ရွှေကုက္ကို အထူးစီးပွားရေးဇုန် ထူထောင်သူ She Kailun ကို ခြေရာခံခြင်း


01 January, 2020

အနည်းဆုံးနာမည် ၄ ခုဖြင့် စီးပွားရေးလုပ်ကိုင်နေသော ရှောင်ပုန်းနေသူ တရုတ်စီးပွားရေးသမားတစ် ဦး ၏

ကျောထောက်နောက်ခံပြုထားသော မြန်မာ-ထိုင်း နယ်ခြားရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုသည် တရားမဝင်လောင်းကစားခြင်းလုပ်ငန်းအတွက် ဖြစ်သည်ဟုသည့် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး စစ်ဆေးခြင်းခံရသော်အခါ ရင်းနှီးမြှုပ်နှံသူ၏ အရိပ်မည်းစီးပွားရေးကို သိသာထင်ရှားသွားစေခဲ့သည်။

ပြဿနာတက်နေသော စီမံကိန်း၏အချက်အခြာနေရာမှာ Yatai City ဟု ခေါ်တွင်သော ဒေါ်လာ ၁၅ ဘီလီယံတန် ရည်မှန်းချက်ကြီးမားသော စီမံကိန်းသည် တိတ်ဆိတ်ငြိမ်သက်သော မြန်မာနယ်စပ်ကျေးရွာအား စင်ကာပူနိုင်ငံသဖွယ် စီးပွားရေးအချက်အချာအဖြစ်သို့ ပြောင်းလဲပစ်ရန် ရည်ရွယ်သည်ဟု ဆိုထားသည်။

မြန်မာ ယတိုင်း ရွှေကုက္ကို အထူးစီးပွားရေးဇုန် Myanmar Yatai Shwe Kokko Special Economic Zone အမည်ဖြင့် အကောင်အထည်ဖော်သည့် ဗိသုကာမှာ အသက် ၃၈ နှစ်ရှိ ပြည်ပရောက် တရုတ်စီးပွားရေးသမား She Kailun နှင့် အပေါင်းပါ သုံးဦးတို့ ဖြစ်သည်ဟု Caixin သတင်းဌာနက ဖော်ပြခဲ့သည်။

She Kailun သည် Yatai International Holding Group ၏ အကြီးအကဲ ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများရှိ ကုန်သည်ကြီးများအသင်းအချို့တို့တွင် ဂုဏ်ဆောင်နာယကအဖြစ် ပါဝင်ထားသူ ဖြစ်သည်။ ပင်လယ်ရပ်ခြား တရုတ်လူမျိုးအသိုင်းအဝိုင်းတွင် ထင်ရှားသည့်သူ ဖြစ်သည်။ သို့သော် She Kailun အကြောင်း အတွင်းကျကျ သိနိုင်ကြခြင်း မရှိချေ။ သူ့ကို လုပ်ငန်းရှင်တစ်ဦး၊ လူသားအကျိုးဆောင် ပရဟိတသမားတစ်ဦးအဖြစ်သာ သိကြသည်။

Caixin က တရားရုံးမှတ်တမ်းများနှင့် စာရွက်စာတမ်းများကို လေ့လာချက်အရ သူသည် တရုတ်နိုင်ငံတွင် အမည်းကွက် စွန်းထင်းသည့် စီးပွားရေးနောက်ကြောင်း ရှိနေသူ ဖြစ်ကြောင်း တွေ့ရသည်။ တရားရုံးတစ်ခုက တရားမဝင် လောင်းကစား စွပ်စွဲချက်ဖြင့် တရားစွဲဆိုသည်ကို ရှောင်ပြေးနေသူတစ်ဦး ဖြစ်သည်။

