ဗီဇာမလို မူဝါဒအသစ်ကြောင့် ထိုင်းကွန်ဒိုဈေးကွက် အကျိုးဖြစ်ထွန်းမည်


05 September, 2023

ဗီဇာမလို မူဝါဒအသစ်ကြောင့် ထိုင်းကွန်ဒိုဈေးကွက် အကျိုးဖြစ်ထွန်းမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းကွန်ဒိုဈေးကွက်သည် ဆရီသာ သာဗင်စင်  အစိုးရမှ စတင်လုပ်ဆောင်နေသော စီးပွားရေးနှိုးဆွမှုအတွက်  "ဗီဇာ မလို" မူဝါဒမှ အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်သည်။

အိမ်ခြံမြေဈေးကွက် သုတေသနကုမ္ပဏီ Property DNA Co Ltd ၏ မန်နေဂျင်းဒါရိုက်တာ Surachet Kongcheep က "ဗီဇာ မလို" မူဝါဒသည် ထိုင်းခရီးသွားလုပ်ငန်းအတွက် အကျိုးရှိမည်ဟု ယူဆသည်။ အထူးသဖြင့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားများ ပိုမိုများပြားလာစေရန် ဆွဲဆောင်မည် ဖြစ်သည်။

၂၀၂၃ ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်ခရီးသွား ၁.၈၅၃ သန်း လာရောက်ခဲ့သည်။ ယခုနှစ်ကုန်တွင် ၅ သန်းကျော်မည်ဟု မျှော်မှန်းထားသည်။

တရုတ်နိုင်ငံတွင် အိမ်ရာတိုက်တာ ဈေးကွက်ပျက်နေသဖြင့် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံလိုသူများတွင် အချို့က ထိုင်းတွင် အိမ်ရာတိုက်ခန်း ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံလိုကြသည်။ 
 ထို့အတွက် ထိုင်းနိုင်ငံအနေဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ ထိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ လွယ်ကူအောင် စီစဉ်ပေးထားရမည်ဟု ၎င်းက ပြောကြားသည်။

နိုင်ငံခြားသားများသည် ထိုင်းကွန်ဒိုဈေးကွက်တွင် သိသာထင်ရှားသော ကွန်ဒိုဝယ်ယူသူများ အုပ်စုအဖြစ် ဆက်လက်ရှိနေပါသည်။
နှစ်စဉ်နှစ်တိုင်း နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံတွင် အရောင်းအဝယ်ဖြစ်သည့် ကွန်ဒိုတိုက်ခန်း အရေအတွက်၏ ၁၀-၁၅% ခန့်ရှိပြီး ယင်းသည် များပြားသော ပမာဏ ဖြစ်ပါသည်။

ကွန်ဒိုဈေးကွက်ကို ရေရှည်တည်တံ့ဖို့ ထိုင်းဝယ်လက်များဖြင့်သာ ဆိုလျှင် မလုံလောက်ပါ။ သို့ဖြစ်ရာ အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ကွန်ဒိုဈေးကွက်ထဲ ပြည်ပဝယ်လက်များ ပိုများလာအောင် ဆွဲဆောင်ကြရသည်။


ယခုနှစ် ပထမနှစ်ဝက်အတွက် ထိုင်းစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်၏ အိမ်ခြံမြေသတင်းအချက်အလက်စင်တာမှ ထုတ်ပြန်သည့်အချက်အလက်များအရ တရုတ်ဝယ်လက်များသည် ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ကွန်ဒိုဝယ်သူများအကြား များပြားနေဆဲ ဖြစ်သည်။ တရုတ်ဝယ်လက်များသည် ကွန်ဒိုတိုက်ခန်း ၃,၄၄၈ ခန်း ဝယ်ယူခဲ့ကြပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် ၁၆.၉၉ ဘီလီယံ ဖြစ်ပါသည်။ ပြည်ပဝယ်လက်များ ဝယ်ယူခဲ့ကြသည့် ကွန်ဒိုတိုက်ခန်း စုစုပေါင်း၏ ၄၇% ကို တရုတ်ဝယ်လက်များ ဝယ်ယူခဲ့ကြသည်။

