ရန်ကုန်ကဈေးကြီးတွေကို တစ်ပတ်အတွင်း ပြန်ဖွင့်ခွင့်ပေးမယ်


26 January, 2021

ရန်ကုန်က မင်္ဂလာဈေးအပါအဝင် ပိတ်ထားတဲ့ဈေးကြီးတွေကို အခုတစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်ခွင့် ပေးမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွဲဖက်အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်ကပြောပါတယ်။

“အကြာကြီးပိတ်ထားလို့လဲမဖြစ်နိုင်ဘူး စီးပွားရေးအရလည်ပတ်ဖို့လဲ လိုတော့ကျွန်မတို့ရက်ပိုင်းအတွင်း ဒီအပတ်အတွင်းခွင့်ပြုပေးသွားဖို့ရှိတယ်။ တစ်ခုပဲပြည်သူတွေဘက်ကကျန်းမာရေးနဲ့အညီစည်ကမ်းတကျ လိုက်နာဆောင်ရွက်ပေးစေလိုပါတယ်" လို့ ဒေါ်သန်းမြင့်အောင်ကပြောပါတယ်။

ဈေးတွေမှာ မဖြစ်မနေ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ကတော့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၊ လက်ဆေးတာ မက်စ်တပ်တာတွေအပြင် ကျန်းမာရေးနဲ့အညီ စည်းကမ်းလိုက်နာစွာရောင်းချသွားဖို့ ဒေါ်သန်းမြင့်အောင် တိုက်တွန်းပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သက်ဆိုင်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကဈေးတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ လိုက်နာကျင့်သုံးရမယ့်ကိစ္စတွေကို လည်းဈေးကော်မတီတွေနဲ့ညှိုနှိုင်းပြီး ပြန်လည်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်က ပုဂ္ဂလိကပိုင် ယုဇနပလာဇာလိုဈေးကြီးတွေကတော့ ပြန်လည်ဖွင့်လှစ်နေပါပြီ။

ဒါ့အပြင်ရန်ကုန်မြို့တော်စည်ပင်သာယာအောက်က အသားငါးနဲ့ဟင်းသီးဟင်းရွက်ဈေးတွေကိုလည်း ကိုဗစ်ကာလအတွင်းမပိတ်ဘဲ ဖွင့်လှစ်ပေးထားတာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်မှာ ဈေးပေါင်း ၁၈၄ ဈေး ရှိပါတယ်။

ဈေးတွေကို ပြန်လည်ဖွင့်လှစ်တဲ့အခါမှာ စည်းကမ်းလိုက်နာမှု မရှိတဲ့ဆိုင်တွေကို ပထမအဆင့်မှာ သတိပေးမှာဖြစ်ပြီး ဒုတိယအဆင့်မှာအရေးယူမှု တွေလုပ်ဆောင်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။

ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကာလတွေမှာ ရန်ကုန်မှာ စားသောက်ကုန်နဲ့ဆေးဝါးရောင်းချမှုကလွဲလို့ ဈေးကြီးတွေကဆိုင်တွေကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

ဒုတိယလှိုင်းဖြစ်ပွားပြီးရန်ကုန်ကဈေးကြီးတွေကိုစတင်ပိတ်သိမ်းခဲ့တာဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တာဖြစ်ပြီးအခုဆိုရင် လေးလပြည့်တော့မှာပဲဖြစ်ပါတယ်။

ကိုဗစ်ကာလဖြစ်လို့ ဈေးရောင်းသူတွေရော ဈေးဝယ်သူတွေပါ ကိုဗစ်စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး စည်းကမ်းမလိုက်နာတဲ့ဆိုင်တွေကို ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ယုဇနပလာဇာရဲ့ အုပ်ချုပ်မှုတာဝန်ခံ ဦးမျိုးမင်းစိုးက ပြောပါတယ်။

ဒါ့အပြင် အရင်က ပလာဇာကို လာရောက်သူတွေအနေနဲ့ ဝင်ပေါက် ၂၈ ပေါက်ကို အသုံးပြုခွင့်ရရှိပေမယ့်၊ အခုကိုဗစ်ကာလမှာတော့ ဝင်၊ ထွက်ပေါက် ၅ ပေါက်ကိုသာ အသုံးပြုခွင့်ပေးထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီ ဝင်၊ ထွက်ပေါက်တွေမှာ ဈေးတာဝန်ခံတွေက ကိုယ်အပူချိန်တိုင်းတာ၊ လက်ဆေးတာတွေကို ပြုလုပ်စေမှာပါ။

ရန်ကုန်မြို့က နာမည်ကျော်ဈေးကြီးတွေဖြစ်တဲ့ မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေးနဲ့ ယုဇနပလာဇာတို့ကို ကိုဗစ် ပထမလှိုင်းတုန်းက ခေတ္တပိတ်ထားခဲ့ပြီး ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။

နေးရှင်းမြန်မာ

Local Read 774 times