၁၀ နှစ်ကြာ ဆောက်လုပ်ခဲ့တဲ့ ဗီယက်နမ် မက်ထရိုရထားလိုင်း စတင်ပြေးဆွဲ


07 November, 2021

ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံးဖြစ်သော မက်ထရိုလိုင်း ဖြစ်ပြီး ၁၀ နှစ်ကြာ ဆောက်လုပ်ခဲ့ပါတယ်။

မိုးပျံရထားလမ်းက်ု ၂၀၁၁ ခုနှစ်မှာ China Railway Sixth Group မှ စတင်ဆောက်လုပ်ခဲ့ပါတယ်။ မူလ လျာထားချက်က ၂ နှစ်အကြာ ၂၀၁၃ ခုနှစ်မှာ ပြီးစီးဖို့ ဖြစ်ပေမဲ့ ချေးငွေကိစ္စ မပြီးပြတ်တာကြောင့် စီမံကိန်းကို ရပ်ထားလိုက်ရပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ စီမံကိန်း ပြန်လည်စတင်ခဲ့ပါတယ်။ ကိုဗစ် အပါအဝင် အကြောင်းကြောင်းကြောင့် စီမံကိန်း ယာယီရပ်ထားရတဲ့ ကာလများ ရှီခဲ့ပါတယ်။

မူလတွက်ချက် ခန့်မှန်းတဲ့ ကုန်ကျငွေက ဒေါင် ၈.၇၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၅၃ သန်း) ဖြစ်ပြီး လက်တွေ့ကုန်ကျခဲ့တာ ဒေါင် ၁၈ ထရီလီယံ ဖြစ်ပါတယ်။

မက်ထရို ရထားပြေးဆွဲဖို့ ဘေးကင်းလုံခြုံကြောင်း လက်မှတ်ကို ပြင်သစ် ကုမ္ပဏီစု Apave-Certifier-Tricc က ၂၀၂၁ ဧပြီလမှာ ပေးအပ်ခဲ့ပါတယ်။

ရထားလမ်းက မိုးပျံလမ်းဖြစ်ပြီး အရှည် ၁၃ ကီလိုမီတာ ရှိပါတယ်။ Cat Linh – Ha Dong အစအဆုံး ခရီးစဉ်တစ်လျှောက် ကြားဘူတာ ၁၂ ခု ထားရှိပေးထားပါတယ်။ 

 

ဟနွိုင် မြို့တွင်းပြေးဆွဲတဲ့ မက်ထရို ရထားလိုင်းကို ၂၀၂၁ နိုဝင်ဘာလဆန်းမှာ စတင်ပြေးဆွဲခဲ့ပါတယ်။ ပထမ ၁၅ ရက်မှာ အခမဲ့စီးခွင့် ပေးထားပါတယ်။

ရထားစီးမယ့် ခရီးသည်တွေကို ရထားလက်မှတ်ကတ် တစ်ဦး တစ်ကတ် အခမဲ့ ပေးမှာ ဖြစ်ပြီး ရထားစီးပြီးတဲ့အခါ ကတ်ကို ပြန်အပ်ရမယ်လို့ ညွှန်ကြားထားပါတယ်။

အခမဲ့ကာလ ကုန်ဆုံးပြီးရင် လက်မှတ်ကတ် တစ်ကတ်ကို ‌ဗီယက်နမ်သုံးငွေ ဒေါင် ၈,၀၀၀ ဖြင့် ဝယ်ယူရမှာ ဖြစ်ပြီး ကြားဘူတာခရီးစဉ် တစ်ခုစာအတွက် ဖြစ်ပါတယ်။ ခရီးစဉ် အစအဆုံး Cat Linh – Ha Dong ဆိုရင် ဒေါင် ၁၅,၀၀၀ ကျသင့်ပါတယ်။

ဘူတာတိုင်းမှာ ရထားရပ်တယ်ဆိုရင် ခရီးစဉ် အစအဆုံး ၂၃ မိနစ် ကြာပါတယ်။

ရထားလမ်းတစ်လျှောက်က ဘူတာတွေမှာ ဘတ်စ်ကားလိုင်း ၅၂ ခု နဲ့ ချိတ်ဆက်ပေးထားပါတယ်။ ဘူတာတွေမှာ ကိုယ်ပိုင်ကား ရပ်နားရန်နေရာ စီစဉ်ပေးထားပါတယ်။

ပထမ ၆ လမှာ ရထား ၆ စီးဖြင့် နေ့စဉ်ပြေးဆွဲပေးမယ်။ တစ်စီးနဲ့ တစ်စီး အချိန် ၁၀ မိနစ် ခွာထားတယ်လို့ ဆိုပါတယ်။

၆ လ ပြည့်ပြီးချိန်မှာ ခရီးသည်အခြေအနေအရ လိုအပ်ရင် ရထားစီးရေ တိုးပေးမယ်လို့ ဆိုပါတယ်။

မက်ထရိုရထား ပြေးဆွဲပေးတာကြောင့် မြို့တွင်း လမ်းတွေပေါ်မှာ ယာဉ်ကျပ်မှု လျော့ကျဖို့ မျှော်လင့်ထားပါတယ်။

Infrastructure and Zones Read 486 times