မန္တလးတိုင်းဒေသကြီးရှိ မြို့ပြစီမံကိန်းများ


17 November, 2020

မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ ဒုတိယအရေးပါဆုံးမြို့ဖြစ်သည်။နိုင်ငံနှင့် အဓိက ကုန်သွယ်မှုပြုနေသော တရုတ်၊ထိုင်း၊အိန္ဒိယနိုင်ငံတို့နှင့် လမ်းပန်းဆက်သွယ်ရေးအရ နီးကပ်မှုရှိနေခြင်းကြောင့် မန္တလေးမြို့၏ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ခြင်းသည်အထူးအရေးပါလှသည်။

အစိုးရမှ ဆောင်ရွက်နေသည့်စီမံကိန်းများရှိသကဲ့သို့ပုဂ္ဂလိကလုပ်ငန်းရှင်များဆောင်ရွက်နေသည့်စီမံကိန်းများလည်း ပါဝင်လျက်ရှိသည်။၎င်းတို့အနက် လူအများစိတ်ဝင်စားသည့် စီမံကိန်းအချို့အား ဖော်ပြလိုက်ရသည်။

 

၁။တောင်သမန်သစ္စာကျေးလက်အပန်းဖြေစခန်း စီမံကိန်း

တောင်သမန်သစ္စာကျေးလက်အပန်းဖြေစခန်းစီမံကိန်းသည် ဦးပိန်တံတားနှင့် ပေ ၁,၉ဝဝ မျှကွာဝေးပြီး တောင်သမန်အင်း၏ အရှေ့တောင်ထောင့်တောင်သမန်ကျေးရွာ၊နွားနို့တော်စုကျေးရွာ၊တဲနံ့သာကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ကြား မြေဧက ၄ဝကျော်တွင်ဆောက်လုပ်နေသည့် စီမံကိန်းဖြစ်သည်။

မြန်မာရိုးရာယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာပြကွက်များ၊မြန်မာ့ရိုးရာလက်မှုပစ္စည်းစျေးတန်းဝန်ဆောင်မှုနယ်မြေ၊ခရီးသွားလမ်းညွှန်နယ်မြေ၊အပန်းဖြေနားနေဥယျာဉ်၊ခရီးသွားဝန်ဆောင်မှုနယ်မြေစသည့် ကဏ္ဍခြောက်ခုဖြင့် ၂ဝ၁၅ဧပြီလမှ စတင်၍ ငါးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

စီမံကိန်းဆောင်ရွက်နေခြင်းများကို မြို့တော်ဝန်မှ ဝင်ရောက်စစ်ဆးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မည့် မြေယာရာဇဝင်နှင့် မြေအသုံးချမှုဆိုင်ရာများ၊သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုဆိုင်ရာများကို ပြန်လည်သုံးသပ်နိုင်ရန် လုပ်ငန်းအကောင်အထည်ဖော်ခြင်းကို ၂ဝ၁၆ခုနှစ်မေလအတွင်းတွင် ယာယီရပ်နားခဲ့သည်။ထို့နောက်တစ်ခခန့်အကြာတွင် လုပ်ငန်းလုပ်ကိုင်ရန်အပိုင်းလိုက်ပြန်လည်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

 

၂။ရတနာပုံမြို့သစ်စီမံကိန်း

ပြင်ဦးလွင်ခရိုင် မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေးရှိ ရတနာပုံမြို့သစ်စီမံကိန်းကို အစိုးရသစ်လက်ထက် ၂ဝ၁၇ခုနှစ်တွင် ပြန်လည် စတင်ရန် ပြင်ဆင်လာခဲ့သည်။၂ဝ၁ဝပြည့်နှစ်ကာလအတွင်းက ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူဝင်ရောက်မှု အားနည်းချက်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းအကောင်အထည်ဖော်မှု ရပ်ဆိုင်းထားသည့် အချိန်ကာလများ ကြာမြင့်ခဲ့သော်လည်း ယခုနှစ်မှ စတင်ပြီး ပြန်လည်ဆောင်ရွက်နိုင်ရန် အစိုးရသစ်မှ လုပ်ဆောင်နေခြင်းဖြစ်သည်။

