ဗီယက်နမ် မြို့ပြရထားလမ်း စီမံကိန်း ငွေမချေသဖြင့် နှစ်အတန်ကြာနောက်ကျနေ


07 October, 2021

ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး မြို့ပြရထားလမ်း စီမံကိန်းသည် ကန်ထရိုက်တာများကို ငွေပေးချေဖို့ နှောင့်နှေးနေသဖြင့် ပြီးစီးရမည့် လျာထားချက်ထက် နှစ်အတန်ကြာ နောက်ကျနေပြီ ဖြစ်သည်။ ငွေပေးချေရန် အဆုံးအဖြတ်ပြုရမည့်သူများက အတည်ပြုဆုံးဖြတ်ချက် ချရန် ပျက်ကွက်ခဲ့သောကြောင့် စီမံကိန်း အကောင်အထည်ဖော်ရာတွင် နှောင့်နှေးခဲ့ရသည်။ 

ဆောက်လုပ်ရေးကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သည်။ ဟိုချီးမင်းမြို့တော် အမြန်ရထားကွန်ရက်၏ ပထမလမ်းပိုင်း  Line 1 ကို ဆောက်လုပ်ပြီး ၂၀၁၈ ခုနှစ်တွင် ဝန်ဆောင်မှု စတင်ရန် မူလက အစီအစဉ် ရေးဆွဲထားသည်။ ဂျပန်နိုင်ငံမှ အထောက်အပံ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး အချိန်မီ မပြီးစီးသဖြင့် ၂၀၂၁ ခုနှစ်သို့ အချိန် ၃ နှစ် နောက်ဆုတ်လျာထားခဲ့သည်။ ယခု ၂၀၂၁ ခုနှစ်တွင်လည်း မပြီးစီးသေးသဖြင့် ၂၀၂၃ သို့မဟုတ် ၂၀၁၄ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်မှန်းထားသည်။ 

ဟန္နိုင်းမြို့တော်တွင်လည်း မြို့ပြ ရထားလမ်း နှစ်လမ်း ဆောက်လုပ်မည် ဖြစ်ရာ၌ ဆစ်လမ်းသည် တရုတ်နိုင်ငံမှ အထောက်အပံ့ ရန်ပုံငွေကို သုံးစွဲသည်။ ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ရန် လျာထားခဲ့သည်။ ယခုတိုင် ဝန်ဆောင်မှု စတင်နိုင်ခြင်း မရှိသေးချေ။ အဆိုပါ နှစ်လမ်းအနက် တစ်လမ်းကို ယခုနှစ်တွင် ဖွင့်လှစ်ရန် မျှော်မှန်းထားပြီး ကျန်တစ်လမ်းကို ၂၀၂၃ သို့မဟုတ် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှ ဖွင့်လှစ်နိုင်လိမ့်မည်ဟု ခန့်မှန်ထားကြသည်။ 

ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံး မြို့ဖြစ်ပြီး စီးပွားရေး အချက်အချာမြို့လည်း ဖြစ်သော ဟိုချီမင်းစီးတီးတွင် ဖောက်လုပ်သည့် Line 1  သည် အရှည် ၂၀ ကီလိုမီတာ ရှိသည်။ မိုးပျံလမ်းပိုင်းများနှင့် ဘူတာရုံများ အသစ်ဆောက်ရပြီး စီမံကိန်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၉၂ ဘီလျံ ဖြစ်သည်။  ရထားကို Hitachi ထံမှ ရယူရန် လက်မှတ်ရေးထိုးခဲ့ကြပြီးပြီ ဖြစ်သည်။ ကုန်သွယ်ရေးပွဲရုံလုပ်ငန်း Sumitomo Corp နှင့် အင်ဂျင်နီယာ လုပ်ငန်းစုများ ဖြစ်ကြသော Sumitomo Mitsui Construction, Shimizu နှင့်  Maeda တို့က ဆောက်လုပ်ရေးအပိုင်းကို တာဝန်ယူ လုပ်ကိုင်ကြသည်။ ဂျပန်အစိုးရ၏ ဖွံ့ဖြိုးရေး အကူအညီ ခေါင်းစဉ်အောက်တွင် ကုန်ကျစရိတ်များကို ပေးချေမည် ဖြစ်သည်။ 
ဒီဇိုင်း အပြောင်းအလဲများနှင့် အခြားသော ပြဿနာများ ကြုံတွေ့ခဲ့ရပြီး ကုန်ကျစရိတ်သည် မူလအစီအစဉ်ထက် သုံးဆ မြင့်တက်သွားခဲ့သည်။ ဘတ်ဂျက် ပြောင်းလဲသွားသဖြင့် ပါလီမန်သို့ တင်ပြပြီး အတည်ပြု ခွင့်ပြုချက် ရယူရာတွင် အစိုးရကြွေးမြီတွင် ပေါင်းထည့်ခံရမည်ကို မလိုလားကြဘဲ သဘောတူလိုက်ပါက အပြစ်တင်ခံရမည့်အရေး ရှိနေသဖြင့် ခွင့်ပြုချက် မရရှိသေးချေ။

