ဒေါ်လာ ၄၃ ဘီလျံတန် အရှေ့စီးပွားစင်္ကြံအတွက် အသည်းအသန် ဖြစ်နေတဲ့ ထိုင်းနိုင်ငံ


02 February, 2021

ထိုင်းနိုင်ငံရဲ့ အမေရိကန်ဒေါ်လာ ၄၃ ဘီလျံတန် အရှေ့စီးပွားစင်္ကြံ  Eastern Economic Corridor (EEC). စီမံကိန်းမှာ နည်းပညာအချက်အချာအဖြစ် ထိုင်းနိုင်ငံက နေရာယူမှာ ဖြစ်ပြီး လေဆိပ်များ၊ ဆိပ်ကမ်းများနဲ့ မြန်နှုန်းမြင့်ရထားလမ်းများ ထည့်သွင်းပေးထားခြင်းဖြင့် ပြည်ပမှ ပညာရှင်တွေနဲ့ အမေရိကန်ဒေါ်လာ ဘီလျံချီ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ထားပြီး ယခုအခါ မစွမ်းသန်ဖြစ်လောက်အောင် ကုန်ကျစရိတ် ကြီးမားနေတဲ့အဖြစ်ကို ရင်ဆိုင်နေရတယ်။ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးမားဆုံး စီးပွားရေးတစ်ရပ် ဖြစ်တဲ့ ထိုင်းနိုင်ငံအဖို့ စရိတ်ထောင်းတဲ့ ဆင်ဖြူတော်တစ်ကောင်ကို တာဝန်ယူဖို့ ကြိုးပမ်းနေရသလို ဖြစ်နေတယ်။


စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေစေမယ့် စိမ်းလန်းစမတ်မြို့တော်များ၊ အခွန်ကင်းလွတ် စက်မှုဇုန်များ ပါဝင်ပြီး 5G နည်းပညာလည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရည်မှန်းချက် အမြင့်မားဆုံး အစီအစဉ် တစ်ခု ဖြစ်ပါတယ်။ အစိုးရနဲ့အတူ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အင်တိုက်အားတိုက် လုပ်ကိုင်ခဲ့ကြတယ်။ စွမ်းအင် မဟာလုပ်ငန်းကြီး PTT  ၊ မဟာကုမ္ပဏီစုကြီး CP Group တို့ ပူးပေါင်း ပါဝင်ထားကြတယ်။ အီးအီးစီရဲ့ မျှော်မှန်းချက်က ကုမ္ပဏီတွေကို သူတို့ရဲ့ နည်းပညာတွေနဲ့တကွ တရုတ်၊ ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူတို့မှ ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်အောင် ဆွဲယူဖို့ ဖြစ်ပါတယ်။ ထိုင်းပင်လယ်ကွေ့ အရှေ့ကမ်းခြေမှာ လာရောက်လုပ်ကိုင်ကြပြီး အရှေ့တောင်အာရှ ဈေးကွက်ကြီးအတွက် ဝင်လမ်းသာစေမှာ ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေးပွိုင့်တွေထံမှ လျှပ်စစ်ကားတွေ၊ ရိုဘော့တွေ၊ သစ်သီးဝလံတွေ ထွက်ကျလာပြီး ဈေးကွက်တွေထဲကို ရောက်ရှိသွားမည်လို့ အီးအီးစီ စီမံကိန်းမှာ ကြံစည်စိတ်ကူးထားတယ်။ တစ်ချိန်တည်းမှာပဲ ဆေးကုသမှုနဲ့ ကျန်းမာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းမှ  ငွေသုံးအား ကောင်းတဲ့ ဧည့်သည်တွေ ထိုင်းနိုင်ငံသို့ လာရောက်ကြမယ်။
အစိုးရနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအစုစုအတွက် အမေရိကန်ဒေါ်လာ ၁၀ မှ ၁၃ ဘီလျံအထိကို အခြေခံအဆောက်အအုံ ထူထောင်ရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးတို့အတွက် လာမယ့် ၁၂ လအတွင်း သွန်ထည့်ဖို့ ခန့်မှန်းထားတယ်။
.
ကျောထောက်နောက်ခံ ပြုပေးနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေက အီးအီးစီဟာ တရုတ်အစိုးရရဲ့  ပိုးလမ်းကြောင်း စီမံကိန်း ( Belt and Road Initiative) အတွက် ကျောရိုးတစ်ခုအဖြစ် နေရာယူမယ်လို့ ဆိုတယ်။ တတ်ကျွမ်းလုပ်သား အလုပ်အကိုင် ၄၅၀,၀၀၀ ခု ထပ်မံပေါ်ပေါက်စေမယ်။ တိုင်းပြည်ရဲ့ ဂျီဒီပီကို လာမယ့်တစ်ဆယ်နှစ် ဆက်လက်တိုးများစေလိမ့်မယ်လို့ ဆိုတယ်။

