TikTok ရဲ့ စီအီးအိုအသစ် စင်ကာပူမှာဒေါ်လာ ၆၄ သန်းတန် ဘန်ဂလိုတစ်လုံး ဝယ်ရန် ပြောဆိုထား


05 August, 2021

TikTok ရဲ့ စီအီးအိုအသစ် ရှိုဇီခြူး (Shou Zi Chew) က ဒေါ်လာ ၆၄ သန်းတန် တစ်ထပ်အိမ် ဘန်ဂလိုတစ်လုံးကို စင်ကာပူမှာ ဝယ်ယူဖို့ ညှိနှိုင်းပြောဆိုနေပါတယ်။ 
အသက် ၃၈ နှစ် ရှိသူ ခြူးက ပြီးခဲ့တဲ့ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance မှာ ဘဏ္ဍာရေးမှူးချုပ်အဖြစ် မတ်လမှာ စတင်လုပ်ကိုင်ခဲ့ပြီး မေလမှာ TikTok ရဲ့ စီအီးအို ဖြစ်လာခဲ့ပါတယ်။ 
ဘန်ဂလိုက လက်ရှိအမြင်မှာ အိုဟောင်းနေပြီး သားသားနားနား မဖြစ်တာကြောင့် ဝယ်ယူပြီးတဲ့အခါ ပြုပြင်မွမ်းမံမှုများ လုပ်ရဖို့ ခြူးက ထည့်တွက်ထားပါတယ်။ 

ဘန်ဂလိုက စင်ကာပူဒေါ်လာ ၈၆ သန်း (အမေရိကန်ဒေါ်လာ ၆၃.၅ သန်း ဝန်းကျင်) ဖြင့် ဈေးဖွင့်ထားပါတယ်။ 

 

စင်ကာပူမှ ကုံလုံကြွယ်ဝတဲ့သူတွေ နေထိုင်တဲ့ ဒသမခရိုင်ရဲ့ Queen Astrid Park  ရပ်ကွက်မှာ တည်ရှိပါတယ်။ 
အကျယ်အဝန်း ၃၁,၈၀၀ စတုရန်းပေ ရှိတဲ့ ခြံထဲမှာ အိုမင်းပြီး ယိုယွင်းနေတဲ့ ဘန်ဂလို တည်ရှိပါတယ်။ 

အိုးအိမ်အတန်းအစားမှာ "good class bungalow"  အဆင့်အတန်း ဝင်တဲ့ ဘန်ဂလို ဖြစ်ပါတယ်။ အဲဒီ အတန်းအစားမှ လုံးချင်းအိမ်တွေကို ဈေးကွက်မှာ ငမ်းငမ်းတက် အလိုချင်ကြဆုံး ဖြစ်ပါတယ်။ အဲဒီအတန်းအစားဝင်ဖို့ သတ်မှတ်ထားတဲ့ ဧရိယာတွေမှာပဲ တည်ဆောက်ထားတဲ့အိမ် ဖြစ်ဖို့ လိုတဲ့အပြင် ခြံအကျယ်က အနည်းဆုံး ၁၅,၀၀၀ စတုရန်းပေ ရှိရပါတယ်။ 

အိမ်ပွဲစား Bruce Lye က တကယ်လို့ အရောင်းအဝယ်ဖြစ်သွားရင် Queen Astrid Park မှာ ဈေးအကြီးဆုံး ဘန်ဂလို အရောင်းအဝယ်အဖြစ် သတ်မှတ်ခံရမယ်လို့ ဆိုပါတယ်။ သူက  Singapore Realtors Inc ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး စီမံဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ 
Queen Astrid Park ဈေးစံညွှန်းအသစ်တစ်ခု ဖြစ်သွားမယ်လို့ သူက မှတ်ချက်ပြုပါတယ်။ 

တကယ်လို ဘန်ဂလိုကို ခြူးဝယ်ဖြစ်သွားရင် စင်ကာပူရဲ့ good class bungalow အဆင့်အတန်းဝင် အိုးအိမ် ဝယ်ယူတဲ့ နည်းပညာလုပ်ငန်းရှင် သန်းကြွယ်သူဌေးတွေထဲမှာ ခြူးလည်း တစ်ယောက် အပါအဝင် ဖြစ်လာမှာ ဖြစ်ပါတယ်။ 

ကားအငှားလုပ်ငန်း အက်ပ် Grab ရဲ့ စီအီးအို  Anthony Tan က ဇူလိုင်လတုန်းက Bin Tong Park အနီးမှာ တည်ရှိတဲ့ good class bungalow တစ်လုံးကို အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ဝယ်ယူခဲ့ပါတယ်။ 
အဲဒါမတိုင်ခင် တစ်ပတ်လောက်က ဂိမ်းလုပ်ငန်း SecretLab  ပူးတွဲထူထောင်သူနဲ့ လက်ရှိစီအီးအို အသက် ၂၈ နှစ်ရှိသူ Ian Ang က  Caldecott Hill မှာ တည်ရှိတဲ့ good class bungalow တစ်လုံးကို အမေရိကန်ဒေါ်လာ ၂၇ သန်းဖြင့် ဝယ်ယူခဲ့ပါတယ်။ 
Queen Astrid Park ကနေ မောင်းသွားရင် ၁၀ မိနစ်လောက်ပဲ ဝေးတဲ့နေရာ Cluny Hill မှာ တည်ရှိတဲ့  good class bungalow တစ်လုံးကို မေလတုန်းက အမေရိကန်ဒေါ်လာ ၄၇ သန်းဖြင့် အိမ်ပွဲစား Bruce Lye က ပွဲစားလုပ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တာမှာလည်း ဝယ်ယူသူက နည်းပညာနယ်ပယ်မှ ဖြစ်ကြောင်း သူက ပြောပြပါတယ်။ 
လောလောဆယ်မှာ Queen Astrid Park မှာ တည်ရှိတဲ့ good class bungalows နှစ်လုံး ရောင်းဖို့ ရှိပြီး တစ်လုံး အမေရိကန်ဒေါ်လာ ၆၃ သန်း ဈေးခေါ်ထားပြီး ကျန်တစ်လုံးက တေ့တေ့ဆိုင်ဆိုင် ပြောဆိုတော့မှ ဈေးပြောမယ်လို့ ဆိုပါတယ်။ 

 

ခြူးက တရုတ်ကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့ စင်ကာပူတရုတ်လူမျိုး ဖြစ်ပါတယ်။ TikTok ရဲ့ စီအီးအိုအဖြစ် သုံးလ လုပ်ကိုင်ခဲ့ပြီး နှုတ်ထွက်လိုက်တဲ့ Kevin Mayer နေရာကို ခြူးက လူစားလဲ ဝင်ယူခဲ့တာ ဖြစ်ပါတယ်။ 

ခြူးက စီးပွားရေးပညာကို University College London မှာ သင်ယူခဲ့ပြီး Harvard Business School ကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ သူနဲ့ သူ့ဇနီး Vivian Kao နှစ်ဦးစလုံး Harvard Business School တက်ခဲ့ကြသူများ ဖြစ်ပြီး လန်ဒန်မြို့၊ ဟောင်ကောင်မြို့နဲ့ ဘီဂျင်းမြို့တွေမှာ နေထိုင်ခဲ့ကြတယ်။ ပြီးတော့မှ စင်ကာပူမှာ အခြေပြန်ချကြတာ ဖြစ်ပါတယ်။
 

Global Read 728 times