အထက်မြန်မာအစိမ်းရောင်နှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုပြု အပန်းဖြေဝန်ဆောင်မှုမြို့သစ် ဖန်တီးရန်အတွက် မြေဧက ၁ဝ,ဝဝဝ ပေါ်တွင် ပြန်လည် အကောင်ထည်ဖော်မည်ဖြစ်သည်။ စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဠအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က တာဝန်ယူထားပြီး ကော်မတီအရပ်ရပ်တွင် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သည်။

စီမံကိန်းတွင် အပိုင်းသုံးပိုင်းပါဝင်ပြီး အပိုင်းတစ်တွင် ဧက ၂,၂ဝဝ၊ အပိုင်းနှစ်တွင် ဧက ၂,၉၁၉၊ အပိုင်းသုံးတွင် ဧက ၄,၇၄၄ ကျယ်ဝန်းသည်။ စီမံကိန်းအတွင်း စက်မှုဇုန်များ၊ အဆင့်မြင့် လူနေအိမ်ရာများ၊ တန်ဖိုးမျှတအိမ်ရာ၊ ပညာရေးနှင့် ကျန်းမာရေးဇုန်များ၊ စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုဇုန်များ ပါဝင်မည်ဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် စက်မှုဇုန်ကို အခြေခံ အဆောက်အအုံများ ဖြည့်စွက်ခြင်း၊ ကူညီပံ့ပိုးပေးခြင်း၊ စက်မှုမြေကွက်သစ်များ ဖော်ဆောင်ခြင်းများကို ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း သိရသည်။

 

၃။မန္တလေး- ပြင်ဦးလွင် လမ်းသစ် စီမံကိန်း

မန္တလေးမြို့ အရှေ့ပြင် ၁၉ လမ်းနှင့် တစ်ဆက်တည်းဖြစ်သော ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ပတ်လမ်းမှတစ်ဆင့် လိန်ပင်ရွာမှ ပြင်ဦးလွင်မြို့နယ် အနီးစခန်း ဘူတာအထိ ရောက်ရှိမည့် ၂၂ မိုင် ရှည်လျားသော မန္တလေးပြင်ဦးလွင်ကားလမ်းသစ်ကို အေစီယွန် မန္တလေးဟိုင်းဝေး ကုမ္ပဏီက ယခင်အစိုးရလက်ထက်တွင် ဖောက်လုပ်ခွင့်ရရှိခဲ့သည်။

ယခင်အစိုးရနှင့် နှစ် ၅ဝ သက်တမ်းရှိ ဘီအိုတီ စာချုပ်ချုပ်ဆိုကာ စီမံကိန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းမိုင် ခုနစ်မိုင် တစ်ဖာလုံကျော် ဖောက်လုပ်ပြီးစီးချိန်တွင် အစိုးရသစ်လက်ထက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ကန့်ကွက်မှုဖြင့် ယခုနှစ်ဇွန်လမှ စတင်ပြီး လက်ရှိအချိန်အထိ ယာယီရပ်ဆိုင်းထားသည်။

အဆိုပါလမ်းသစ်သည် လက်ရှိ အသုံးပြုနေသည့် လမ်းဟောင်းထက် မိုင် ၂ဝ ခန့် တိုမည်ဖြစ်ကာ လမ်းသစ်ဖောက်လုပ်ရန် ရေးဆွဲထားသည့် မြေပုံအရ သစ်တောကြိုးဝိုင်းများကို ဖြတ်သန်းရမည်ဖြစ်ပြီး သစ်ပင်ပေါင်း ရ၃,ဝဝဝ ကျော် ခုတ်လှဲရမည်ဖြစ်ခြင်းကြောင့် စီမံကိန်းကို ဆိုင်းငံ့ထားခြင်းဖြစ်သည်။မန္တလေး ပြင်ဦးလွင် လမ်းပိုင်းသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဓိကကျတော လမ်းပိုင်းလည်း ဖြစ်သည်။

