ခေတ်ရေစီးကြောင်းအလိုက် ပြင်ဆင်မှုများ


06 December, 2020

လူနေအိမ်တွေ၊ တိုက်ခန်းတွေ၊ အရောင်းပြခန်းတွေ၊ ရုံးခန်းတွေအတွက် အရောင်ရွေးချယ်ခြင်း၊ ပြင်ဆင်ခြင်း၊ နေရာချထားခြင်းတွေမှာ အယူအဆအမျိုးမျိုးရှိကြသလို၊ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ခြင်းလည်း မတူညီကြပါဘူး။ အရောင်တွေ ရွေးချယ်တဲ့နေရာမှာ ဆန်းဆန်းပြားပြားကို ရွေးချယ်လိုကြတဲ့သူတွေရှိသလို စိတ်ခံစားမှုအပေါ်လိုက်ပြီး ရွေးချယ်ကြတာလည်း ရှိပါတယ်။

    လက်ရှိအချိန်မှာ အိမ်အတွင်းပိုင်းအပြင်အဆင်အတွက် လုံးချင်းအိမ်တွေအနေနဲ့ အခန်းအမျိုးအစားအလိုက် အရောင်ရွေးချယ်ပြီး အလှဆင်သုတ်ကြတာရှိသလို အရောင်အမျိုးအစားတစ်ခုတည်းကိုပဲ ရွေးချယ်ကြတာတွေလည်းရှိတယ်လို့ အိမ်အတွင်းပိုင်းပြင်ဆင်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေထံက သိရပါတယ်။

 "ပုံမှန်ကျတော့ ဆန်းဆန်းပြားပြားကြိုက်တဲ့ အိမ်တွေသာ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း အရောင်ခွဲပြီးတော့ အသုံးပြုကြတာ။ တကယ်တမ်း ကျတော့ တစ်ရောင်တည်းကိုပဲ အသုံးပြုကြပါတယ်။ အရောင်ကတော့ ဖျော့တာတွေပဲ သုံးကြတယ်။ အစိမ်းနု၊ ပန်းရောင်၊ အဖြူရောင်တွေ အသုံးပြုကြပါတယ်"လို့ TA Family Decoration ဝန်ဆောင်မှုကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    လက်ရှိအချိန်မှာ လုံချင်းအိမ်အတွင်းခန်း ပြန်လည်ပြင်ဆင်ခြင်းတွေ၊ တိုက်ခန်းအတွင်းခန်းပြန်လည်ပြင်ဆင်ခြင်းတွေ ဆောင်ရွက်ကြသလို စီးပွားရေး လုပ်ငန်းတွေအတွက် အရောင်းပြခန်းတွေ၊ ကုမ္ပဏီရုံးခန်းတွေ၊ ဆိုင်ခန်းတွေ ပြင်ဆင်ကြတာတွေလည်းရှိတယ်လို့TA Family Decoration ဝန်ဆောင်မှုကုမ္ပဏီမှ သိရပါတယ်။


 "အရင်တုန်းကတော့ ပန်းရောင်တောက်တောက်တို့၊ လိမ္မော်ရောင်တောက်တောက်တို့ သုံးကြတယ်။ အခုဆိုရင်ကျွန်းရောင်တို့၊ မီးခိုးရောင်တို့ ကိုရီးယားဘက် ဆန်သွားတဲ့ ငြိမ်တဲ့ အရောင်တွေ သုံးကြတယ်။  အရောင်းပြခန်းတွေမှာရော၊ နေအိမ်တွေမှာရော ငြိမ်တဲ့အရောင်တွေ သုံးကြ တယ်"ဟု အဆိုပါကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ယခုလက်ရှိအချိန်မှာတော့ အတွင်းခန်းအပြင်အဆင်လုပ်ငန်းတွေကို လုပ်ငန်းအပ်နှံကြတဲ့အထဲမှာ နေအိမ်များပြင်ဆင်ခြင်းထက် စီးပွားရေးလုပ်ငန်းသုံး အရောင်းပြခန်းတွေ၊ကုမ္ပဏီရုံးခန်းတွေက ပိုများတယ်လို့Decorationဝန်ဆောင်မှုလုပ်ငန်းများထံက သိရပါတယ်။ ဒါ့ပြင်အတွင်းခန်းပြင်ဆင်ကြတဲ့အထဲမှာ ပြည်တွင်းလုပ်ငန်း၊ကုမ္ပဏီတွေက အလုပ်အပ်နှံကြတာတွေ ရှိသလို နိုင်ငံခြား ကုမ္ပဏီတွေကလည်း အများအပြား အပ်နှံကြတယ်လို့ ယင်းဝန်ဆောင်မှု လုပ်ငန်းများထံမှ သိရပါတယ်။

