ထိုင်း အိမ်ရာတိုက်ခန်းဈေးကွက် မရောင်းရသေးသည် လက်ကျန် အိမ်ရာတိုက်ခန်းများ ၃ သိန်းနီးပါး ရှိလာ


12 September, 2023

ထိုင်း အိမ်ရာတိုက်ခန်းဈေးကွက် မရောင်းရသေးသည် လက်ကျန် အိမ်ရာတိုက်ခန်းများ ၃ သိန်းနီးပါး ရှိလာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံ အိမ်ရာတိုက်ခန်း ဈေးကွက်တွင် မရောင်းရသေးသော အိမ်ရာတိုက်ခန်း အရေအတွက် တိုးလာခြင်း၊ ကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့် လူဦးရေ ကျဆင်းခြင်းတို့ကြောင့် အိမ်ရာစီမံကိန်းအသစ်များ စတင်ခြင်းအတွက် သတိထားရန် developer များအား Kasikorn Research Center က သတိပေးထားသည်။

ဝယ်လိုအား နှေးကွေးခြင်း၊ အိမ်ထောင်စုကြွေးမြီများ ပိုများလာခြင်း၊ ချေးငွေအပေါ် အတိုးနှုန်း အမြဲတစေ မြင့်မားနေပြီး အတိုးနှုန်း ဆက်လက်၍ ပိုများလာနိုင်ခြင်းတို့ကြောင့် အိမ်ရာဝယ်လိုအား ကျဆင်းမှု အပါအဝင် လူနေအိမ်ရာဈေးကွက်ကို ထိခိုက်စေသည့် စိန်ခေါ်မှုများစွာ ရှိနေသည်။

အဆိုပါ စိန်ခေါ်မှုများ ရှိနေခြင်းကြောင့် အိမ်ရာစီမံကိန်းအသစ်များတွင် ရင်းနှီးမြှုပ်နှံမှု ပြုမည်ဆိုလျှင် developer များသည်  သတိထား လုပ်ကိုင်ကြရန် Kasikorn Research Center မှ အကြံပြုထားသည်။

Real Estate Information Center ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ဘတ် ၁.၄၄ ထရီလီယံတန်ဖိုးရှိ အိမ်ရာတိုက်ခန်း ခုရေ ၃၂၁,၈၄၈ ကို မဟာဘန်ကောက်နှင့်  နိုင်ငံတစ်ဝှမ်းရှိ အဓိကပြည်နယ် ၂၇ ခုတွင် ဈေးဖွင့်ပြီး ရောင်းချခဲ့ကြကြောင်း၊ ဘတ် ၁.၃ ထရီလီယံတန်ဖိုးရှိ အိမ်ရာတိုက်ခန်း ခုရေ ၂၉၁,၃၈၄ တို့သည် ၂၀၂၃ခုနှစ် ဇွန်လကုန်အထိ မရောင်းရသေးကြောင်း၊ ယမန်နှစ်ကထက် တိုက်ခန်း အရေအတွက်အားဖြင့် လက်ကျန်တိုက်ခန်း ၂.၄% ပိုများနေပြီး တန်ဖိုးအားဖြင့် ၄.၂% ပိုများလာကြောင်း ပြောကြားသည်။
၂၀၂၃ ခုနှစ် ဒုတိယ၃ လပတ်တွင် ဘတ် ၂၅၉ ဘီလီယံဖိုးရှိ အိမ်ရာတိုက်ခန်းခုရေ ၅၇,၅၁၆ ရောင်းချခဲ့သည်။ ယမန်နှစ်ကထက် တိုက်ခန်း အရေအတွက်အားဖြင့်  ၂၇.၇ % လျော့နည်းပြီး တန်ဖိုးအားဖြင့် ၂၄.၁% လျော့ကျကြောင်း ၎င်းက ပြောကြားသည်။

“ပထမနှစ်ဝက်မှာ အိမ်ခြံမြေဈေးကွက်ဟာ စိန်ခေါ်မှုမျိုးစုံနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ လက်ရှိ စီးပွားရေး ပြန်လည်ဦးမော့လာနေတာ အပြည့်အဝ မဖြစ်သေးပါဘူး" ဟု Mr Vichai က ပြောကြားသည်။ 

အိမ်ထောင်စုကြွေးမြီသည် ဂျီဒီပီ၏ ၉၀% ကျော်နေသည်။ ဘဏ်ချေးငွေ အတိုးနှုန်းများက မြင့်တက်လာနေသည်။ အိမ်ရာတိုက်ခန်း ဈေးနှုန်းများ မြင့်တက်နေသည်။
သို့ဖြစ်ရာ အိမ်ရာတိုက်ခန်း ဝယ်နိုင်စွမ်း လျော့ကျနေသည်ဟု ၎င်းက ပြောကြားသည်။

မဟာဘန်ကောက်တွင် အိမ်ရာတိုက်ခန်းအသစ် ရောင်းချသည့် အရေအတွက်သည်၂၀၂၃ ခုနှစ်တွင် ၇.၈% ကျဆင်းမည်ဟု Kasikorn Research Center မှ ခန့်မှန်းထားသည်။

မဟာဘန်ကောက်တွင် ရောင်းလိုအားနှင့် ဝယ်လိုအား ဟန်ချက်မညီ၊ ရောင်းလိုအားက ပိုများနေသဖြင့် မရောင်းရသေးသည် လက်ကျန် အိမ်ရာတိုက်ခန်းများ အရေအတွက် ပိုများလာသည်။ ၆ နှစ်တာကာလအတွင်း ပိုများလာခဲ့ရာ ယခုအခါ  ခုရေ ၂ သိန်းကျော် ကျန်ရှိနေသည်။ ၎င်းအိမ်ရာတိုက်ခန်းများကို ရောင်းချဖို့ အနည်းဆုံး အချိန် ၃ နှစ်ကြာမည်ဟု Kasikorn Research Center မှ ခန့်မှန်းထားသည်။

အိမ်ရာတိုက်ခန်း စီမံကိန်း အသစ်များ စတင်သောအခါတွင် developer များအနေဖြင့် သတိထားသင့်သည်။ အထူးသဖြင့် ဘတ် ၃ သန်းနှင့်အထက် စျေးနှုန်းရှိသော အိမ်ရာတိုက်ခန်းများကို ပိုသတိထားကြရမည်။ 
မရောင်းရသေးသည် လက်ကျန် အိမ်ရာတိုက်ခန်းများ အားလုံး၏ အကြမ်းအားဖြင့် ၅၀% သည် ဘတ် ၃ သန်းနှင့်အထက် စျေးနှုန်းရှိသော အိမ်ရာတိုက်ခန်းများ ဖြစ်နေသည်ဟု Kasikorn Research Center မှ ပြောကြားသည်။
ထို့ပြင် ဘတ် ၁၀ သန်းနှင့်အထက် စျေးနှုန်းရှိသော အိမ်ရာတိုက်ခန်းများ ဆောက်လုပ်သည့် developer များ များပြားနေသဖြင့် ရောင်းမထွက်သေးသည့် လက်ကျန်အရေအတွက် တစ်စထက်တစ ပိုများလာနေသည်ဟု Kasikorn Research Center မှ ပြောကြားသည်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Region Read 340 times