၂၀၁၈ ခုနှစ်တွင် မပေးချေရသေးတော ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ ဖြစ်လာသည်။ ဗီယက်နမ်ရှိ ဂျပန်သံအမတ်က အကြွေးများ မပေးသေးလျှင် စီမံကိန်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးစာကို ဗီယက်နမ်အစိုးရ ထိပ်ပိုင်းသို့ ပေးပို့ခဲ့သည်။ ဂျပန်သံတမန်ရေးရာတွင် ပြုနေကျမဟုတ်သော လုပ်ဆောင်ချက် ဖြစ်သည်။ 
၂၀၁၉ ခုနှစ်တွင် ညှိနှိုင်းပြေလည်သွားခဲ့ပြီး စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်ခဲ့သည်။
ယခုနှစ် ဇူလိုင်လတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို စီမံကိန်းကို ရပ်ထားလိုက်ကြသည်။ ငွေရစရာရှိသည်တို့ကို ပေးချေရန် ပျက်ကွက်နေခဲ့သည်မှာ ၄ နှစ်အထိ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ရပ်ထားရသည်ဟု ထုတ်ဖော်ပြောကြားသည်။ 

Hitachi က ရထားများကို ၂၀၂၀ အောက်တိုဘာလတွင် ပေးအပ်ခဲ့သည်။ Line 1 ဆောက်လုပ်ရေးသည် ၉၀% နီးပါးပြီးစီးနေပြီ ဖြစ်သော်လည်း အပြီးသတ် လုပ်ကိုင်စရာများ ရှိနေသေးသဖြင့် ရထားပြေးဆွဲ၍ မရနိုင်ချေ။ 
ဟံနွိုင်မြို့မှ Line 2A  ရထားလမ်း စီမံကိန်းသည်လည်း အလားတူ ပြဿနာများ ရှိနေသည်။ အရှည် ၁၃ ကီလိုမီတာ ရှိသည့် ရထားလမ်းသည် တရုတ်နိုင်ငံမှ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ယခုအခါ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ဝန်းကျင် ကုန်ကျထားပြီးပြီ ဖြစ်သည်။ 
၂၀၁၁ ခုနှစ်တွင် ဆောက်လုပ်ရေး စတင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဝန်ဆောင်မှု စတင်ရန် လျာထားခဲ့သည်။ အကြိမ်ကြိမ် နှောင့်နှေးမှုများ ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်ဧပြီလတွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။ ဆောက်လုပ်ရေးကို China Railway Sixth Group မှ ဆောင်ရွက်သည်။ ပြင်သစ် အတိုင်ပင်ခံလုပ်ငန်းက ရထားလမ်းကို စစ်ဆေးပေးပြီး ရထားပြေးဆွဲရန် အတည်ပြုချက် ပေးခဲ့သည်။  ထိုရထားလမ်းသည်လည်း အကြွေး အနည်းဆုံး အမေရိကန်ဒေါ်လာ ၇.၈ သန်း ပေးရန် ရှိနေသည်။ 

ဟံနွိုင်မြို့မှ Line 3 ရထားလမ်း စီမံကိန်းသည် ပြင်သစ်နိုင်ငံလုပ် ရထားတွဲများကို အသုံးပြုသည်။ ပြင်သစ်မှ ငွေကြေးအထောက်အပံ့ဖြင့် အကောင်အထည်ဖော်သည်။ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ချေးငွေ ထောက်ပံ့သည်။ အချိန်မီ မပြီးစီးဘဲ ဆောက်လုပ်နေဆဲ ဖြစ်သည်။

ဟိုချီနင်းနှင့် ဟံနွိုင်မြို့များတွင် မြို့ပြရထားလမ်း စီမံကိန်း အခု ၂၀ နီးပါး အကောင်အထည်ဖော်ရန် ရှိသော်လည်း လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးချေ။ 
asia.nikkei.com

 

 

Region Read 432 times