က-အဆင့် တရုတ်လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Alibaba, Great Wall Motors နဲ့  Huawei တို့ ထိုင်းနိုင်ငံမှာ အခြေစိုက် နေရာယူခဲ့ကြပြီး သူတို့ရဲ့ ဝန်ထမ်းတွေကိုလည်း ထိုင်းနိုင်ငံမှာ ပြောင်းရွှေ့ လုပ်ကိုင်စေတယ်။

 EEC စီမံကိန်းမှ အထွေထွေ အတွင်းရေးမှူး Kanit Sangsubhan က “တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိပြီးသား ဖြစ်နေပါပြီ။ မြန်နှုန်းမြင့် ရထားလမ်းကို တရုတ်ကုမ္ပဏီ China Railway Construction Corporation က လုပ်ကိုင်ပါလိမ့်မယ်။ ပင်လယ်ဆိပ်ကမ်း တည်ဆောက်ရေးကိုလည်း တရုတ်ကုမ္ပဏီတစ်ခုက လုပ်ကိုင်မှာပါ။ China Harbour Engineering Company က လုပ်မှာပါ”  လို့ ဆိုပါတယ်။ ကိုဗစ်ရောဂါပျံ့နှံ့ ကူးစက်မှုအတွက် တားဆီးကန့်သတ်မှုတွေ မရှိတော့ဘဲ ပြည်ပမှ ဝင်ထွက်သွားလာမှုတွေ ခွင့်ပြုတဲ့အခါ ဝင်လာဖို့ အသင့်ဖြစ်နေတဲ့ တရုတ်ကုမ္ပဏီတွေလည်း ရှိနေပါတယ်။ 
တရုတ်နိုင်ငံခြားရေးဝန်းကြီး ဝမ်ရိ ထိုင်းနိုင်ငံသို့ အောက်တိုဘာလမှာ လာရောက်လည်ပတ်စဉ်က လူတွေ ကူးသန်းသွားလာဖို့ “အမြန်လမ်းသွယ်” “fast lane” ခရီးသွားစင်္ကြံတစ်ခု စီစဉ်ထားရှိရန်နဲ့ ကုန်စည်စီးဆင်းမှုအတွက် “မီးစိမ်းပြလမ်းသွယ်”  “green lane”  တစ်ခု ထားရှိဖို့ နှစ်နိုင်ငံသဘောတူခဲ့ကြပါတယ်။
စီမကိန်း တည်ဆောက်မယ့် အစီအစဉ်တွေကြောင့် မြေဈေးတွေ ဈေးတက်တယ်။ စီမံကိန်းကြီးတွေ လုပ်ကိုင်မယ့် နေရာတွေဖြစ်တဲ့ U-Tapao International Airport  လေဆိပ်အနီးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံဖြင့် တည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ အချက်အချာဌာန တစ်ဝိုက်မှာ တည်ရှိတဲ့ မြေတွေရဲ့ မြေဈေးတွေ၊ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်း Leam Chabang အနီးမှ မြေတွေရဲ့ မြေဈေးတွေ ဈေးထိုးတက်ကုန်တယ်။
အကျဘက်ကို ရောက်နေတာက ထိုင်းနိုင်ငံ စီးပွားရေးအခြေအနေ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့်  ဂျီဒီပီက ပြီးခဲ့တဲ့ ၂၀၁၉ မှာ ၆% လျော့ကျမယ်လို့ ခန့်မှန်းထားတယ်။  
အစိုးရက အီးအီးစီ စီမံကိန်းကို ဘဏ္ဍာရေး ကျောထောက်နောက်ခံ ပေးထားပေမဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဦးတည်ချက် မရေမရာ ဖြစ်နေပြီး ဆောင့်အားသက်ရောက်မှုဒဏ် ပိုကြီးမားလာတယ်။