 

၄။အမရပူရမြို့ပြ စီမံကိန်း

အမရပူရမြို့ပြစီမံကိန်းသည် ဧရာဝတီမြစ်ကမ်း တစ်လျှောက်မြေနုကျွန်းနှင့်ကိုင်းမြေများ ဧက ၂,ဝဝဝ ကျော်ခန့်ရှိ ရေဝပ်နေရာများကိုမြေဖို့ကာ Mandalay Business Capital City Development Ltd. အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သည်။

စီမံကိန်းဆောင်ရွက်ရန် လိုအပ်သည့် လေ့လာမှုများကို ကုမ္ပဏီက ၂ဝ၁၅ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့သည်။ ကုမ္ပဏီ၏အဆိုအရ ပတ်ဝန်းကျင်ထိခိုက်မှုအပေါ် ပြုပြင်ထိန်းသိမ်းခြင်း အစီရင်ခံစာကို ပညာရှင်များနှင့် ရေးဆွဲပြီး ဝန်ကြီးဌာနများသို့ တင်ပြထားကြောင်း၊ စီမံကိန်းအတွက် ကနဦးရင်းနှီးမြှုပ်နှံမှု ကျပ် ၅ဝဝ ဘီလျံ ထည့်သွင်းရန် လျာထားကြောင်း သိရသည်။ ဟိုတယ်များ၊ ဆေးရုံများ၊ ကျောင်းများ၊ ဆိပ်ကမ်းများ၊ စျေးဝယ်စင်တာများ၊ ပန်းခြံများ၊ လူနေတိုက်တန်းများပါဝင်မည့် ထိုစီမံကိန်းကာလကို၁ဝ နှစ် သတ်မှတ်ထားသည်။

စီမံကိန်းဧရိယာ မြေဧက ၂,ဝဝဝ ကျော်တွင် မြေဧက ၂ဝ ကိုသာ စီမံကိန်းနှင့်ဆိုင်သော ရုံးခန်း အဆောက်အအုံများ ဆောက်လုပ်ရန် မြေအမျိုးအစား ပြောင်းလဲအသုံးချခွင့်ကို တိုင်းဒေသကြီးအစိုးရက ယခုနှစ် အစောပိုင်းက ခွင့်ပြုပေးခဲ့သည်။ အခြားမြေများကို ပြောင်းလဲအသုံးချခွင့်ကို လက်ရှိအချိန်အထိ ခွင့်မပြုသေးပေ။

Mandalay Business Capital City Development Ltd. သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးကုမ္ပဏီ၏ ဒါရိုက်တာစာရင်းတွင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ပါဝင်သည့်ကုမ္ပဏီဖြစ်သည်။

 

၅။မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အမေရိကန်ဒေါ်လာ ၃၈ သန်း အသုံးပြု၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ) ဖြင့် ပူးပေါင်းကာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးးဦးစီးဌာနက ယခုနှစ်အစောပိုင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ စီမံကိန်းကို မန္တလေးမြို့၏ အနောက်ဘက် ၁ ကီလိုမီတာအကွာ၊ မြို့ပတ်လမ်းနှင့် ရွှေလှံဗိုလ် ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ မြေဧက ၂ဝ ပေါ်တွင် တည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းအရ ဆိပ်ကမ်းအသစ်တည်ဆောက်ပြီး ထိုဆိပ်ကမ်း၌ ကွန်တိန်နာများနှင့် သိုလှောင်ရုံများ၊ ကုန်ပစ္စည်းထားသိုရန်မြေနေရာများ၊ ဆိပ်ခံတံတားများ၊ ချဉ်းကပ်တံတားများ၊ ကုန်ပစ္စည်းများ သင်္ဘောပေါ်တင်ဆောင်ရန် စက်ကိရိယာများ တပ်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။

Region Mixed Use and Urban Read 139 times