ကန်ထရိုက်တာနှင့် မြေပိုင်ရှင်တို့ အကြား ဆောင်ရန် ၊ ရှောင်ရန်များ


06 December, 2020

အဆောက်အဦးများကို ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့သည်အောက်ပါနည်း (၂)မျိုးဖြင့် ဆောင်ရွက်တတ်ကြပါသည်။

     ၁။ မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ အခန်းပေးအခန်းယူဆောက်လုပ်ခြင်း။

    ၂။ မြေပိုင်ရှင်ကမိမိပိုင်မြေပေါ်တွင် မိမိပိုင်အဆောက်အဦးအား မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာ အားငှားရမ်းဆောင်ရွက်ခြင်း၊

    (တနည်းအားဖြင့်)P.A.E စနစ်(Per Area Estimation ) အဆောက်အဦး၏တစ်ယူနစ်ဧရိယာခန့်မှန်းတွက်ချက်ပြီးစိစစ်လက်ခံသည့်စနစ်တို့ဖြစ်ပါသည်။

ခံစားခွင့်များ
******

        မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ အခန်းပေးအခန်းယူဆောက်လုပ်ကြရာတွင် အဆောက်အဦးတစ်လုံး အတွက်ကုန်ကျစရိတ်ကို ကန်ထရိုက်တာကအကုန်အကျခံဆောက်လုပ်ရပြီး မိမိခံစားပိုင်ခွင့်ရသည့်အခန်းများကိုကြိုတင်အရစ်ကျရောင်းချခြင်း၊အခန်းဆောက်လုပ်ပြီးမှရောင်းချခြင်းများဖြစ်ပါသည်။

        P.A.E စနစ်မှာထိုသို့မဟုတ်ပါ၊မြေပိုင်ရှင်မှ မိမိပိုင်မြေပေါ်တွင် မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာအား အဆောက်အဦး၏တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးကိုကန်ထရိုက်တာမှတွက်ချက်၍အဆောက်အဦးတစ်ခုလုံး အပြီးအစီးငွေကျပ်မည်၍ မည်မျှကုန်ကျမည်၊ရယူမည်ဆိုသည်ကိုမြေပိုင်ရှင်ဘက်မှလက်ခံပြီးအဆောက်ဦးဆောက်လုပ်ခွင့် ပါမစ်ရ၍စတင်မြေတူးသည့်နေ့တွင် %မည်၍မည်မျှကိုလည်းကောင်း၊ပထမထပ်ကြမ်းခင်းပြီးလျှင် %မည်၍မည်မျှကိုလည်းကောင်း၊အဆောက်အဦးအမိုးမိုးပြီးလျှင် %မည်၍မည်မျှကိုလည်းကောင်း၊အဆောက်အဦးအားသတ်မှတ်စံချိန်စံညွှန်း၊ သတ်မှတ်ခွင့်ပြုသည့်ပုံစံအတိုင်း အဆောက်အဦးပြီးဆုံးကြောင်း သက်သေခံလက်မှတ်(ဘီစီစီ)(Building complicateCertificate ) ရလျှင် မည်၍မည်မျှကို မြေပိုင်ရှင်က ကန်ထရိုက်တာအား ငွေပေးချေရသည့်စံနစ်ဖြင့်အဆောက်အဦးဆောက်လုပ်ခြင်း ဖြစ်ပါသည်။ကန်ထရိုက်တာအနေဖြင့်အဆောက်အဦးနှင့် ပတ်သက်၍ခံစားခွင့်မရှိပါ။

သတိပြုစရာများ
*******

        အခန်းပေးအခန်းယူစနစ်ဖြင့်ဆောက်လုပ်ရာတွင် ကန်ထရိုက်တာများသည်ကြိုတင်ငွေပေးချေမှုစနစ်ဖြင့်မိမိရပိုင်ခွင့်ရှိသည့်တိုက်ခန်းများအားလုံးကိုဖြစ်စေ၊ အားလုံးနီးပါးကိုဖြစ်စေ၊ရောင်းချနေပြီဆိုလျှင်မြေပိုင်ရှင်များဘက်မှစာချုပ်များတွင် အသိအမှတ်ပြုလက်မှတ် မထိုးပေးရန်သတိပြုဘို့အထူးလိုအပ်ပါသည်။

        ကန်ထရိုက်တာအနေဖြင့်အရောင်းစာချုပ်၊ စရန်ပေးစာချုပ်တို့ချုပ်ပေး၍အတိုးဖြင့်ငွေချေးယူတတ်ခြင်း၊အမှန်ရောင်းချလျှင်လည်းရပိုင်ခွင့်ဆက်လက်မကျန်ရှိ၍ အဆောက်အဦးအားပဋိညာဉ်ပါအတိုင်းပြီးဆုံးအောင်မဆောင်ရွက်ဘဲရှောင်တိန်းထွက်ပြေးနိင်ပါသည်။ မြေပိုင်ရှင်အနေဖြင့်လက်မှတ်ရေးထိုးပေးမိလျှင်ကန်ထရိုက်တာထံမှအခန်းကြိုဝယ်သူများမှ ကန်ထရိုက်တာနှင့်အတူပူးတွဲတရားစွဲဆိုခြင်းခံရမည်ဖြစ်ပါသည်။

        ထို့အပြင်ကန်ထရိုက်တာသည်အခန်းတစ်ခန်းတည်းကို နှစ်ဦးသို့မဟုတ်သုံး/လေးဦးတို့ကိုဆင့်ကဲဆင့်ကဲရောင်းချတတ်၍မြေပိုင်ရှင်အနေဖြင့် ကန်ထရိုက်တာအားအားနာမှု ယုံကြည်မှုတို့ဖြင့် လက်မှတ်ထိုးပေးမိပါက  "ပဲလှော်ကြားဆားညပ်တတ်ပါသည်"။

        သက်ဆိုင်ရာYCDC မှဆောက်လုပ်ခွင့်ပါမစ်ကျပြီးနောက် အဆောက်အဦးမဆောက်သေးဘဲအခန်းများကိုကြိုတင်၍အောက်ဈေးဖြင့်ရောင်းချနေသည့်ကန်ထရိုက်တာများဆိုလျှင် သတိနှင့်ကြပ်မှတ်သင့်ပါသည်။

        တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ လိုင်စင်အငှားဖြင့်ဆောက်လုပ်သည့်ကန်ထရိုက်တာများ လည်း ရှိပါသည်။ထိုသို့ လိုင်စင်အငှားနှင့်ဆောက်မည့်ကန်ထရိုက်တာနှင့်ဆိုလျှင် လိုင်စင်ပိုင်ရှင်ကန်ထရိုက်တာကိုပါစာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားရန်လိုအပ်ပါသည်။

        PAE စနစ်ဖြင့်ဆောက်လုပ်သောမြေပိုင်ရှင်များအဖို့ လိုင်စင်ရအင်ဂျင်နီယာတစ်ဦးနှင့်စံချိန်စံညွှန်းများကိုအမြဲမပြတ် စစ်ဆေးသင့်ပါသည်။

 (မကြာခဏကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြားအထက်ပါအချက်များအပေါ်သတိမထားမိကြဘဲ အမှုများဖြစ်ပွားတတ်သောကြောင့် ဆောင်ရန်၊ရှောင်ရန်တင်ပြရခြင်းဖြစ်ပါသည်။)

Real Estate & Properties Read 107 times