သူ့ Yatai City သည် ကြီးမားလှသော စီးပွားရေးစီမံကိန်းတစ်ခု ဖြစ်ပြီး ကရင်ပြည်နယ် သောင်ရင်းမြစ်ကမ်းရှိ မြို့ငယ်တွင် တည်ရှိသည်။ ထိုင်းနယ်ခြား အနီးတွင် ဖြစ်သည်။ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် Yatai International က ၂၀၁၇ ခုနှစ်မှစ၍ အကောင်အထည်ဖော်ခဲ့သည်။ စီမံကိန်းဧရိယာမှာ ၁၂,၀၀ ဟက်တာ ရှိသည်။ Yatai City သည် စက်မှုနှင့် ဖျော်ဖြေရေး အဆောက်အဦများ ပါဝင်ပြီး ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ္ဍာရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးတို့ လုပ်ကိုင်ရန် နေရာ ဖြစ်သည်။

ဈေးကွက်မြှင့်တင်ရန် ဖော်ပြသည့် စာရွက်စာတမ်းများတွင် Yatai City ကို တရုတ်-ထိုင်း- မြန်မာ စီးပွားရေး စင်္ကြံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြထားသည်။ တရုတ်သမ္မ တ ရှီကျင့်ဖျင် ကမကထပြုသည့် Belt and Road Initiative အောက်ရှိ စံပြစီမံကိန်းတစ်ခု ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

သို့သော် တကယ့်လက်တွေ့တွင် Yatai City သည် တရုတ်အစိုးရ ကျောထောက်နောက်ခံပြုသော Belt and Road Initiative နှင့် မသက်ဆိုင်ချေ။ တရုတ်နိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလည်း မပါဟု မြန်မာနိုင်ငံရှိ တရုတ်သံရုံးအဆိုအရ သိကြရသည်။ တရုတ်အစိုးရသည် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများကို ပြည်ပရှိ လောင်းကစား စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် မည်သည့်အခါမှ ခွင့်မပြုဟု သံရုံးက ဆိုသည်။

ထို့အပြင် ပြည်တွင်းမီဒီယာများအနေက Yatai City ၏ စီးပွားရေးလုပ်ငန်းများ၏ တရားဝင်မှုကို မေးခွန်းထုတ်ခဲ့ပြီးနောက် မြန်မာအစိုးရသည် တရားမဝင်နယ်စပ်ဖြတ်ကျော် လောင်းကစားခြင်းလုပ်ငန်းကို စုံစမ်းစစ်ဆေးနေသည်။

မြန်မာပြည် အခြေစိုက် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်၏ အစီရင်ခံစာအရ Yatai City တွင် အွန်လိုင်းနှင့် အော့ဖ်လိုင်း လောင်းကစား ပံ့ပိုးမှု အင်္ဂါရပ်များကို ဖွင့်လှစ်ထားပြီးဒေသခံများသည်ငွေကြေးခဝါချမှုနှင့် အခြားရာဇဝတ်မှုများအတွက် စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

She Kailun သည် တရုတ်ပြည် အလယ်ပိုင်းတောင်ဘက် ကုန်းတွင်းပိတ် Hunan ပြည်နယ်မှဖြစ်ပြီး နောက်ပိုင်းတွင် အရှေ့တောင်အာရှနိုင်ငံ အများအပြားတွင် စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်ခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင် Yatai City စီမံကိန်းကို မြန်မာနိုင်ငံတွင် လုပ်ကိုင်သည်။ သူ့ကို မြန်မာနှင့် ကမ္ဘောဒီးယားရှိ တရုတ်စီးပွားရေးသမားများ အသိုင်းအဝိုင်းများကြားတွင် တက်တက်ကြွကြွ လုပ်ကိုင်သူအဖြစ် သိကြသည်။ထို့ပြင် အရှေ့တောင်အာရှရှိ ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ၏ အဖွဲ့အစည်းများတွင် ဦးဆောင်သူအဖြစ် သိကြသည်။

Yatai City ကို သိထားကြသူများက စက်မှုဉယျာဉ်အဖြစ် နာမည်ခံထားသော်လည်း အကယ်စင်စစ် ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့တွင် ဒေသဆိုင်ရာ အာဏာပိုင်တို့က အရေးယူသဖြင့် ရွှေ့ပြောင်းသော ကာစီနိုလောင်းကစားဝိုင်း ဖြစ်သည်။ တရုတ်ပြည်မှ သုံးစွဲသူများကို ပစ်မှတ်ထားပြီး ဝန်ဆောင်မှုများ ပေးသော အွန်လိုင်းလောင်းကစားများ လုပ်ကိုင်သည်။

