ချမ်းသာသော မြန်မာနိုင်ငံသားများ ပြည်တွင်းပဋိပက္ခ‌ဘေးမှ ခိုလှုံရန် ထိုင်းမှာ အိမ်ခြံမြေများကို ဝယ်ယူ


06 March, 2024

ချမ်းသာသော မြန်မာနိုင်ငံသားများ ပြည်တွင်းပဋိပက္ခ‌ဘေးမှ ခိုလှုံရန် ထိုင်းမှာ အိမ်ခြံမြေများကို ဝယ်ယူ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

မြန်မာနိုင်ငံတွင် ပြည်တွင်းမငြိမ်မသက်မှုများထဲ ရောက်ရှိနေသဖြင့် ချမ်းသာသော နိုင်ငံသား အများအပြားသည် ထိုင်းနိုင်ငံတွင် အိမ်ခန်းများ အပြေးအလွှား ဝယ်ယူရကြခြင်းဖြင့် ခိုလှုံစရာ နေရာတခုခု ရှိနေအောင် စီစဉ်ထားကြသည်။

မြန်မာနိုင်ငံသားများ ဝယ်ယူသည့် အိမ်ခြံမြေများ သိသိသာသာ ပိုများလာခဲ့သည်ဟု အစိုးရ အိမ်ရာဘဏ်၏ စိစစ်ရေးအရာရှိနှင့် Real Estate Information Center (REIC)ကြီးကြပ်သူ  Wichai Wiratkapan မှ ပြောကြားပါသည်။

 

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများအတွက် တတိယနိုင်ငံသို့ သွားရောက်နေထိုင်ခြင်း မပြုမီ ကြားခုလပ်တွင် နေထိုင်သည့်နိုင်ငံလည်း ဖြစ်သည်။

 

ထိုင်းအိမ်ခြံမြေဈေးကွက်သည် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများကိုလည်း ပေးအပ်ပါသည်။

 

Wichai ၏ အဆိုအရ မြန်မာနိုင်ငံသား အများစုသည် အရွယ်အစား ကြီးမားပြီး အဆင့်မြင့် အိမ်ရာများ အထူးသဖြင့် စတုရန်းမီတာ ၅၀ နှင့် အထက်ရှိသော တိုက်ခန်းများကို ပိုလိုလားကြသည်။

 

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ အိမ်ခြံမြေ အထူးသဖြင့် ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူကြတာ ပိုများလာတယ်ဆိုတာ ထင်ရှားပါတယ်”ဟု ၎င်းက ပြောကြားသည်။ 

 

“၂၀၂၁ ခုနှစ်မှာ မြန်မာ‌တွေဟာ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဝယ်ယူမှု ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ယခုအခါ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ပါဝင်နေတဲ့ အပြောင်းအလဲက မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုကို ထင်ဟပ်‌နေပြီး မတည်ငြိမ်မှုတွေက စီးပွားရေးကိုလည်း ထိခိုက်စေပါတယ်”ဟု Wichai က ပြောကြားသည်။ 

 

ကိန်းဂဏန်းအချက်အလက်များအရ မြန်မာနိုင်ငံသားများ၏ ဝယ်ယူမှုမှာ သိသာထင်ရှားစွာ ပိုမိုများပြားလာခဲ့ကြောင်း ပြသနေသည်။ 

 

မြန်မာနိုင်ငံသားများသည် ၂၀၂၁ ခုနှစ်တွင် အခန်း ၃၀ ခန်းသာ ဝယ်ယူခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ဘတ် ၃.၇၁ ဘီလီယံတန်ဖိုးရှိ အခန်း  ၅၆၄ ခန်းကို ၀ယ်ယူခဲ့ကြသည်။

 

