ဗီယက်နမ်ကဒေါ်လာ ၂ ဘီလျံ LNG သုံး ဓာတ်အားစက်ရုံစီမံကိန်းအတွက် ဂျပန် ကုမ္ပဏီများကို ရွေးချယ်


01 January, 2020

ဂျပန်နိုင်ငံမှ ဓာတ်ငွေ့လုပ်ငန်း Tokyo Gas နှင့် ပွဲရုံလုပ်ငန်း Marubeni တို့သည် သဘာဝဓာတ်ငွေ့အရည် ( LNG- liquefied natural gas) ဖြင့် မီးထိုးပြီ◌း လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စက်ရုံကို ဗီယက်နမ်တွင် တည်ဆောက်ရန် ရွေးချယ်ခံရသည်။

ဗီယက်နမ်သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ကျောက်မီးသွေးထက် ပိုသန့်ရှင်းသော LNG ကို သုံးစွဲပြီး နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးလာသော စီးပွားရေးအတွက် ဓာတ်အားသုံးစွဲမှု လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ရွေးချယ်ခံရသော ဂျပန်ကုမ္ပဏီ နှစ်ခုတို့သည် ဗီယက်နမ်မှ နိုင်ငံပိုင် လုပ်ငန်းဖြစ်သော Petrovietnam Power နှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ Petrovietnam Power သည် နိုင်ငံပိုင် လုပ်ငန်းစုကြီး ဖြစ်သော Petrovietnam ဟု သိကြသည့် Vietnam Oil and Gas Group ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။

ဆောက်လုပ်ရေးကို ပြည်တွင်းကုမ္ပဏီတစ်ခုက လုပ်ကိုင်မည်ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ခန့်မှန်းခြေအားဖြင့် ၂၀၀ ဘီလျံ ယန်း ( အမေရိကန်ဓဒါ်လာ ၁.၉၃ ရှိမည် ဖြစ်သည်။ စက်ရုံကို ၂၀၂၆ တွင် ပြီးစီးမည်ဟု လျာထားသည်။ ဓာတ်အားပမာဏ ၁,၅၀၀ မီဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။ စီမံကိန်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအပြင် LNG တင်ဆောင်လာသော သင်္ဘောများ ဆိုက်ကပ်ရန် ဆိပ်ခံများ၊ သဘာဝဓာတ်ငွေ့အရည်ကို အရည်မှ အငွေ့အဖြစ်သို့ ပြောင်းလဲမည့် စက်ရုံ၊ ပေးပို့ရန် ပိုက်လိုင်းများ အစရှိသည်တို့ အကုန်လုံး ပါဝင်သည်။

ဗီယက်နမ်သည် သဘာဝဓာတ်ငွေ့အရည် ( LNG- liquefied natural gas) ဖြင့် မီးထိုးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စက်ရုံများဖြင့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ရန် စီမံကိန်းများ ဆောင်ရွက်လျက် ရှိသည်။ LNG သုံးပြီး ဓာတ်အားထုတ်လုပ်သည့် ပမာဏသည် ၂၀၃၀ တွင် ၁၅၈.၁ ဘီလျံ ကီလိုဝပ်နာရီ ရရှိရန် ရည်မှန်းချက် ထားရှိသည်။ ၂၀၂၀ တွင် ၄၄ ဘီလျံ ကီလိုဝပ်နာရီ ရရှိသည်။

Tokyo Gas အနေဖြင့် အပြည့်အစုံ အပါဝင်ဖြစ်သော စီမံကိန်းကို ပင်လယ်ရပ်ခြားတွင် ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်း ဖြစ်သည်။

Marubeni သည် LNG ဖြင့် ဓာတ်အားထုတ်လုပ်ခြင်းကို အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် ဂျပန်ကုမ္ပဏီများနှင့်အတူ လုပ်ကိုင်လျက် ရှိသည်။

ဂျပန်သည် ကမ္ဘာပေါ်တွင် LNG တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်ပြီး Tokyo Gas သည် နိုင်ငံ ၆ နိုင်တို့ထံမှ တင်သွင်းလျက် ရှိသည်။

Local Infrastructure and Zones Read 79 times