၂၀၃၀ တွင် လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်ဖြည့်ဆည်းပေးရန်ဆို


12 December, 2019

၂၀၃၀ တွင် လျှပ်စစ်စွမ်းအား ရာနှုန်းပြည့်ရရှိရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများကို တိကျခိုင်မာသော မူဝါဒလမ်းညွှန်ချက်များဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

 

ဆိပ်ကမ်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးတင်မောင်ဝင်း တင်သွင်းသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ရေအား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့အရင်းအမြစ်နှင့် ပြန်ပြည့်မြဲအရင်းအမြစ်များ စုပေါင်းပြီး ဆောင်ရွက်ရန်နှင့် ၂၀၃၀ တွင် လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်းအပြည့်အဝရရှိရေး ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုသည် နိုင်ငံအတွက် အမှန်တကယ် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်၍ အဆိုကိုဝန်ကြီးဌာနကလည်း ထောက်ခံကြောင်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောခဲ့သည်။

 

ရေအားလျှပ်စစ်သည် ရာသီဥတုအပေါ် များစွာမူတည်နေခြင်းကြောင့် လျှပ်စစ်ဖြန့်ဖြူးရေး များစွာအားနည်းချက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ရေအား၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ စသည့်အရင်းအမြစ်များကို အချိုးညီညီ အသုံးပြုဆောင်ရွက်ရန် ၂၀၃၀ မဟာဗျူ ဟာစီမံကိန်း ချမှတ်အကောင်အထည်ဖော်ခဲ့သော်လည်း နှစ်စဉ် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက်များ တင်ပြတောင်းခံရတွင် အပြည့်အဝမရခဲ့ကြောင်း  အထက်ပါဒုဝန်ကြီးက စီမံကိန်းအချို့ကို ဥပမာပေး၍ လွှတ်တော်၌ ရှင်းလင်းပြောကြား သည်။

 

စာသင်ကျောင်း၊ ဆေးရုံ စသည့်အဆောက်အအုံလုပ်ငန်းများကို ဘတ်ဂျက်နှစ်စဉ် အပိုင်းအခြားအလိုက် ဆောင်ရွက်ရာတွင် အဆင်ပြေသော်လည်း လျှပ်စစ်စီမံကိန်းများကိုမူ နှစ်စဉ်ပိုင်းခြားစီမံသည့် ဘတ်ဂျက်စနစ်ဖြင့် ဆောင်ရွက်နေခြင်းအပေါ် ပြန်လည်သုံးသပ်သင့် ဟု ၎င်းက အကြံပြုသည်။

‘‘နိုင်ငံအတွက် အထူးအရေးကြီးတဲ့ နှစ်ရှည်တည်ဆောက်ဆောင်ရွက်ရမယ့် ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ၊ မဟာဓာတ်အားလိုင်းစီမံကိန်းတွေကို အလားတူတစ်ပြေးညီ နှစ်စဉ်ပိုင်းခြားစီမံတဲ့ ဘတ်ဂျက်စနစ်နဲ့ ဆောင်ရွက်နေတဲ့ကိစ္စကိုလည်း ပြန်လည်စဉ်းစားသုံးသပ် သင့်ပါတယ်။ ဘတ်ဂျက်အာမခံချက်ရှိမှလည်း ဒီစီမံကိန်းတွေပြီးစီးမှာ ဖြစ်ပါတယ်’’ ဟု ဒုဝန်ကြီးက ပြောသည်။

 

ဘတ်ဂျက်အပြည့်အ၀ မရရှိခြင်းကြောင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးပါက ပြည်သူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်မည့် အခြေအနေမှ ရွေ့လျားသွားပြီး နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး အားနည်းချက်များ ဖြစ်ပေါ်စေခဲ့သည်ဟု ၎င်းက ဆိုသည်။

 