အိမ်ရာတိုက်ခန်းတွင် ရင်းနှီးမြုပ်နှံမှု မြင့်တက်လာခြင်းသည် ကလေးများကို ထိုင်းနိုင်ငံသို့ ပညာသင်ကြားရန် စေလွှတ်သည့် အလေ့အထကြောင့်သည်လည်း  အကြောင်းတချက် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက ထိုင်းနိုင်ငံတွင် ခိုလှုံသည့် မြန်မာနိုင်ငံသားများ ပိုများလာမည် ဖြစ်သည်။

 

ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသားများသည်  ၂၀၂၂ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် တတိယအများဆုံး အိမ်ခြံမြေဝယ်ယူသည့် နိုင်ငံသား ဖြစ်လာပြီး တရုတ်နှင့် ရုရှားနိုင်ငံသားများထက် သာလွန်နေသည်။

နောက်ထပ် ထူးခြားသည်မှာ မြန်မာ အိမ်ရာဝယ်သူများအတွက် တစ်ယူနစ်ပျမ်းမျှစျေးနှုန်းမှာ ဘတ် ၆ ဒသမ ၅ သန်းဖြစ်ပြီး တရုတ်နှင့် ရုရှားဝယ်လက်များထက် သာလွန်နေပြန်သည်။

ဘန်ကောက်၊ ဖူးခက်နှင့် ချင်းမိုင်တို့တွင် မြန်မာနိုင်ငံသားများ ဝယ်ယူမှု ပိုများခဲ့သည်ဟု Colliers Thailand ၏ လက်ထောက်အထွေထွေမန်နေဂျာနှင့် စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး အတိုင်ပင်ခံ Karlo Pobre က ပြောကြားသည်။

 

ဘန်ကောက်

 

ဘန်ကောက်တွင် မြန်မာနိုင်ငံသားများသည် Sukhumvit၊ Phrom Phong နှင့် Asoke ကဲ့သို့သော အဓိကနေရာများတွင် ထိုင်းဘတ်ငွေ ၁၀ သန်းမှ ၂၀ သန်းကြား တန်ဖိုးရှိသော ဇိမ်ခံကွန်ဒိုများကို နှစ်သက်ကြသည်။ ဆေးရုံများ၊ နိုင်ငံတကာကျောင်းများ၊ ဈေးဝယ်စင်တာများ သို့မဟုတ် ဟိုတယ်များ အနီးတဝိုက်တွင်လည်း အဝယ်များကြသည်။

 

အလယ်အလတ်တန်း ဝယ်ယူသူများသည် BTS ဘူတာရုံများနှင့် နီးသော နေရာများမှ ဘတ် ၅ သန်းမှ ၁၀ သန်းတန် တိုက်ခန်းများကို နှစ်သက်ကြသည်။ တိုက်ခန်းအများစုသည် အရီနှင့် ဖားထိုင်းတို့တွင် တည်ရှိသည်။

ဖူးကက်

 

ဖူးကက်တွင် စျေးနှုန်း ဘတ် သန်း ၄၀ နှင့် အထက်ရှိသော “ရေကူးကန်ပါ ဗီလာ” ကို ရွေးချယ်ကြသည်။

ဤအုပ်စုရှိ ပုဂ္ဂိုလ်များသည် အကြီးစားစီးပွားရေးသမားများ ဖြစ်ကြပြီး တသီးတသန့်၊ တန်ဖိုးကြီးသော တည်းခိုနေထိုင်မှုကုိ ရွေးချယ်စရာအဖြစ်  ဦးစားပေးပြီး ဝယ်ယူကြသည်။

 

ချင်းမိုင်

 

ချင်းမိုင်တွင် ဘတ်သန်း ၂၀ နှင့် ၃၀ ကြား ပေါက်ဈေးရှိသော မိသားစု တစုအတွက် အိမ်လုံးချင်းများကို စိတ်ဝင်စားသည်။ 

အထူးသဖြင့် အငြိမ်းစားများနှင့် မြို့လယ်ပိုင်း အပြင်ဘက် အေးအေးချမ်းချမ်း နေရာမျိုးကို ရှာဖွေသော မိသားစုများက နှစ်သက်ကြသည်။

 

Source thenationthailand 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Residential Read 310 times