို ဝယ်ဖို့လုပ်နေတယ်။ သူဆိုရင် နယ်မှာနေတာ၊ ပိုက်ဆံကို အဲလိုမြေတွေဝယ်ပြီး မြှုပ်ထားတာ”လို့ သူ့အတွေ့အကြုံကို MFNကို ပြောပါတယ်။

လက်ရှိမှာ အမှန်တကယ် နေအိမ်လိုအပ်ချက်ရှိသူ အများစုက တိုက်ခန်းထက် မြေကွက်နဲ့ မြေကွက်ပါ လုံးချင်းအိမ်တွေကို ဝယ်ယူလာကြပြီး တိုက်ခန်းတွေကတော့ ယခင်ကထက် အရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်လာနေလို့ ပြန်ဝယ်ရောင်းသမားတွေက အဝယ်ပိုများနေသလို အိမ်အဌား ဈေးကွက်ကတော့ အရောင်းထက် ပိုမိုရှိနေတယ်လို့ မြို့နယ်အချို့က အကျိုးဆောင်တွေက ဆိုပါတယ်။

အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက“တိုက်ခန်းတွေက အဌားက ပိုဖြစ်တယ်။ လွန်ခဲ့တဲ့ ၄လလောက်ကဆိုရင် တစ်ဦးထွက်သွားရင် အဌား နောက်တစ်ဦးရဖို့ လနဲ့ချီကြာတယ်။ အခုက လွတ်နေပြီဆိုတာနဲ့ ချက်ချင်းဌားမယ့်သူတွေ ပေါ်လာတယ်။ နောက်အရောင်းကလည်း နည်းနည်း ပြန်သွက်လာတယ်။ အထူးသဖြင့် ရပ်ကွက်ကောင်းတဲ့ နေရာဆိုရင် ချက်ချင်းဝယ်တယ်။ တချို့ကလည်း ဝယ်ပြီးတာနဲ့ အိမ်ဌား တန်းတင်ချင်တယ်။ အဲ့ဒါလည်း ဌားမယ့်သူ ချက်ချင်းရတာပဲ”လို့ သူ့အတွေ့အကြုံကို MFN သို့ ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းဈေးတွေကလည်း မြင့်တက်လာတာတွေကြောင့် ရန်ကုန်မှာရှိတဲ့ အိမ်ခြံမြေ တိုက်ခန်း ဈေးနှုန်းတွေဟာ အရင်နှစ်တွေကထက် ဈေးနှုန်းတွေ မြင့်တက်လာနေသလို နှစ်အတန်ကြာ အရောင်းအဝယ် ထိုင်းမှိုင်းခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေ စျေးကွက်ဟာ ကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ အရောင်းအဝယ် ပြန်ဖြစ်လာလို့ စျေးကွက်အနည်းငယ် ပြန်လှုပ်လာတဲ့ သဘောတွေ့ရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

အခုရက်ပိုင်းမှာ မြေကွက်အရောင်း အများကြီး ရှိလာတာနဲ့ ပတ်သက်လို့ မြောက်ဒဂုံမြို့နယ်က အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက“အရင်ကဆိုရင် မြောက်ဒဂုံမှာ ထောင်နဲ့ချီတဲ့ မြေဆိုရင် သိပ်မမေးကြဘူး။ အခုဆိုရင် မြေကြီးပဲ သိန်း၆ထောင်လောက် ပေါက်နေတာတောင် လာကြည့်တဲ့သူတွေက နေ့တိုင်းပဲ။ အိမ်ပါပါတဲ့ မြေဆိုရင် ပိုဝယ်ကြတယ်။ တချို့ကလည်း မြေဝယ်ထားပြီး အိမ်ဆောက်ဖို့ ဝယ်ကြတယ် လူတွေလည်းရှိတယ်။ ရန်ကုန်မြို့က ဆင်ခြေဖုံး မြို့နယ်က မြေကွက်တွေ ပိုမိုအရောင်းအဝယ် ဖြစ်နေတယ်။ အနိမ့်ဆုံး ကျပ်သိန်း၆၀၀ကနေ အမြင့်ဆုံးကျပ်သိန်း၅သောင်း၊ ၆သောင်း တန်ဖိုးရှိတဲ့ မြေကွက်နဲ့ လုံးချင်းတွေ အရောင်းအဝယ် ဖြစ်နေတယ်”လို့ ပြောပါတယ်။

ထို့သို့ အိမ်ခြံမြေ ဈေးအဆမတန် တက်လာချိန်မှာ အိမ်ခြံမြေ ဈေးကွက်အပေါ် သက်ရောက်လာတဲ့ အခြေအနေတွေနဲ့ ဘယ်လိုလှုပ်ရှား ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့် ရမှာပဲဖြစ်ပြီး စာဖတ်သူတွေအနေနဲ့လည်း အိမ်ခြံမြေဈေးကွက်နဲ့ ပတ်သက်လို့ မိမိတို့ရဲ့ ကြုံတွေ့နေရမှုတွေ၊ ပြောပြလိုတဲ့ အကြောင်းအရာတွေကို မှတ်ချက်မှာ ဝင်ရောက်ပြောဆို နိုင်ပါတယ်။

ရင်းမြစ် : mmgpmedia

Real Estate & Properties Read 838 times