ဆောက်လုပ်ရေးစီမံကိန်းနှစ်ခုကြား နားလည်မှုစာချွန်လွှာရေးထိုးတာလဲ


20 February, 2019

အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အဓိကဆောင်ရွက်သည့် Capital Diamond Star လုပ်ငန်းစုသည် မလေးရှားနိုင်ငံ အခြေစိုက်စီးပွားရေးလုပ်ငန်းစု Sunway Group နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၌ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်  နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သည်။

 

‘‘ယခုပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကနေ ကျွန်တော်တို့နိုင်ငံအတွက် အရည်အသွေးကောင်းမွန်ပြီး၊ နည်းပညာမြင့်မားတဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ ယူဆောင်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုသွားမှာ ဖြစ်ပါတယ်’’ ဟု Capital Diamond Star လုပ်ငန်းစုမန်နေဂျင်းဒါရိုက်တာ ဦးကိုကိုကြီးက ပြောသည်။

 

MoU ရေးထိုးခြင်းအခမ်းအနားကို မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်၌ ပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှုအရ ရန်ကုန်နှင့် မန္တလေးမြို့တွင် ရုံးခန်းများ၊ ဟိုတယ်များနှင့် အခြားပြင်ပရှိ အခြေခံအဆောက်အအုံစီမံကိန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

‘‘မြန်မာဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေထဲက တစ်ခုအပါအဝင်ဖြစ်သလို ဆောက်လုပ်ရေးလုပ်ငန်းတွေဟာလည်း ဖွံ့ဖြိုးလျက်ရှိပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံအတွင်းမှာ အလားအလာများစွာကို မြင်တွေ့နေရပြီး ယခုပူးပေါင်းဆောင်ရွက်မှုကနေ မြန်မာနိုင်ငံရဲ့ ဆောက် လုပ်ရေးကဏ္ဍကိုလည်း တိုးတက်စေမှာ ဖြစ်ပါတယ်’’ ဟု Sunway Group ဥက္ကဋ္ဌက ပြောသည်။

 

Sunway Group သည် မလေးရှားနိုင်ငံရှိ အကြီးဆုံး ဆောက်လုပ်ရေးလုပ်ငန်းစုများအနက် တစ်ခုဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်းနှင့် ကျန်းမာရေးလုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းခွဲ ၁၂ ခုခန့်ကို ရင်းနှီးမြှုပ်နှံထားကာ ကမ္ဘာတစ်ဝန်း နေရာ ၅၀ တွင် ဝန်ထမ်းဦးရေ ၁၆,၀၀၀ ကျော်ဖြင့် လည်ပတ်နေသည်။

 

Capital Diamond Star လုပ်ငန်းစုသည် ၁၉၆၀ ကစတင်၍ စားသောက်ကုန်လုပ်ငန်း၊ ကုန်စည်များလက်လီရောင်းချခြင်းလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ငွေကြေးဆိုင်ရာလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး နိုင်ငံတစ်ဝန်းတွင် ဝန်ထမ်း ၉,၀၀၀ ကျော်ဖြင့် လည်ပတ်နေသည်။

Real Estate & Properties Read 41 times