မြန်မာလူဦးရေ သိန်းနှင့်ချီ အလုပ်အကိုင်ရရှိမည့် စက်မှုဇုန်မံကိန်း(၃)ခု ရန်ကုန်မြို့မှာ စတင်

17 January, 2021

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်က သီလဝါအထူးစီးပွားရေးဇုန်ဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံအတွင်း အောင်မြင်မှုရရှိနေတဲ့ စီမံကိန်းတစ်ခုပါ။

ဒီလို အလားတူ စီမံကိန်းနောက်ထပ်(၃)ခုကို ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့က ကုမ္ပဏီတွေက ဖက်စပ်လုပ်ကိုင်ဖို့ဆွေးနွေးထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုချက်လည်း ချပေးပြီးဖြစ်လို့ စတင်ဆောင်ရွက်နေကြပါပြီ။

ကိုရီးယား- မြန်မာ စက်မှုဇုန် အဖြစ်ဖော်ဆောင်မယ့် KMIC စက်မှုဇုန်ကိုတော့ ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဒီဇင်ဘာလ(၂၄)ရက်နေ့က စတင်ပန္နက်ရိုက်ခဲ့ပြီး ထိုင်း- မြန်မာဖက်စပ်လုပ်ငန်း AMATA Smart and Eco City စီမံကိန်းကိုလည်း ဒီဇင်ဘာ(၂၇) ရက်က စတင်ခဲ့ပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံနဲ့ စပ်တူလုပ်မယ့် စက်မှုဇုန်ကိုတော့ မကြာခင်အချိန်မှာစတင်တော့မယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်းက ပြောပါတယ်။

ကိုရီးယားနိုင်ငံအစိုးရနဲ့ ချိတ်ဆက်လုပ်ကိုင်ခဲ့တဲ့ Korea Land and Housing စီမံကိန်းဟာဆိုရင် (၂၂၅)ဟက်တာ အထိ ကျယ်ပြီး အမေရိကန် ဒေါ်လာသန်း (၁၁၀) လောက်ကုန်ကျမှာပါ။ တောင်ကိုရီးယားအစိုးရက ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့အတွက် (၁၉၈၇)ခုနှစ်က ရန်ပုံငွေတစ်ရပ်ထူထောင်ခဲ့တဲ့ Economic Development Cooperation Fund ကနေ ချေးငွေရယူပြီး KMIC အတွက် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ဓာတ်အားခွဲရုံတွေ၊ မဟာဓာတ်အားလိုင်းကနေ ဓာတ်အားလိုင်းသွယ်တန်းတာတွေနဲ့ ရေသွယ်တန်းတာတွေအတွက် သုံးစွဲမှာပါ။ ကိုရီးယား- မြန်မာ စက်မှုဇုန်စီမံကိန်းကနေ မြန်မာလုပ်သားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း(၁)သိန်းခန့် ဖန်းတီးနိုင်မှာဖြစ်တယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားထားပါတယ်။

တောင်ကိုရီယား- မြန်မာ စက်မှုဇုန်စီမံကိန်းစတင်ပြီး ရက်ပိုင်းအတွင်း စတင်လာတဲ့ ဒုတိယ စီမံကိန်းကတော့ ထိုင်းနိုင်ငံအခြေစိုက် AMATAရဲ့ Yangon Amata Smart and Eco City စီမံကိန်းပါ။ ဒီစီမံကိန်းဟာ ဟက်တာ(၈၀၀)အထိ ကျယ်ဝန်ပြီး ဟက်တာ(၈၀)ကို AMATA ဘက်က ပထမအဆင့်ဖော်ဆောင်မှာဖြစ်ကာ နောက်ဟက်တာ(၈၀)ကိုတော့ မြန်မာအစိုးရက အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ဒီစံမံကိန်းအတွက် ကုန်ကျစရိတ်က Amata ဘက်ကတည်ဆောက်မယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကုန်ကျစရိတ်အပါအဝင် အမေရိကန်ဒေါ်လာ (၁)ဘီလီယံ အထိရှိပါတယ်။ ထိုင်း- မြန်မာ စပ်တူဖော်ဆောင်တဲ့ Yangon Amata Smart and Eco City စီမံကိန်းမှာတော့ လုပ်သားပေါင်း (၃၀,၀၀၀) ကျော်အထိ အလုပ်အကိုင်တွေရနိုင်မယ်လို့ AMATA ဘက်က ပြောထားပါတယ်။

စင်ကာပူနိုင်ငံနဲ့ ဖက်စပ်လုပ်ကိုင်မယ့် တတိယမြောက်စီမံကိန်းကတော့ မကြာခင်လပိုင်းအတွင်းမှာ စတင်မှာဖြစ်ပြီး စင်ကာပူအစိုးရနဲ့ချိတ်ဆက်ထားတဲ့ Sembcorp Industries ကုမ္ပဏီက အကောင်အထည်ဖော်သွားမှာပါ။ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း(၂၃၀)ကုန်ကျမယ့်လို့ ခန့်မှန်းထားပြီး Sembcorp Industries (SCI)ရဲ့ လက်အောက်ခံလုပ်ငန်းဖြစ်တဲ့ Sembcorp CSSD Myanmar Co.Ltd.,က စီမံကိန်းမှာ (၆၇)ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးလူသုံးကုန်နဲ့ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ ကုမ္ပဏီဖြစ်တဲ့ City Holdings လက်အောက်ရှိ လက်ကားအရောင်းလုပ်ငန်းကြီး Pahtama Group က(၁၈)ရာခိုင်နှုန်းနဲ့ Myanmar Agribusiness Public Corp (MAPCO) က(၁၅)ရာခိုင်နှုန်း ပိုင်ဆိုင်မှာပါ။

စားသောက်ကုန်လုပ်ငန်းကို အခြခံတဲ့ ဒီစီမံကိန်းကိုတော့ ရန်ကုန်တိုင်းအစိုးရက ကြီးကြပ်နေပြီး မြန်မာပြည်အထက်ပိုင်းကို ကုန်စည်ပို့ဆောင်ဖို့အတွက်နဲ့ ပြည်ပကိုတင်ပို့ဖို့အတွက် ဂျပန်နိုင်ငံက တည်ဆောက်မယ့် ရန်ကုန်-သီလဝါလမ်းနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းတို့ကို ချိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းကနေ မြန်မာလုပ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်ထိရနိုင်မလည်းဆိုတာကိုတော့ အတိအကျ မကြေညာထားသေးပါဘူး။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကတစ်ဆင့် အရည်အသွေးရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ Korea-Myanmar Industrial complex, KMIC ပန္နက်တင် အခမ်းအနားကို ပေးပို့ခဲ့တဲ့ မိန်းခွန်းမှာ ပြောကြားထားပါတယ်။ ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ် (၅.၇)ဘီလီယံနီးပါးရှိတယ် လို့လည်း ပြောကြားထားပါတယ်။

#MyanmarLabourNews

Factory and Industrial Plant Read 1280 times