wallpaper ကပ်မယ်ဆိုရင်


12 November, 2021

နံရံတွေကို ဆေးသုတ်ပြီး အခန်းကို အလှဆင်လို့ ရတာ မှန်ပေမဲ့ wallpaper ကပ်ပြီး အလှဆင်တာကိုတော့ မမီဘူး။ ဆေးသုတ်ရင် အဆင်အကွက်တွေ အပွင့်အလှတွေ မရနိုင်ဘူး။ အဲဒါကြောင့်လည်း wallpaper ကို အသုံးပိုများလာကြတယ်။
အရောင်ကို ရွေးတဲ့အခါ အခန်းက သန့်သန့်ပြန့်ပြန့် အမြဲရှိမယ်ဆိုရင် အရောင်နုနု wallpaper တွေကို ရွေးချယ်ပြီး ကပ်ပေးခြင်းဖြင့် အခန်းကို လင်းအားကောင်းနေစေမယ်။

သုံးမယ့် wallpaper ကို နမူနာအဖြစ် ကပ်ကြည့်ဖို့ အနည်းဆုံးဝယ်ရမယ့် ပမာဏကိုပဲ ဝယ်ပြီး ကပ်မယ့်နံရံမှာ အစမ်း ကပ်ကြည့်ပါ။ နေ့အချိန် ညအချိန် မိုးအုံ့ချိန် နေသာချိန်တို့အရ အခန်းထဲ အလင်အမှောင် ကွဲပြားတယ်။ အခန်းထဲ နေထိုးပုံလည်း ကွဲပြားတယ်။ အဲဒီလို ကွဲပြားတဲ့ အချိန်တွေမှာ ကပ်ထားတဲ့ နမူနာ wallpaper က အဆင်ပြေရဲ့လား ဆန်းစစ်ပါ။ တစ်ပတ်တန်သည် နှစ်ပတ်တန်သည် အချိန်ယူပါ။

အခန်းထဲမှာ ရှိနေတဲ့ ပရိဘောဂတွေနဲ့ အပ်စပ်မှု ရှိလား ဆန်းစစ်ပါ။
မိမိရဲ့ စိတ်ထဲ ဘယ်လို ခံစားမိသလဲ ဆန်းစစ်ပါ။

wallpaper မှာ ပုံဖော်ပေးထားတဲ့ အဆင်အကွက်တွေရဲ့ အရွယ်အစားကို လည်း ချင့်ချိန်ပါ။ အခန်းကျဉ်းရင် အကွက်သေးသေးကို သုံးပါ။ အခန်းကျယ်ရင် အကွက်ကြီးကြီး ကို သုံးပါ။


နောက်တစ်ဆင့် ထပ်တက်ပြီး အလှဆင်ချင်ရင် wallpaper ဒီဇိုင်းမတူတာ နှစ်မျိုးသုံးမျိုး စပ်ပြီး သုံးရင် အဆင်ပြေမလား။
အဆင်အကွက် တူပြီး အရောင်မတူတာကို တွဲသုံးမလား။
အဆင်အကွက်နဲ့ အရောင် နှစ်မျိုးစလုံး မတူတာကို တွဲစပ် သုံးစွဲမလား။

နောက်ဆုံးအဆင့်မှာ ကပ်မယ့် နံရံတွေကို တိုင်းတာပြီး လိုအပ်မယ့် ဧရိယာကို တွက်ချက်မယ်။ ဘယ်လောက်ကုန်မလဲဆိုတာ တွက်ချက်မယ်။ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ ရှိနေတယ်ဆိုရင် သင့်အခန်းမှာ wallpaper မှာယူပြီး ကပ်လိုက်ပါ။

 

 

 

Interior Decoration Read 805 times