"အရောင်းပြခန်းတွေကလည်း မလုပ်လို့မှမရတော့ အပြိုင်အဆိုင်လုပ်နေကြရတာပဲ"လို့ ၎င်းက ပြောပါတယ်။

Ada Interior Architecture Landscape ကုမ္ပဏီကို အတွင်းခန်း အပြင်အဆင်အတွက် ဒီဇိုင်းလာရောက် အပ်နှံကြတဲ့အထဲမှာ နိုင်ငံခြားကုမ္ပဏီတွေများပြီး ပြည်တွင်းကနေ ပြင်ဆင်ခိုင်းတာကတော့ နည်းတယ်လို့ဆိုပါတယ်။

"အဓိကဝင်တာက ရုံးခန်းများတယ်။ ပြီးခဲ့တဲ့ ပရောဂျက်တွေမှာ မြန်မာနိုင်ငံမှာ ရှိတဲ့ဖျာကို ဘောင်တစ်ခုတည်းထည့်ပြီး အသုံးပြုတာတို့၊ ပုဂံ၊ မန္တလေးတို့က အထင်ကရနေရာတွေကို အသုံးပြုပြီး အလှဆင်တာမျိုးတွေရှိတယ်။ တချို့ဆိုရင် ချိတ်လုံချည်ဒီဇိုင်းတွေနဲ့ မျက်နှာကြက်လုပ်တာ ရှိတယ်။ တချို့ လုပ်ငန်းတွေမှာဆိုရင် မြန်မာမှုနဲ့ဆိုင်တဲ့ စတစ်ကာတွေ အသုံးပြုကြတယ်"လို့ Ada Interior Architecture Landscape ၏ လက်ထောက် ဒီဇိုင်းမန်နေဂျာ ကိုရန်နောင်စိုးက ပြောပါတယ်။

"အခုရတဲ့ ပရောဂျက်တွေထဲမှာ မြန်မာမှုကို ထည့်သွင်းပြီးတော့ ဒီဇိုင်းပြင်ဆင်ခိုင်းတာ သုံးပုံတစ်ပုံလောက်ပဲ ရှိတယ်။ ယူနီလီဗာ ကုမ္ပဏီ ဆိုရင် မြန်မာက ရုံးခန်းအတွက် မြန်မာပုံစံ၊ ထိုင်းနိုင်ငံက ရုံးခန်းဆိုရင် ထိုင်းပုံစံ အဲဒီလိုမျိုး လုပ်ကြတယ်။ ကိုကာကိုလာ ရုံးခန်းဆိုရင် သူတို့လိုချင်တဲ့ ပုံစံအတိုင်း ပြင်ဆင်ပေးရတယ်"လို့ ကိုရန်နောင်စိုးက ဆက်လက်ပြောပါတယ်။

    မြန်မာတို့ရဲ့ ဖုန်းရွှေစာအုပ်ဟာ တရုတ်ဖုန်းရွှေနဲ့ ဆန်းဗေဒင်ပညာတို့ တွဲစပ်ပြီး အိမ်ထောင်ပရိဘောဂများမည်သို့မည်ပုံ ထားရှိရမည်ကို ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။

    တချို့သော အခန်းပြင်ဆင်ဖွဲ့စည်းမယ့်သူတွေ၊ ဆောက်လုပ်မယ့်သူတွေအနေနဲ့ ယင်းကဲ့သို့ ဗေဒင်ပညာအယူအဆတွေအတိုင်း လိုက်နာဆောင်ရွက်ကြတာလည်းရှိပါတယ်။  

"အရာရှိအိမ်တွေမှာ အဖြူရောင်ဆေးသုတ်တာများတယ်။ ဖုန်းရွှေမှာလည်း အရောင်မပါဘူး။ ဒါပေမဲ့နိုင်ငံခြားဗေဒင်တွေမှာတော့ အရောင်တွေသုံးတယ်။ အပြင်ကိုမသုံးဘဲနဲ့ အတွင်းခန်းကို သုံးတယ်။ အတွင်းခန်းတွေမှာရုံးခန်းတွေမှာ ဖက်ဖူးစိမ်းရောင်၊ ဒေါ်လာစိမ်း ရောင်သုံးကြတယ်"လို့ မြန်မာတို့ရဲ့ ဖုန်းရွှေစာအုပ်ကို ရေးသားတဲ့ ဦးဝင်းဇော်(သစ်တော)က ပြောပါတယ်။

Global Tips Read 139 times