လုံလောက်သည့် ဘတ်ဂျက်များ ခုနစ်နှစ်ဆက်တိုက် မရရှိခဲ့ခြင်းကြောင့် သတ်မှတ်ကာလအတွင်း ပြီးစီးခြင်းမရှိသည့် လျှပ်စစ်စီမံကိန်းများ အကြောင်းကိုလည်း  ဒုဝန်ကြီးက လွှတ်တော်သို့ အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

 

‘‘စီမံချက်တွေ၊ စီမံကိန်းတွေ၊ မူဝါဒတွေ မည်သို့ပင်ချချ လက်တွေ့ဖြစ်ရပ်ကသာ အဖြေဖြစ်ပါတယ်။ ဒီလိုလက်တွေ့ဖြစ်ရပ် အဖြေဖြစ်ဖို့ဆိုတာ စာရွက်ထဲမှာပြီးနေပေမယ့် လက်တွေ့မှာပြီးဖို့ဆိုတာ ဘဏ္ဍာရန်ပုံငွေကိစ္စကို အမြဲတမ်းတင်ပြတာဖြစ်ပါတယ်’’ ဟု ဒေါက်တာ ထွန်းနိုင်က ပြောသည်။ တည်ဆောက်ချိန် ပို၍ကြာပါက ငွေလဲနှုန်းများ ပြောင်းလဲခြင်း၊ ဒီဇယ်ဆီဈေးနှုန်းအပါအဝင် လုပ်အားခများ၊ စီမံကိန်းလုပ်ငန်းသုံးပစ္စည်းဈေးနှုန်းများ ပြောင်းလဲခြင်းတို့ကြောင့် စီမံကိန်းကုန်ကျစရိတ် ပိုမိုများပြားစေခဲ့ကြောင်းလည်း ၎င်းက လွှတ်တော်သို့ တင်ပြသည်။

 

လျှပ်စစ်ဓာတ်အားများ တည်ငြိမ်စွာ ပေးပို့နိုင်ရေးအပါအဝင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်များ မဖြစ်ပေါ်စေရန် လိုအပ်ချက်များကို သိရှိသော်လည်း အချိန်မီဆောင်ရွက်နိုင်ရေး ကျောထောက်နောက်ခံရှိရန် လိုအပ်သည်ဟု ဒေါက်တာထွန်းနိုင်က ပြောသည်။  

 

လက်ရှိတည်ဆောက်နေသည့် လျှပ်စစ်ဆိုင်ရာစီမံကိန်းအချို့သည် တည်ဆောက်သင့်သည့်အချိန်ထိ ဆယ်စုနှစ်ကျော်နောက်ကျဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆောင်ရွက်သင့်သည့် လုပ်ငန်းကို အချိန်မီဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းကြောင့် တိုင်းပြည်၌ နောက်ဆက်တွဲ အခက် အခဲများ  ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

၂၀၀၀ ပြည့်နှစ်ကတည်းက  နှစ်(၃၀) လျှပ်စစ်မဟာဗျူဟာစီမံကိန်းကို ၎င်းကိုယ်တိုင်ရေးဆွဲခဲ့ရာ စီမံကိန်းဆောင်ရွက်မည့် အချိန်ဇယားများ၊ ငွေကြေးကုန်ကျမှုများ တိတိကျကျပါရှိခဲ့သော်လည်း  ဘတ်ဂျက်ပြည့်ဝစွာ မရရှိခြင်းကြောင့် လက်တွေ့ဖော်ဆောင်ရာတွင် ကွာဟမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေါက်တာထွန်းနိုင်က  ပြောကြားသည်။

 

အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးရာ ရေအားလျှပ်စစ်စီမံကိန်းသာမက ကျောက်မီးသွေးကဲ့သို့သော် အရင်းအမြစ်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရန် အကြံပြုချက်များ လွှတ်တော်၌ ဆွေးနွေးတင်ပြခဲ့သည်။

Factory and Industrial Plant Read 49 times