Caixin က မှတ်ချက်ပေးရန် She Kailun ထံ တောင်းခံရာ ငြင်းပယ်ခံရသည်။ သူနှင့် နီးစပ်သူတစ်ဉီးက ယခုလို ပြဿနာတက်နေချိန်တွင် She Kailun သည် ခပ်လျှိုလျှိုသာ နေလိုသည်ဟု ဆိုသည်။

 

She_Kailun_Caixin.jpg

ကာစီနို လောင်းကစားရုံများ မြို့တော်သစ်

Yatai City တွင် ၂၀၁၉ ခုနှစ်မှစ၍ သန်းချီသော ယွမ်များ ရင်းနှီးမြှုပ်နှံကာ ရုံးခန်းများနှင့် လူနေတိုက်ခန်းများ အိမ်ရာများ တည်ဆောက်ခဲ့သော တရုတ် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းရှင်တစ်ဉီးက စက်မှုဥယျာဉ်ထဲတွင် လောင်းကစား ဝန်ဆောင်မှု အမျိုးစုံ ရှိနေသည်ဟု ဆိုသည်။

Yatai City တွင် လုပ်ကိုင်သော လုပ်သားတစ်ဦးက အွန်လိုင်း လောင်ကစား ကုမ္ပဏီများ အများအပြားတို့သည် မြို့တွင်းမှာ တည်ရှိနေကြပြီး အွန်လိုင်းဂိမ်းများနှင့် နှီးနွှယ်သော လောင်းကစားများကို ဆောင်ရွက်ပေးသည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း Yatai City သည် အလုပ်ခန့်ထားရန် လူခေါ်သည့် ကြော်ငြာများကို ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ကြောင်း Caixin သတင်းဌာနက တွေ့ရှိခဲ့သည်။ တရုတ်စကားပြောသည့်ဖောက်သည်များအတွက် ဝန်ဆောင်မှုပေးရန် ဝန်ထမ်းများကို ရှာဖွေခဲ့ပြီး လုပ်လလစာ ရက်ရက်ရောရော ကမ်းလှမ်းထားသည်။ အတွင်းကျကျ သိသူတစ်ဦးက ပြောပြသည်မှာ အဓိကအားဖြင့် လောင်းကစား ဝန်ဆောင်မှုများအတွက် ဝန်ထမ်းခေါ်ယူခြင်း ဖြစ်သည်။

Yatai City ထုတ်ပြန်သော ကုမ္ပဏီစာရင်းတွင် ကမ္ဘောဒီးယား အခြေစိုက် လောင်းကစားကုမ္ပဏီ အမည်များ ပါဝင်သည်ကို တွေ့ရသည်။

၂၀၁၉ ဩဂုတ်လတွင် ကမ္ဘောဒီးယား အစိုးရက အွန်လိုင်း လောင်းကစားကို ပိတ်ပင်ခဲ့သည်။ ကမ်းခြေမြို့တော် Sihanoukville တွင် လုပ်ကိုင်နေသော လောင်ကစားလုပ်ငန်းအများစုသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပါဝင်ပတ်သက်နေသည်ဖြစ်ရာ ယခုလို ပိတ်ပင်ခံရသဖြင့် နေရာသစ် ရှာဖွေခဲ့ကြရသည်။ တစ်ချိန်တည်းမှာပင် Yatai City က ဈေးကွက်မြှင့်တင်ရေး ကမ်ပိန်းကို အပြင်းအထန် လုပ်ကိုင်ခဲ့ပြီး ထိုလုပ်ငန်းများကို စက်မှုဥယျာဉ်သို့ ဆွဲဆောင်ခေါ်ယူခဲ့သည်။

