လာမည့်နှစ်တွင် အပြီးသတ်စာချုပ် ချုပ်ဆိုမည့် ရန်ကုန်ဘူတာကြီးစီမံကိန်း


01 August, 2019

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အပြီးသတ်စာချုပ် ချုပ်ဆိုမှုများကို လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ် ချုပ်ဆိုမည်ဖြစ်ကြောင်း Mottama Development ကုမ္ပဏီထံမှ သိရသည်။

“ညှိနှိုင်းမှုတွေအဆင့်ဆင့် လုပ်ဆောင်နေတယ်။ မီးရထားဘက်ကလည်း ဒီစီမံကိန်းစတင်နိုင်ဖို့ စာချုပ်ချုပ်တာတွေကို ပြီးချင်နေပြီ။ သက်ဆိုင်ရာဌာနတွေဘက်က ခွင့်ပြုချက်တွေယူပြီးရင် နောက်နှစ်လောက် အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်အောင် စီစဉ်နေပါတယ်”ဟု Mottama Development ကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်မောင်ထွန်းက ပြောဆိုသည်။

အဆိုပါရန်ကုန်ဘူတာကြီးစီမံကိန်းကို ၈ နှစ် အပြီးတည်ဆောက်မည်ဖြစ်ပြီး စုစုပေါင်းမြေဧက ၆၀ ကျော်ထဲမှ အဆောက်အအုံများ တည်ဆောက်ခြင်းအတွက် ဧက ၂၀ ကျော်ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကုန်ကျခံမည့် ယင်းစီမံကိန်းအတွင်း မူလမီးရထားရုံနှင့် ခေတ်သစ် အဆောက်အအုံပုံစံများကို အချိုးကျ ပူးပေါင်းဆောက်လုပ်မည်ဖြစ်ကြောင်း Mottama Development ကုမ္ပဏီထံမှ သိရသည်။

 ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် မြန်မာနိုင်ငံမှ မင်းဓမ္မကုမ္ပဏီက ၄၀ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို စင်ကာပူအခြေစိုက် Oxley Holdings ကုမ္ပဏီနှင့် Sino Great Wall ကုမ္ပဏီတို့က ၃၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်မည်ဖြစ်သည်။

 မင်းဓမ္မကုမ္ပဏီသည် မုတ္တမဟိုးလ်ဒင်း၏လက်အောက်ခံကုမ္ပဏီခွဲ ၂၃ ခုအနက် တစ်ခုဖြစ်သည်။ စီမံကိန်းတွင် ပါဝင်သည့် Oxley Holdings ကုမ္ပဏီမှာ ဂျပန်၊ ဩစတြေးလျ၊ အိုင်ယာလန်နှင့် အင်္ဂလန်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စင်ကာပူအခြေစိုက် အများပိုင် စတော့ဈေးကွက် ကုမ္ပဏီဖြစ်ကြောင်း Mottama Development ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Factory and Industrial Plant Read 41 times