တရုတ်အစိုးရသည် အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်ရန် စတင်ခဲ့ရာ တရုတ်နိုင်ငံတွင် ကွန်ဒိုများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ဆုံးရှုံးနိုင်သည့် အခြေအနေသို့ ပြောင်းလဲသွားသည်။
ပိုဆိုးသွားစေသည်မှာ ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်တွင် စတင်ပြီးနောက် တရုတ်နိုင်ငံမှ တိုက်တာဖွံ့ဖြိုးရေးလုပ်ငန်း အများအပြားတို့ ငွေမလည်တော့ဘဲ ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်သည်။  ဆောက်လုပ်ရေး နှောင့်နှေးကြန့်ကြာနေပြီး ကြိုပွိုင့် ဝယ်ယူထားသူများကို အခန်း မအပ်နိုင်ကြတော့ချေ။ အချို့ တိုက်တာဖွံ့ဖြိုးရေးလုပ်ငန်းများသည် ဆောက်လက်စတိုက်ခန်း အမြောက်အမြားကို ဆက်မဆောက်နိုင်တော့ချေ။ သို့ဖြစ်ရာ အခန်း ကြိုပွိုင့်ဝယ်ထားကြသူများ ငွေပေးထားပြီး ဖြစ်သော်လည်း အခန်းမရကြတော့ချေ။ ထိုသို့ ရပ်ထားကြသည့် ဆောက်လုပ်ရေး စီမံကိန်းများ အများအပြား ရှိနေသည်။

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုပြီး ပြည်ပမှာ ရင်းနှီးမြှုပ်နှံလိုသူများ ရှိနေပြီး ထိုင်းနိုင်ငံသည် ၎င်းတို့၏ ဦးစားပေးနေရာများထဲမှ တစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံမှာ စီးပွားလာရှာကြသည့် တရုတ်နိုင်ငံသားများလည်း ရှိသည်။ အချို့က ထိုင်းနိုင်ငံတွင် ပညာရေးအဆင့် အမျိုးမျိုးတွင် ပညာသင်ကြားရန် လာရောက်ကြသည့် သားသမီးများ နေထိုင်ရန်အတွက် အိမ်ခန်းများကို ဝယ်ယူကြသည်။
ထို့ကြောင့် ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံသားများ
 ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုများသည် နှစ်ပေါင်းများစွာ တသမတ်တည်း မြင့်မားလျက် ရှိသည်။

တရုတ်အစိုးရသည် တရုတ်နိုင်ငံသားများ နိုင်ငံခြားသို့ ငွေမည်မျှအထိသာ လွှဲနိုင်သည်ကို ကန့်သတ်ထားသော်လည်း အချို့က ထိုင်းနိုင်ငံတွင် ကွန်ဒိုများဝယ်ယူရန် ငွေကို နည်းလမ်းရှာကြံပြီး ပြည်ပသို့ ပေးပို့ကြသည်။

ထိုင်းအစိုးရသစ်သည် ထိုင်းနိုင်ငံသို့ ဝင်ရောက်လိုသော တရုတ်နိုင်ငံသားများအတွက် ဗီဇာလိုအပ်ကြောင်း ပြဋ္ဌာန်းချက်ကို ပယ်ဖျက်မည်ဖြစ်သဖြင့်  ထိုင်းနိုင်ငံ အဝင်အထွက် လွယ်ကူသွားစေခြင်းက တရုတ်နိုင်ငံသားများ ထိုင်းတွင် ကွန်ဒိုတိုက်ခန်း ဝယ်ယူရန် အားသာချက် တစ်ခု ဖြစ်သဖြင့် ထိုင်းကွန်ဒိုဈေးကွက် ရောင်းအား တက်စေမည်ဟု မျှော်လင့်ထားကြသည်။
Source nationthailand 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Tips Laws and Regulations Read 568 times