တရုတ် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းရှင်က ပြောပြသည်မှာ Yatai City တည်နေရာသည် ဧည့်သည်တို့ကို မြန်မာနှင့် ထိုင်းနိုင်ငံ အကြား ကူးသန်းသွားလာရန် လွယ်ကူသော နေရာဖြစ်ပြီး ကမ္ဘောဒီးယားသို့ သွားရောက်ရန်လည်း လွယ်ကူသည်။ တရုတ်နယ်ခြားနှင့် ထိစပ်ခြင်း မရှိသည့်နေရာ ဖြစ်သဖြင့် တရုတ်အစိုးရ၏ စက်ကွင်းမှလည်း လွတ်ကင်းသည်။

မြန်မာနိုင်ငံရှိ မှတ်တမ်းအရ Yatai International က ၎င်း၏ မြန်မာနိုင်ငံရှိ လုပ်ကိုင်မှုများအတွက် ၂၀၁၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၄ သန်းဖြင့် Myanmar Yatai International Holding Co., Ltd အမည်ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခဲ့သည်။ အိမ်ရာစီမံကိန်း ရင်းနှီးမြှုပ်နှံခြင်းအဖြစ် ဖော်ပြခဲ့သည်။ ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူမှာ ကမ္ဘောဒီးယားနိုင်ငံသား တရုတ်လူမျိုး She Zhi Jiang ဖြစ်သည်။ နောက်ထပ် ရှယ်ယာပိုင်ရှင် နှစ်ဦးမှာ မလေးရှား နိုင်ငံသားတစ်ဦးနှင့် မြန်မာတပ်မတော် အရာရှိ တစ်ဦးတို့ ဖြစ်သည်။

Caixin လေ့လာသိရှိခဲ့သည်မှာ She Zhi Jiang သည် She Kailun ယခင်က သုံးစွဲခဲ့သော အမည် ဖြစ်သည်။

အွန်လိုင်းလောင်းကစားဝန်ဆောင်မှုများအပြင် Yatai City တွင် ပြည်တွင်းနှင့်ပြည်ပဖောက်သည်များအတွက် ကာစီနိုလောင်းကစားရုံအနည်းဆုံး ၃ ခုကိုလည်းစီစဉ်ထားသည်။ ဒေသခံ NGO တစ်ခုက ပြောပြသည်မှာ Yatai City တွင်အထူး ဧည့်သည်များသာ ဝင်ခွင့်ပြုရန် တင်းကျပ်စွာ စောင့်ကြပ်ပေးထားသည်။

ထိုကဲ့သို့သော လောင်းကစားသည် မြန်မာနိုင်ငံဥပဒေကို ချိုးဖောက်သည်။ မြန်မာအစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ကာစီနိုလောင်းကစားရုံများ ဖွင့်လှစ်ရန် ခွင့်ပြုသော်လည်း Yatai City တည်ရှိရာ ဒေသတွင်မူ တားမြစ်ထားသည်။

သုံးစွဲသူတို့ ဆက်သွယ်ရေး၊ နိုင်ငံခြားငွေ လဲလှယ်ရေး နှင့် ငွေလွှဲရန်တို့အတွက် စင်ကာပူ အခြေစိုက် ကုမ္ပဏီတစ်ခုက လုပ်ကိုင်ပေးသော blockchain technology ကို အသုံးပြုသည်။ ထိုဝန်ဆောင်မှုလုပ်ငန်းကို Fincy ဟူသောအမည်ဖြင့် သိထားကြပြီး အွန်လိုင်း ကြွယ်ဝမှု စီမံခန့်ခွဲခြင်းနှင့် ဂိမ်းကစားခြင်းနှင့် ပတ်သက်သော ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးနေသော လုပ်ငန်း ဖြစ်သည်။

blockchain ကျွမ်းကျင်သူတို့က ထိုသို့သော ဝန်ဆောင်မှုသည် ငွေကြေးများကို လောင်းကစား ပလက်ဖောင်းပေါ်သို့ သွယ်တန်းပေးရာ၌ အမှောင်ကာပေးထားသဖြင့် နိုင်ငံခြားငွေ လဲလှယ်ခြင်း မမြင်တွေ့အောင် ပတ်ရှောင်ပေးသည်။

