ပိုမိုကျယ်ပြန့်တဲ့ မြို့တော်အဖြစ် တိုးချဲ့မယ့် ရန်ကုန်


14 August, 2019

ရန်ကုန်ကို ပိုမိုကျယ်ပြန့်တဲ့ မြို့တော်ကြီးဖြစ်ဖို့ တိုးချဲ့သွားဖို့ အစီအစဉ်တွေရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

လက်ရှိမှာ လှိုင်သာယာ ၊ ရွှေပြည်သာ နဲ့ဒဂုံ လေးမြို့နယ် တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နေပြီး မကြာခင်မှာ ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်တော့မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်-ဒလ တံတားတည်ဆောက်မှုပြီးစီးသွားပါက ဒလမြို့နယ် ဟာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းကာလတွေမှာ ရန်ကုန်မြို့အတွင်း တည်ဆောက်ရေးလုပ်ငန်းတွေဟာ အမြဲတမ်းဆောင်ရွက်နေရမှာဖြစ်ပြီး အရေးကြီးလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ဆောက်လုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေတွေအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။
နောက်ပိုင်းကာလတွေမှာ ရန်ကုန်တိုင်းအတွင်း တည်ဆောက်ရေးလုပ်ငန်းတွေကို လွယ်ကူစွာဆောင်ရွက်နိုင်ဖို့ အပိုင်းလိုက်ခွင့်ပြုနိုင်တဲ့ အခြေအနေတွေကို မြို့နယ်တွေအလိုက် ကြိုတင်အသိပေးထားတယ်လို့ ဆိုပါတယ်။

ဆောက်လုပ်ခွင့်ရဇုန်တွေကိုလည်း သတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေပြီး ဖွံ့ဖြိုးရေးဇုန်၊ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဇုန်စတဲ့ ဇုန်အလိုက် သတ်မှတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဇုန်တွေကို သတ်မှတ်ပြီးပါက ဥပဒေ၊ နည်းဥပဒေတွေ ထုတ်ပြန်နိုင်ဖို့ ဆက်လက်ကြိုးပမ်းရမယ်လို့ သိရပါတယ်။

Region Read 38 times