ထိုင်းနိုင်ငံရှိ Thammasat Business School မှ တွဲဘက်ပါမောက္ခ ဖြစ်သူ Pavida Pananond က  ပြည်ပရင်းနှီးမြှုပ်နှံသူတွေဟာ ထိုင်းနိုင်ငံမှာ အခွန်ကင်းလွတ်ခွင့် ရတယ်၊ လုပ်သားခ သက်သာတယ် ဆိုတာနဲ့တော့ အရင်လို လာရောက်လုပ်ကိုင်ကြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“အနာဂတ်မှာ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟာ တစ်ချိန်တုန်းက ၁၉၈၀ ပြည့်လွန်နှစ်တွေ၊ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်စေတဲ့ ပုံစံအတိုင်း အတူတူ ဖြစ်မှာ မဟုတ်ဘူး။ အဲဒီအချိန်တုန်းက အမေရိကန်ဒေါ်လာ ဘီလျံချီ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ခဲ့ကြတာ ထိုင်းနိုင်ငံကို ကားနဲ့ အီလက်ထရွန်းနစ် ထုတ်လုပ်ရေး အခြေစိုက်တစ်ခု အဖြစ်သို့ ရောက်ရှိသွားစေခဲ့တယ်။ အခုတော့ ဒစ်ဂျစ်တယ်ပိုင်းကို အသားပေးတယ်။ တန်ဖိုးဖြည့်ထည့်တာ ပိုများစေလိုတယ်။ အဲဒီအချက်တွေအတွက် နည်းပညာ လိုတယ်။ တတ်ကျွမ်းမှုမြင့်မြင့်မားမား ရှိဖို့ လိုတယ်” လို့ သူက သုံးသပ်တယ်။

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွေကို ချိတ်တွယ်ထားတဲ့အတွက် ပေးဆပ်ရတာတွေ ရှိနေတယ်လို့ သူက ဆိုတယ်။  Chonburi မှာ နေထိုင်ကြသူတွေကို တိုင်ပင် အသိပေးခြင်း မရှိဘဲ စီမံကိန်းကို အလျင်စလို အကောင်အထည်ဖော်နေတာအတွက် ‌ဒေသခံတွေ စိုးရိမ်မကင်း ဖြစ်ကြတယ်။ တိုင်းပြည်မှာ နိုင်ငံခြားငွေ ဆာလောင်နေတဲ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း ရပ်ဆိုင်းနေတာကြောင့် အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
နေထိုင်သူတစ်ဦးဖြစ်သူ  Krid Kanjanakit က “အဲဒီ စီမံကိန်းထံမှ ဘာတွေ ရမှာလဲဆိုတာကို  ဆက်သွယ်အသိပေးတာ မရှိသလောက်ပဲ။ လုပ်ကိုင်မယ့် အချိန်ှဇယားကိုလည်း မသိရဘူး။ ဘယ်တော့ စမှာလဲ။ ဘယ်တော့ ပြီးမှာလဲ. ဘယ်လို အသင့်ပြင်ဆင်ထားရမလဲ စတာတွေ တစ်ခုမှ မသိရဘူး” လို့ ပြောပါတယ်။

ပွင့်လင်း မြင်သာမှု မရှိတာကြောင့် အခွန်ထမ်းတွေ ပေးဆောင်ထားတဲ့ အခွန်ငွေတွေ ထိုင်းကုမ္ပဏီစုကြီးတွေနဲ့ ပြည်ပကြားပွဲစားတွေရဲ့ အိပ်ကပ်ထဲကို စီးဝင်တာကို မမြင်နိုင်ဘူး။ ဒေသခံတွေဆီကို ရောက်ရမှာတွေ မရောက်တော့ဘူးလို့ သူက ဆိုပါတယ်။ 

တိုင်းပြည်မှာ ကိုဗစ်ကြောင့် တစ်စိတ်တစ်ပိုင်း လော့ဒေါင်းချထားပြီး ကိုဗစ် ဒုတိယလှိုင်းကို ကြုံနေရချိန်မှာ ထိုင်းနိုင်ငံအနေဖြင့် ရွေးချယ်စရာ အနည်းအကျဥ်းပဲ ရှိတယ်။ စီမံကိန်း အစပြုပြီးတဲ့အခါ လေကြောင်းဆိုင်ရာ အီလက်ထရွန်းနစ်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ရိုဘော့တစ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှဒ ကဏ္ဍတွေမှာ ရာထောင်ချီတဲ့ အလုပ်အကိုင်တွေ ရရှိကြမယ်။ လောလောဆယ်မှာ အလုပ်လက်မဲ့ စံချိန်တင် ရှိနေပြီး နိုင်ငံရေးမတည်မငြိမ်ဖြင့် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာလိမ့်မယ်။ လုပ်ခလစာတွေတလည်း ပျမ်းမျှအားဖြင့် ပိုကောင်းလိမ့်မယ်။  ဒေါ်လာ ၄၃ ဘီလျံတန် အရှေ့စီးပွားစင်္ကြံထံမှ တန်ရာတန်ကြေး ပြန်လည် ရရှိပြီး အကျိုးကျေးဇူးခံစားရဖို့ဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။
 

Global Read 775 times