မန္တလေးမြို့ မီးဘေးသင့် မင်္ဂလာဈေးဖျက်သိမ်းရန် တင်ဒါအောင်


02 November, 2020

မန္တလေးမီးဘေးသင့်မင်္ဂလာဈေးကိုဖျက်သိမ်းရန်တင်ဒါခေါ်ယူခဲ့ရာတင်ဒါတင်သွင်းသူဦးကျော်မြင့်မှကျပ်သိန်း ၂၅၂၀ ဖြင့်တင်ဒါအောင်မြင်ခဲ့ပြီး ၅ လအတွင်းအပြီးဖျက်သိမ်းရမည်ဟုမန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှသိရသည်။

လေလံစည်းကမ်းအရပေးသွင်းငွေကိုသုံးကြိမ်ခွဲသွင်းရမည်ဖြစ်ပြီးလတ်တလောအခြေအနေအရစဖျက်မည့်နေ့ကိုအတိအကျမပြောနိုင်သေးကြောင်းသိရသည်။

မင်္ဂလာဈေးဖျက်သိမ်းရန်ယခင်နှစ်ကတင်ဒါခေါ်ယူခဲ့ရာသတ်မှတ်တင်ဒါကြေးသိန်း ၄၀၀၀ကိုမတတ်နိုင်သဖြင့် မအောင်မြင်ခဲ့ကြောင်း၊ယခုဒုတိယအကြိမ်ထပ်မံခေါ်ယူခဲ့ကြောင်း၊ ပြန်လည်ဆောက်လုပ်ခွင့်အတွက်သီးသန့်တင်ဒါထပ်မံခေါ်ယူမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှဒုတိယမြို့တော်ဝန်ပြောကြားချက်အရသိရသည်။

လက်ရှိတင်ဒါအောင်မြင်ထားသူသည်မူလအဆောက်အအုံမှသံချောင်းလုံးများအပါအဝင်မရွေ့ပြောင်းနိုင်သော ပစ္စည်းများအားလုံး၊လိပ်တံခါးများ၊ဆယ်တင်ပစ္စည်းဟောင်းများကိုသတ်မှတ်ကာလအတွင်းမြေပြင်အညီအထိ ရှင်းလင်းပေးရမည်ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ရှင်းလင်းပြီးစီးပါကဈေးအသစ်ပြန်လည်တည်ဆောက်ရန်အတွက်ဒီဇိုင်းပြိုင်ပွဲပြုလုပ်၍ ရွေးချယ်ကာတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အသစ်တည်ဆောက်မည့်မင်္ဂလာဈေးအတွက်ကုန်ကျမည့်ပမာဏမှာကျပ် ၇ဒသမ ၁၇ ဘီလီယံဖြစ်ရာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတွင်ဘတ်ဂျတ်လျာထားခြင်းမရှိခြင်းကြောင့်ဆောက်လုပ် ရေးကုမ္ပဏီများအားတင်ဒါခေါ်သွားရန် စီစဉ်နေကြောင်းနှင့် အသစ်တည်ဆောက်ရန်တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

မီးဘေးသင့်ခဲ့သည့်မန္တလေးမင်္ဂလာဈေးအားအသစ်ပြန်လည်တည်ဆောက်သည်ဖြစ်စေ၊ အကြီးစားပြန်လည်မွမ်းမံသည်ဖြစ်စေ၊ မူလဆိုင်ခန်းပိုင်ရှင်များနှင့်လူနေတိုက်ခန်းများကို မူလအတိုင်းပြန်လည်ရရှိစေမည်ဟု မန္တလေးမြို့တော်ဝန်မှဈေးသူ၊ ဈေးသားများနှင့်တွေ့ဆုံစဉ်ပြောကြား သွားသည်။

ယင်းဈေးကို ၁၉၉၈ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၆ ခုနှစ်၊ မတ် ၂၂ ရက်ညနေပိုင်းတွင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁ သောင်းကျော်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကြောင့်ကွန်ကရစ်တိုင်များ၊ ယက်မများ၊ ကြမ်းခင်းများ၏ကွန်ကရစ်ခံနိုင်ရည်မှာမူလတည်ဆောက် စဉ်ကပင်အားနည်းခဲ့ရာမီးလောင်ကျွမ်းမှုကြောင့်ပိုမိုအားနည်းခဲ့ကြောင်းသိရသည်။

မီးဘေးသင့်အဆောက်အအုံဖြစ်ပြီးနောက်အားနည်းချက်များစွာတွေ့ရှိမှုကြောင့်အန္တရာယ်ရှိအဆောက်အအုံ အဖြစ်မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှပညာရှင်များပါဝင်သည့်အဖွဲ့၏စမ်းသပ်စစ်ဆေးမှုအရသတ်မှတ်ခဲ့ ကြောင်းသိရသည်။

imyanmarhouse

Local Mixed Use and Urban Read 33 times