Fincy ဝန်ဆောင်မှုကို လုပ်ကိုင်သော ကုမ္ပဏီမှာ BCB အမည်ရှိသည့် စင်ကာပူကုမ္ပဏီ ဖြစ်သည်။ မှတ်ပုံတင်စာရင်းတွင် ပေးထားသော ကုမ္ပဏီလိပ်စာမှာ She Kailun ထိန်းချုပ်ထားသော ကုမ္ပဏီတစ်ခု၏ လိပ်စာနှင့် အတူတူပင် ဖြစ်သည်။ Fincy ဝန်ဆောင်မှု လုပ်ငန်းတည်ရာ လိပ်စာမှာ She Kailun နှင့် အမျိုးတော်စပ်သော Su Bingchao က ထိန်းချုပ်ထားသည့် ကုမ္ပဏီတစ်ခု၏ လိပ်စာနှင့် အတူတူပင် ဖြစ်သည်။

လေးမည်ရ ပုဂ္ဂိုလ်

မြန်မာစီးပွားရေးလုပ်ငန်း မှတ်ပုံတင်မှတ်တမ်းများအရ Myanmar Yatai International သည် တရုတ်နိုင်ငံဖွားကမ္ဘောဒီးယားနိုင်ငံသား She Zhi Jiang မှ ရှယ်ယာအများစုကို ထိန်းချုပ်ထားသည်။

သို့သော် Yatai City ၏ စျေးကွက်ရှာဖွေမြှင့်တင်ရေး စာရွက်စာတမ်းများအရ စီမံကိန်း၏အကြီးအကဲမှာ She Kailun ဖြစ်သည်။ သူသည် ကမ္ဘောဒီးယားနိုင်ငံသား တရုတ်လူမျိုး ဖြစ်သည်ဟု ဖော်ပြသည်။

Caixin တွေ့ရှိခဲ့သည်မှာ အမည်နှစ်ခုသည် လူတစ်ဦးတည်းအတွက် ဖြစ်နေသည်။ ထို့ပြင် သူ့ကို Tang Kailun နှင့် Tang Kriang Kai အမည်နှစ်ခုဖြင့် သိသူများလည်း ရှိသည်။

၂၀၁၈ ခုနှစ်တွင် ပင်လယ်ရပ်ခြား တရုတ်စီးပွားရေး အဖွဲ့အစည်းများတွင် ထင်ရှားသည့် China Federation of Overseas Chinese Entrepreneurs (CFOCE) မှ ထုတ်ဝေသော ဂျာနယ်တစ်ခုတွင် ဖော်ပြထားသည်မှာ Hunan ကျေးလက်တွင် She Kailun ဖွားမြင်ခဲ့ပြီး တရုတ်နိုင်ငံ တောင်ပိုင်းရှိ Guangxi သို့ ၁၉၉၆ ခုနှစ်တွင် ပြောင်းရွှေ့နေထိုင်သည်။

အလုပ်အမျိုးမျိုး လုပ်ကိုင်ခဲ့ပြီး သူသည် အွန်လိုင်းဂိမ်းများကို တီထွင်ခြင်းမှ ကံကောင်းထောက်မစွာဖြင့် စီးပွားဖြစ်ထွန်းခဲ့ပြီးသည့်နောက်တွင် စီးပွားရေးအခွင့်အလမ်းအသစ်များအတွက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ သွားခဲ့သည်။

အလုပ်အမျိုးမျိုး လုပ်ကိုင်ခဲ့ရာ၌ သူသည် အွန်လိုင်းဂိမ်းများကို တီထွင်ခြင်းမှ ကံကောင်းထောက်မစွာဖြင့် စီးပွားဖြစ်ထွန်းခဲ့ပြီးသည့်နောက်တွင် စီးပွားရေးအခွင့်အလမ်းအသစ်များအတွက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ သွားခဲ့သည်။ ဖိလစ်ပိုင်တွင် သူ လုပ်ကိုင်ခဲ့သော စီးပွားရေးအကြောင်း သတင်းအချက်အလက် အနည်းငယ်သာ ရှိသည်။

