ကမ္ဘာ့သက်တမ်း အရင့်ကြာဆုံး ဆောက်လုပ်ရေးကုမ္ပဏီ ကျဆုံးခန်း


01 March, 2020

နှစ်ပေါင်း ၁,၄၂၈ နှစ်ကြာပြီးနောက် ကမ္ဘာပေါ်တွင်သက်တမ်း အရင့်ဆုံး ဆောက်လုပ်ရေးလုပ်ငန်း ကျရှုံးသွားခဲ့သည်။

အခြားကုမ္ပဏီတစ်ခုအောက်သို့ ရောက်ရှိသွားခဲ့သည်။

အေဒီ ၅၇၈ တွင် Shigemitsu Kongo အမည်ရှိ ကိုရီးယားလူမျိုးတစ် ဦး သည် ဂျပန်တော်ဝင်မိသားစု၏ ဖိတ်ကြားမှုဖြင့် ဂျပန်သို့သွားရောက်ခဲ့သည်။
ထိုအချိန်က ဂျပန်၌ ဗုဒ္ဓဘာသာ ထွန်းကားလာနေချိန်ဖြစ်သည်။ ဗုဒ္ဓဘာသာကို လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်ကမှ စတင်မိတ်ဆက်ခဲ့သော်လည်း တော်ဝင်မိသားစု သိုင်းအဝိုင်းက ဂျပန်တစ်လွှားတွင်ဗုဒ္ဓဘာသာကို လက်ခံယုံကြည်ရန် တက်ကြွစွာ အားပေးခဲ့သည်။
ဂျပန်လူမျိုးများသည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်ခြင်းတွင် အတွေ့အကြုံမရှိသောကြောင့် နိုင်ငံခြားသို့ အကူအညီတောင်းခဲ့သည်။
ထိုလစ်ဟာချက်သည် Kongo ဝင်ရောက်လုပ်ကိုင်သောနေရာဖြစ်သည်။

Shigemitsu Kongo သည်ကျော်ကြားသော ဗိမ္မာန်တော်တည်ဆောက်သူဖြစ်ပြီး ဂျပန်ရှိ တော်ဝင်မိသားစုသည် ယနေ့တွင် အိုဆာကာတွင် ရှိနေဆဲဖြစ်သော Shitenno-ji ဘုရားကျောင်းကို ဆောက်လုပ်ရန် တာဝန်ပေးခဲ့သည်။

Kongo ဟာ မယုံနိုင်လောက်သည့် အခွင့်အလမ်းကို မြင်ခဲ့သည်။ ဗုဒ္ဓဘာသာသည် အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာနေပြီ။ ဆယ်စုနှစ်များစွာ ဘုရားကျောင်းများ ဆောက်လုပ်ခြင်းဖြင့် အလုပ်မပြတ်ရနေနိုင်ကြောင်း သူသိသည်။
တကယ်လည်း အလွန်ကြာမြင့်စွာ အလုပ်ရနေခဲ့သည်မှာ ရာစုပေါင်း ၁၄ ခုတိုင်တိုင် ကြာမြင့်ပြီးသည့်တိုင် အလုပ်မပြတ် ရနေဆဲဖြစ်သည်။

Shigemitsu Kongo သည် အေဒီ ၅၇၈ တွင် သူ၏ ဆောက်လုပ်ရေးကုမ္ပဏီ Kongo Gumi ကို စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘုရားကျောင်းများ ဆောက်လုပ်သည့် ကိုရီးယားလူမျိုးပိုင် ဆောက်လုပ်ရေးလုပ်ငန်းအဖြစ် နှစ်ပေါင်း ၁,၄၂၈ သက်တမ်း ကြာမြင့်ခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းကို အသာထား၊ မည်သည့် စီးပွားရေးလုပ်ငန်းမဆို ဤမျှနှစ်ပေါင်း ၁၄၀၀ ကျော်း ကြာရှည်နိုင်ခြင်းသည် ထူးခြားသည်။

