Yangon New World စီမံကိန်းနှင့် ပတ်သက်၍သတင်းစာရှင်းလင်းပွဲပြုလုပ်


06 December, 2020

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိမြရိပ်ညိုဟိုတယ်ဟောင်း မြေနေရာတွင် Yangon New World စီမံကိန်းနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိစ္စအား အောက်တိုဘာ ၃ရက်က တပ်မြို့စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)ရုံးတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

           အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီမှ စစ်ထောက်ချုပ်ရုံးနှင့် ချုပ်ဆိုထားသော MOA စာချုပ်အား ဇေကမ္ဘာကုမ္ပဏီမှ လိုက်နာခြင်းမရှိသည့် အပြင်ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံနှစ်လုံးအား ဖြိုဖျက်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုချက်မရှိဘဲ ခွင့်ပြုထားသကဲ့သို့သတင်းများနိုင်ငံပိုင်သတင်းစာတွင် မှားယွင်းထည့်သွင်းဖော်ပြခဲ့ခြင်းတို့ကြောင့် ဇေကမ္ဘာကုမ္ပဏီမှ တပ်ပိုင်မြေနေရာတွင် စီးပွားရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့်မပြုဘဲ ရုပ်သိမ်းကြောင်း တပ်မြို့စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)ရုံးမှ အတွင်းရေးမှူးက ရှင်းလင်းပြောကြားခဲ့သည်။

            စစ်ထောက်ချုပ်ရုံးနှင့်ဇေကမ္ဘာကုမ္ပဏီလိမိတက်အနေနှင့် ၁၆.၁.၂ဝ၁၄ တွင် MOA စာချုပ်ချုပ်ဆိုပြီး ဟိုတယ်လုပ်ငန်းများဆောင်ရွက်စေခဲ့ပါတယ်။ကုမ္ပဏီမှ မြေအသုံးချမှုအတွက်စာချုပ်ချုပ်ဆိုပြီး နှစ်နှစ်အတွင်း ငါးကြိမ်ပေးသွင်းရမည်ဖြစ်သော်လည်း ၎င်းတို့အနေနှင့် နှစ်ကြိမ်သာပေးသွင်းခဲ့ပါတယ်။ကျန်ငွေများကို ယနေ့အချိန်အထိပေးသွင်းမှုမရှိသေးပေ။ကုမ္ပဏီအနေနှင့် BOT စာချုပ်ချုပ်ဆိုခြင်းမပြုမီ သက်ဆိုင်ရာသို့ တင်ပြခွင့်ပြုချက်မရှိဘဲ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံနှစ်လုံးနှင့်အခြားအဆောက်အအုံနှစ်လုံးတို့ကိုဖြိုဖျက်ခဲ့တာတွေကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းကြောင့် ၂ဝ၁၈ ခုနှစ် ၅လပိုင်း ၁ဝ ရက်တွင် ဇေကမ္ဘာကုမ္ပဏီလိမိတက်၏ ဥက္ကဋ္ဌဖြစ်သူထံမှ လုပ်ငန်းများအား ဆက်လက်လုပ်ရန် အကြောင်းမရှိသည့်အတွက်လုပ်ငန်းပိတ်သိမ်းဆောင်ရွက်ရန်အကြောင်းကြားခဲ့ကြောင်း တပ်မြို့စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)ရုံးမှ အတွင်းရေးမှူးမှ ပြောကြားသည်။

"ပိတ်သိမ်းတယ်ဆိုတာအားလုံးကို ပိတ်သိမ်းတာပါ။ကျွန်တော်တို့က MOA ချုပ်ထားသည့်မြေဧကအားလုံးကို ပိတ်သိမ်းတာပါ။ကျွန်တော်တို့ BOT မချုပ်တော့ဘူး၊လုပ်ပိုင်ခွင့်ကိုပါ ပိတ်သိမ်းတာပါ"ဟု အတွင်းရေးမှူး မှ ပြောကြားခဲ့သည်။

           လက်ရှိတွင် ဇေကမ္ဘာကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် China State Construction Engineering Corporation နှင့် ပူးပေါင်း၍ ဒေါ်လာသန်း ၅ဝဝ ရင်းနှီးမြှုပ်နှံပြီး Yangon New World စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရသည်၊၂ဝ၁၄ ခုနှစ်တွင်ချုပ်ဆိုထားသော MOA စာချုပ်ပါ စည်းကမ်းများအား လိုက်နာခြင်းမရှိသည့်အပြင် ရှေးဟောင်းသမိုင်းအဆောက်အအုံနှစ်လုံးတို့အားဖြိုဖျက်ခဲ့ခြင်း၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုချက်မရှိဘဲ ခွင့်ပြုထားသကဲ့သို့အတည်ပြုသတင်းများ ထည့်သွင်းဖော်ပြခဲ့ခြင်းတို့အား တွေ့ရှိရသဖြင့် ၎င်းဆောင်ရွက်မှုများအား ကန့်ကွက်ကြောင်းနှင့် ဇေကမ္ဘာကုမ္ပဏီမှ တပ်မတော်ပိုင်မြေနေရာတွင် စီးပွားရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့်မပြုဘဲ ရပ်ဆိုင်းရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

           ထို့ပြင်တပ်မတော်ပိုင်မြရိပ်ညိုဟိုတယ်မြေ၊ဟိုတယ်ဝန်းအမှတ်(၂) မြေဧရိယာ ၆ ဒဿမ ၈၇၉ ဧက အတွင်းဆောက်လုပ်ထားသော အဆောက်အဦး၁၂လုံးအနက်မြို့တော်ဝန်အိမ် House(C)၊Show Room၊House(D)နှင့် House(E)အဆောက်အအုံလေးလုံးအား ဇေကမ္ဘာကုမ္ပဏီမှ ဖျက်သိမ်းခဲ့ရာ အဆိုပါအဆောက်အအုံလေးလုံးတို့တွင် မြို့တော်ဝန်ဧည့်ဂေဟာဟောင်း House(D)နှင့် House (C)သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရှေးဟောင်းလက်ရာအဆောက်အအုံအဖြစ်သတ်မှတ်ကြောင်း ၁၉၉၆ ခုနှစ် ဇွန်လတွင် ကြေညာခဲ့သောရှေးဟောင်းလက်ရာအဆောက်အအုံစာရင်းဝင်ဖြစ်ကြောင်းကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမှတ်(၉၅၄)ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ)တပ်မှူးထံ အကြောင်းပြန်ခဲ့ကြောင်းသိရသည်။

Events Read 89 times