တရုတ်နိုင်ငံရှိ တရားရုံးမှ အထောက်အထားများက သူ လုပ်ကိုင်ခဲ့သည့် စီးပွားရေးကို အလင်းပြသည်။ Shandong ရှိ တရားရုံးက ခိုင်ခိုင်လုံလုံ သိထားသည်မှာ ၂၀၁၄ ခုနှစ်တွင် She Zhi Jiang ဟု အမည်ရှိသော အမျိုးသားတစ်ဦးသည် တရားမဝင် ထီလုပ်ငန်းကို ဖိလစ်ပိုင်နိုင်ငံတွင် လုပ်ကိုင်ခဲ့ရာ တရားမဝင် အမြတ် ယွမ် ၂ ဒသမ ၂ ဘီလျံ ရရှိခဲ့သည်။ တရားရုံး၏စာရွက်စာတမ်းများအရ She Kailun သည် ထွက်ပြေးတိမ်းရှောင်နေပြီး သူနှင့် ကြံရာပါရှစ်ဦး တို့မှာ ထောင်ဒဏ် ၁၅ လမှ ၂၄ လအထိ ချမှတ်ခြင်းခံခဲ့ရသည်။

တရားရုံး မှတ်တမ်း စာရွက်စာတမ်းတွင် ဖော်ပြထားသော မွေးသက္ကရာဇ်နှင့် ဓာတ်ပုံအရ She Zhi Jiang သည် အခြားသူ မဟုတ်။ She Kailun သာ ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် သူသည် ဖိလစ်ပိုင်တွင် Chong Hua General Enterprises အမည်ဖြင့် ကုမ္ပဏီ တစ်ခုကို မှတ်ပုံတင်ခဲ့သည်။ နောက်နှစ်တွင် ဒေသခံသတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သည်မှာ တရားမဝင် အွန်လိုင်းလောင်းကစားခြင်းတွင် ပါ ၀င်မှုအတွက် Chong Hua တွင် အလုပ်လုပ်နေသော နိုင်ငံခြားသား ၁၅၄ ယောက်ကို ဖိလစ်ပိုင်အာဏာပိုင်များက ပြည်နှင်ဒဏ် ခတ်ခဲ့သည်။

ဥပဒေ ချိုးဖောက်မှုများအတွက် Chong Hua အား ပီဆို ၄.၄ သန်း (ဒေါ်လာ ၉၁,၀၀၀) ဒဏ်ရိုက်ခဲ့သည်။

ကမ္ဘောဒီးယားအစိုးရ မှတ်တမ်းများအရ ၂၀၁၇ ခုနှစ်ဇန်နဝါရီလတွင် She Kailun ကမ္ဘောဒီးယားနိုင်ငံသားခံယူခဲ့ပြီးသူ့အမည်ကို Tang Kriang Kai ဟုပြောင်းလဲခဲ့သည်။ ထိုလတွင် She Kailun က Yatai International ကို ဟောင်ကောင်တွင် ဟောင်ကောင်ဒေါ်လာ ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃ )ဖြင့် မှတ်ပုံတင်ခဲ့သည်။

၂၀၁၇ ခုနှစ်မှစ၍ She Kailun အမည်ဖြင့် သူက လူမှုအဖွဲ့အစည်းများအကြား တက်တက်ကြွကြွဖြင့် လုပ်ကိုင်ခဲ့ပြီး လူမှုအဖွဲ့အစည်း အချို့တွင် အရေးပါသည့်ဂုဏ်ဆောင်နေရာများ ရရှိခဲ့သည်။

ထိုနှစ် စက်တင်ဘာလတွင် She Kailun သည် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး နှစ်စဉ်ကျင်းပသည့် World Chinese Entrepreneurs Convention ကို တက်ရောက်သည်။ ထိုအမ်းအနားတွင် ‌ေ'သခံအာဏာပိုင်တို့နှင့် Yatai City ဖွံ့ဖြိုးထူထောင်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုနှစ် ဒီဇင်ဘာလတွင် She Kailun သည် China Federation of Overseas Chinese Entrepreneurs(CFOCE) ၏ ဒုဥက္ကဋ္ဌ ဖြစ်လာသည်။ Yatai City သည် တရုတ်အစိုးရ၏ Belt and Road initiative နှင့် အချိတ်အဆက်တစ်ခု ဖြစ်ကြောင်းလည်း အကြိမ်ကြိမ် ပြောဆိုသည်။