၂၀၀၄ ခုနှစ်နှောင်းပိုင်း၌ပင် အမေရိကန်ဒေါ်လာသန်း ၆၀ ထက်ကျော်လွန်သောကုမ္ပဏီ၏ နှစ်စဉ်၀ င်ငွေ၏ ၈၀% ကျော်ကို ဗိမ္မာန်တော်အဆောက်အအုံ ဆောက်လုပ်ရေးမှ ရရှိခဲ့သည်။

သို့သော် လွန်ခဲ့သည့် တစ်ဆယ်နှစ်ခန့်က သူတို့စုဆောင်းခဲ့သော ကြွေးမြီများကြောင့် ကုမ္ပဏီသည်နောက်ဆုံးတွင် ကျရှုံးသွားခဲ့သည်။

၎င်းသည် ၁၉၈၀ ပြည့်လွန်နှစ်များက စတင်ခဲ့သည်။ ဂျပန်တွင် ချေးငွေများ ရယူဖို့ အရမ်းလွယ်ကူနေသည်။ ဘဏ်များက အထိန်းအကွပ်မရှိ ငွေများ ထုတ်ချေးနေရာ ငွေကို လိုချင်သလောက် ချေးလို့ ရနေစေသည်။
ဘဏ်များက အတိုးနှုန်းကို နှိမ့်ချထားသည့်အပြင် ပြန်ဆပ်ရမည့် သက်တမ်းကို ဆွဲဆန့်ပေးထားသည်။ ထိုအခါ ဘဏ်ချေးငွေဖြင့် အိမ်ခြံမြေ ဝယ်ခြမ်းကြသည်။ မြေဈေးတွေ ထိုးတက်ကုန်သည်။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း တိုကျိုရှိ ဧကရာဇ်နန်းတော်၏ မြေနေရာများသည် ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးရှိ အိမ်ခြံမြေများအားလုံးထက် ပိုမိုတန်ကြေးရှိသည့်အဖြစ်သို့ ရောက်သည်အထိ မြေဈေး ကောင်းသည်။
အကယ်စင်စစ် ဆပ်ပြာပူဖောင်းသဖွယ် ဖောင်းတက်နေခြင်း ဖြစ်သည်။ ဤပူဖောင်း၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ဘဏ်များသည် သူတို့၏ချေးငွေစံနှုန်းများကို လျှော့ချလိုက်ပြီ းမည်သူမဆိုကို ချေးငွေမျာ းထုတ်ချေးခဲ့ကြသည်။

များစွာသော ဂျပန်ကုမ္ပဏီများသည် လွယ်လွယ်ရသော ဘဏ်ချေးငွေများကို ချေးကြသည်။ လုပ်ငန်းချဲ့ထွင်ရန် စိတ်ကူးများ အကောင်အထည် ဖော်ကြသည်။ ထိုအထဲတွင် Kongo Gumi ပါဝင်သည်။ ချေးငွေ တနင့်တပိုး ရယူခဲ့သည်။

ချေးငွေသည် လူကြိုက်များသော မူးယစ်ဆေးဝါးနှင့်တူသည်။ လူတိုင်း လိုက်လုပ်ကြသည်။ သူလည်းချေး ကိုယ်လည်းချေး ဘဏ်ချေးငွေကို လွယ်လွယ်ရ လွယ်လွယ်ချေးကြသည်။

၁၉၈၉ ခုနှစ်တွင် ပူဖောင်းပေါက်ကွဲသည့်အခါ အိမ်ခြံမြေ စျေးနှုန်းများ ကျဆင်းခဲ့သည်။ ချေးငွေ အကြီးအကျယ် ယူထားသော ကုမ္ပဏီများမှာ လက်ထဲ ရှိသည့် ပိုင်ဆိုင်မှုတန်ဖိုး တရိပ်ရိပ်ကျဆင်းကုန်ရာ
ဘဏ်ကြွေးများသာ ကျန်တော့သည်။

