ရုံးခန်းနေရာများ ငှားရမ်းနိုင်မည့် Yangon Innovation Center


12 September, 2019

ပြည်တွင်း၌ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ရန် ပထမဆုံးရင်းနှီးမြှုပ်နှံရမည့် ငွေကြေးမှာ အခန်းငှားရမ်းခဖြစ်သည်။ ရန်ကုန်မြို့ရှိ အခန်းငှားရမ်းခဈေးမြင့်တက်ခြင်းသည် လုပ်ငန်းစတင်လုပ်ကိုင်သူများအတွက် ကြီးမားသည့် အဟန့်အတားတစ်ခုသဖွယ် ဖြစ်နေသည်။

 အဆိုပါအခက်အခဲများအတွက် ရန်ကုန် တီထွင်ဆန်းသစ်မှုစင်တာက ကူညီပေးနေပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ရုံးခန်းနေရာအသုံးပြုခကို ဈေးနှုန်းအသက်သာဆုံး သတ်မှတ်ထားသည်ဟုYangon Innovation Center၏ စီအီးအို ဦးရာဗီက ဆိုသည်။

 Yangon Innovation Center တွင် လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်မည်ဆိုပါက နေရာအသုံးပြုခွင့်အတွက် အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာ၊ လုပ်ငန်းလုပ်ကိုင်ပြီး စီးပွားရေးလုပ်ငန်းအတွက် လိုအပ်သည့် သင်တန်းများ တက်ရောက်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၅၀၊ ကျောင်းသားဖြစ်ပါက အမေရိကန်ဒေါ်လာ ၃၆ ဒေါ်လာ သတ်မှတ်ထားသည်။

 သို့သော် ကျောင်းသားအဖြစ် အတည်ပြုချက်ရရှိရန် Yangon Innovation Center သို့ တိုက်ရိုက်လျှောက် ထားရမည်ဖြစ်ပြီး လုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိမည်ဖြစ်သည်။   

 "လူဦးရေ ဘယ်နှစ်ယောက်လဲ၊ လုပ်ငန်းက လူမှုပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုလဲ စတာတွေ တော့တင်ပြရမယ်။ လုပ်ငန်းလုပ်နေတာကြာပေမဲ့ ခရီးမရောက်ဘူးဆိုရင် ဒီမှာ သင်တန်းတွေတက်ပြီး ဆက်လုပ်လို့ရတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒါနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ကျွန်တော်တို့ နောက်ထပ်လူငယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့အချက်တွေ ပြင်ဆင်ရေးဆွဲထားတယ်"ဟု ရန်ကုန်တိုင်းဒသေကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် များအသင်း၏ဥက္ကဋ္ဌ ဦးသန်းထိုက်လွင်က ပြောသည်။

 မိမိတို့တွင် တီတွင်ဆန်းသစ်နိုင်သော စိတ်ကူးများ ရှိပါက အဆိုပါစင်တာနှင့် ချိတ်ဆက်နိုင်ပြီး တစ်ကိုယ်ရည်တစ်ကာယ အလွတ်တန်းအလုပ်လုပ် ကိုင်ချင်သူများ၊ ကိုယ်ပိုင်အလုပ်လုပ်ချင်ပြီး ရုံးခန်းအတွက် ငွေအများကြီးမသုံးချင်သူများအတွက် ငွေကျပ် ၇၅ဝဝဝ မှစတင်ကာ နိုင်ငံတကာ အဆင့်မီ ရုံးခန်းများကို အသုံးပြုနိုင်မည်ဖြစ်သည်။ စီးပွားရေးပညာရှင်များ၊ ရင်းနှီးမြှုပ်နှံမည့်သူများနှင့် ရင်းနှီးမြှုပ်နှံမည့်သူများကို စီမံခန့်ခွဲမှုများအားလုံး အတွက်Yangon Innovation Center  က ချိတ်ဆက် ပေးမည်ဖြစ်သည်။

 "အလည်လာချင်လည်းရတယ်၊ စီးပွားရေးလုပ်ငန်း လုပ်ချင်တယ်ဆို အဆင်ပြေတယ်၊ ဒီမှာလုပ်မယ့် နည်းပညာနဲ့ ပတ်သက်တဲ့ ပြပွဲတွေကိုလည်း အခမဲ့လေ့လာနိုင်တယ်"ဟု ဦးရာဗီက ဆက်လက်ပြောသည်။

 Yangon Innovation Center  ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့်Seedstar ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ပြီး ဇူလိုင် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 Yangon Innovation Center  တွင် နည်းပညာနှင့် ပတ်သက်ဆက်နွှယ်သည့် လုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းများကိုသာ အဓိကဦးစားထားလက်ခံပြီး အခြားသော စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများလည်း ချိတ်ဆက်လုပ်ကိုင် နိုင်သည်။ 

Public Housing Read 447 times