ထိုင်းနိုင်ငံရှိ တရုတ်လူမျိုးအသိုင်းအဝိုင်းခေါင်းဆောင် Yu Xinqi သည် She Kailun ကို ၃ နှစ်ကြာသိကျွမ်းခဲ့ပြီး သူက ပြောပြသည်မှာ She Kailun သည် CFOCE ဥက္ကဋ္ဌ Zhong Baojia အပါအဝင် ဟောင်ကောင်ရှိ ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ငန်းရှင်များ အများအပြားနှင့် ဆက်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ထိုအဆက်အသွယ်များကို အသုံးပြုကာ သူ့စီးပွားရေးလက်တံများကို ဆန့်ထုတ်ခဲ့သည်။

Yatai International သည် China Railway 20 Bureau Group နှင့် China National Real Estate Development Group အပါအဝင် တရုတ်အစိုးရ၏ နိုင်ငံပိုင်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည်စပွန်ဆာပေးခြင်းနှင့် ရက်ရက်ရောရောလှူဒါန်းခြင်းများဖြင့် ပင်လယ်ရပ်ခြားတရုတ်လူမျိုးအသိုင်းအဝိုင်းများတွင် ဂုဏ်ထူးဆောင်ဘွဲ့များကို ရရှိခဲ့သည်။

သို့သော် အချို့က Yatai City အတွက် ငွေလုံးငွေရင်း အရင်းအမြစ်များ မြင့်တက်လာပုံကို

မေးခွန်းထုတ်ခဲ့သည်။ ဖိလစ်ပိုင်ရှိ တရုတ်စီးပွားရေးခေါင်းဆောင်များက She Kailun သည်ရေခြားမြေခြား တရုတ်လုပ်ငန်းရှင်များ၏ ဂုဏ်ရိပ်ကို ထိခိုက်ပျက်စီးစေသည့် သဘောတူညီမှုများ၊ အပေးအယူများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

၂၀၁၁ ခုနှစ်မှစ၍ ပြည်တွင်းမီဒီယာများနှင့် NGO များက Yatai City ၏ စီးပွားရေးလုပ်ငန်းများအကြောင်း မေးခွန်းမျာ းထုတ်ဝေခဲ့သည်။ ဇူလိုင်လတွင် CFOCE က She Kailun အား ဒုဥက္ကဋ္ဌ အဖြစ်မှဖယ်ရှားခဲ့ပြီး Yatai City ကို စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်နေစဉ် သူ့ကို အဖွဲ့ဝင်အဖြစ်မှ ရုပ်သိမ်းခဲ့သည်။

သြဂုတ်လတွင် မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ကြေညာာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ရွှေကုက္ကို အထူးစီးပွားရေးဇုန် စီမံကိန်းသည် တတိယနိုင်ငံရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး "Belt and Road Initiative” နှင့် ပတ်သက်မှုမရှိကြောင်းပြောကြားခဲ့သည်။

စက်တင်ဘာလနှောင်းပိုင်းတွင် ဘေဂျင်းမြို့လယ်ရှိ Yatai International ရုံးသို့ Caixin သို့ သွားရောက် ကြည့်ရှုခဲ့ရာ ရုံးခန်းမှာ လူမရှိကြောင်း တွေ့ရသည်။

အဆောက်အဦ၏ မန်နေဂျာက ရုံးကို လူမလာတော့သည်မှာ သုံးပတ်နီးပါး ရှိပြီဖြစ်သည်။ ရုံးခန်းငှားရမ်းမှုမှာ သက်တမ်း မကုန်သေးကြောင်း ပြောကြားခဲ့သည်။

Caixinglobal.com သည် တရုတ် ဘဏ္ဍာရေးနှင့် စီးပွားရေးသတင်းများ တင်ပြသည် မီဒီယာ လုပ်ငန်းစု Caixin ၏ အင်္ဂလိပ်ဘာသာသုံး အွန်လိုင်း သတင်းပေါ့တယ်တစ်ခုဖြစ်ပါသည်။

Tips Read 162 times