Kongo Gumi သည် စီးပွားရေးမှ လုပ်ငန်ပြုတ်သွားခြင်း မရှိချေ။ ဆက်မျောထားနိုင်ခဲ့သည်။ သို့သော် အားချည့်နဲ့သွားသည်။ ဘဏ်ချေးငွေ အတိုးနှုန်းမှာ စံချိန်တင်နိမ့်ကျနေသော်လည်း ရရှိသည့် ဝင်ငွေသည် တိုးရင်းပေါင်း ပေးဆပ်ဖို့ အနိုင်နိုင် ဖြစ်လာသည်။ ပိုမိုဆိုးရွားလာခဲ့ရာ ကုမ္ပဏီ၏ ၀ င်ငွေက အကြွေးတွေ ပြန်ဆပ်ဖို့မလုံလောက်တော့ချေ။
၂၀၀၆ မှာ မလွဲမရှောင်သာတော့သဖြင့် Kongo Gumi ကို ထုခွဲရောင်းချလိုက်ရတော့သည်။
ဤကုမ္ပဏီသည် နှစ်ပေါင်း ၁၄၀၀ ကျော်ကြာ တည်တံ့ခဲ့သည်။
ဤကုမ္ပဏီသည် မရေမတွက်နိုင်သော နိုင်ငံရေးအကျပ်အတည်းများ၊ စစ်ပွဲများနှင့် သဘာဝဘေးဒဏ်များမှလွတ်မြောက်ခဲ့သည်။ သို့သော် အိမ်ခြံမြေကို အရင်းတည်သော ဘဏ်ချေးငွေများထဲ ကြွေးနွံနစ်ခဲ့သည်။

Kongo Gumi ကို ဇန်နဝါရီလ ၂၀၀၆ ခုနှစ်တွင် ထုခွဲရောင်းချရာ ဆောက်လုပ်ရေးလုပ်ငန်းစု Takamatsu Construction Group က ဝယ်ယူလိုက်သည်။

Kongo Gumi သည် မိသားစုပိုင် လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ရာ မျိုးဆက် ၄၀ တိုင်တိုင် လက်လွှဲပေးခဲ့ကြသည်။ သားဖြစ်စေ၊ သမီးဖြစ်စေက အမွေဆက်ခံပြီး လက်လွှဲယူခဲ့သည်။
ထုခွဲရောင်းချခြင်း မတိုင်ခင်နှစ်ဖြစ်သော ၂၀၀၅ ခုနှစ်တွင် တစ်နှစ်ဝင်ငွေ အမေရိကန်ဒါ်လာ သန်း ၇၀ ဝန်းကျင် ရှိခဲ့သည်။ ဗုဒ္ဓဘုရားကျောင်းများကိုသာ အထူးပြု တည်ဆောက်သည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ နောက်ဆုံး အကြီးအကဲမှာ Masakazu Kongō ဖြစ်သည်။ Kongo Gumi ၏ ၅၀ဦးမြောက် အကြီးအကဲ ဖြစ်သည်။ Takamatsu Construction Group က Kongō Gumi ကို ဝယ်ယူလိုက်ခြင်းသည် လုပ်ငန်းကို ဝယ်ယူခြင်းထက် Kongō Gumi အမည်ကို ဝယ်ယူခြင်း ဖြစ်သည်။ Kongō Gumi ကို ဝယ်ယူလိုက်ပြီးသောအခါ Kongogumi Engineering Co Ltd ဟု ကုမ္ပဏီအသစ်တစ်ခု ထူထောင်လိုက်သည်။ သို့ဖြစ်ရာ Kongogumi ဟူသော အမည်သည် ဆက်လက်အသက်ရှင်နေဆဲ ဖြစ်သည်။

Global Read 58 times