စင်ကာပူမှာ ၁၁ လအတွင်း ပြတင်းပေါက် ၄၃ ကြိမ်ပြုတ်ကျ


13 December, 2021

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာအတွင်း ပြတင်းပေါက် ပြုတ်ကျခဲ့တဲ့ ကြိမ်ရေ ၄၃ ကြိမ် ရှိခဲ့ပါတယ်။ ၄၃ ကြိမ်စလုံးမှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ 

ပြုတ်ကျတဲ့ ပြတင်းပေါက်တွေမှာ ၂၂ ခုက ပတ္တာများဖြင့် တပ်ဆင်ထားတဲ့ ပြတင်းပေါက်တွေ ဖြစ်ပါတယ်။ လျှောတိုက်ဖွင့်ရတဲ့ ပြတင်းပေါက် ၁၆ ခု ပါဝင်ပါတယ်။ ကျန်တဲ့ ၅ ခုက တရုတ်ကတ်နဲ့ အခြားအမျိုးအစားများ ဖြစ်ပါတယ်လို့ Building and Construction Authority (BCA) နဲ့ Housing Board တို့က အသိပေးပြောကြားခဲ့ပါတယ်။ တိုက်ခန်းပိုင်ရှင်တွေကို ပြတင်းပေါက်တွေ ကြံ့ခိုင်ရေး ဂရုစိုက်ဖို့ အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၀ ခုနှစ် ပထမ ၁၁ လ အတွင်း ပြတင်းပေါက် ၄၉ ခု ပြုတ်ကျခဲ့တဲ့အတွက် ယခုနှစ်က ၃ ခု လျော့နည်းပါတယ်။

ပြုတ်ကျတဲ့ ပြတင်းပေါက်တွေကို စစ်ဆေးခဲ့တာမှာ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုက အလူမီနီယမ် သံမှိုတွေ စွဲထားတာ ဆွေးပြီး ပြုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ရွှဲ့စောင်းပြီး ဘောင်ထဲကို တခါးရွက်က ပြန်ဝင်လို့ မရတော့ဘဲ အောက်ပြုတ်ကျတာ ဖြစ်ပါတယ်။ အလူမီနီယမ် သံမှိုအစား စတီးသံမှို ပြောင်းလဲ သုံးစွဲဖို့ BCA က ၂၀၀၄ ခုနှစ်ကတည်းက ညွှန်ကြားချက် ထုတ်ထားပြီးသား ဖြစ်ပါတယ်။ အလူမီနီယမ်သံမှိုကို စတီးသံမှိုနဲ့ ပြောင်းလဲအသုံးပြုဖို့ ပျက်ကွက်ရင် တိုက်ခန်းပိုင်ရှင်ကို ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅,၀၀၀ ဖြစ်စေ၊ ထောင်ဒဏ် ၆လ ဖြစ်စေ၊ ပြစ်ဒဏ် ၂ရပ်စလုံးကို ဖြစ်စေ ချမှတ်လို့ ရပါတယ်။ ၂၀၀၆ ကစလို့ ဒဏ်ငွေအတပ်ခံရသူ ၃၈၈ ဦး ရှိပြီး ၉၂ ဦးကို တရားစွဲဆိုခဲ့ပါတယ်။ 
လျှောတိုက်ဖွင့်တဲ့ ပြတင်းပေါက် ပြုတ်ကျရတာက လျှောတိုက်တဲ့ မြောင်းထဲကနေ ကျွတ်ထွက်သွားပြီး အောက်ကို ပြုတ်ကျသွားတာ ဖြစ်ပါတယ်။ ပြတင်းကို လျှောတိုက်ဖို့ တွန်းတာမှာ အားအလွန်အကျွံသုံးမိလို့ အခုလို ဖြစ်ရတာ ဖြစ်ပါတယ်။ အဲဒီလို ကျွတ်ထွက်ရင် အဟန့်အတား ဖြစ်ဖို့ angle strip တွေ တပ်ဆင်ပေးထားဖို့ လိုအပ်တယ်လို့ BCA က ညွှန်ကြားထားပါတယ်။ 

တိုက်ခန်းပိုင်ရှင်ဖြစ်စေ၊ တိုက်ခန်းမှာ နေထိုင်သူဖြစ်စေ အနည်းဆုံး ၆ လ တစ်ကြိမ် ပြတင်းပေါက်တွေကို စစ်ဆေးပြီး လိုအပ်ရင် ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ကြောင်း ညွှန်ကြားထားပါတယ်။ 
 

 

 

Laws and Regulations Read 995 times