မြန်မာ့ကမ်းရိုးတန်းတွင် အာရှနိုင်ငံကြီး သုံးနိုင်ငံက ဆိပ်ကမ်းသစ်ဖွင့်လှစ်ရန် စီစဉ်နေ


01 August, 2019

တရုတ်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့က ပထဝီ အနေအလာအရ အချက်အခြာကျသော မြန်မာကမ်းရိုးတန်းတစ်လျှောက်တွင် ကုန်သွယ်ဆိပ်ကမ်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း Nikki Asian Review တွင် ဖော်ပြချက်များအရ သိရသည်။

 မြန်မာနိုင်ငံသည် တရုတ်၊အိန္ဒိယနှင့် အရှေ့တောင် အာရှအကြားတွင် ရှိသဖြင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးအတွက် အချက်အချာဖြစ်သောကြောင့် စိတ်ဝင်စားခြင်းဖြစ်ကာ ယင်းအထဲတွင် ဂျပန်နိုင်ငံသည် စိတ်အားအထက်သန်မှု အများဆုံးဖြစ်ကြောင်း သိရသည်။

 ဂျပန်နိုင်ငံ၏ ကုန်စည် ပို့ဆောင်ထောက်ပံ့ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သော ကာမီဂူမီ၊ ကုန်သွယ်ရေးလုပ်ငန်းများ ပြုလုပ်နေသော ဆူမီတိုမိုကော်ပိုရေးရှင်းနှင့် တိုယိုတာကုမ္ပဏီတို့အနေဖြင့် ဇွန်လ အစောပိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန်နှင့် ကပ်လျက်တွင် ကွန်တိန်နာဆိပ်ကမ်းတစ်ခု ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

 မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်က သီလဝါ နှင့် ရန်ကုန်ဆိပ်ကမ်း နှစ်ခုပေါင်း ကွန်တိန်နာ အလုံးရေ ၁ ဒသမ ၀၃ သန်း လက်ခံဆောင်ရွက်ခဲ့သော်လည်။ လာမည့် ငါးနှစ်အတွင်း အလုံးရေ နှစ်ဆတိုးလာနိုင်သည်ဟု ခန့်မှန်းထားပြီး လက်ရှိဆိပ်ကမ်းနှစ်ခုစလုံးသည် မြစ်အထက်ပိုင်းတွင် ရှိသောကြောင့် ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်မှုမပြုလုပ်နိုင်ကြောင်း ဖော်ပြထားသည်။

 ထို့ကြောင့် ယခုနှစ်အတွင်း JICA မှ ကုန်တင်သင်္ဘောကြီးများဆိုက်ကပ်နိုင်မည့်ဆိပ်ကမ်း တည်ဆောက်ရန် နေရာ ရှာနေပြီဖြစ်ကြောင်းနှင့် ဗီယက်နမ် စင်္ကလြမ်းမနှင့် အနီးဆုံးဖြစ်သောမော်လမြိုင်၊ ရန်ကုန်မြစ်ဝတို့ကို လတ်တလောတွေ့ရှိထားကြောင်း ဖော်ပြထားသည်။

 ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် တရုတ်ကုမ္ပဏီ အများအပြားဝင်ရောက်လုပ်ကိုင်လျက်ရှိသော မန္တလေးမြို့တွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံအတွင်း ခြေကုပ်ရယူရန်လှုပ်ရှားမှုများရှိလာပြီးစစ်တွေဆိပ်ကမ်း တည်ဆောက်ရေးတွင် အကူအညီများပေးထားကြောင်း သိရသည်။

Region Factory and Industrial Plant Read 36 times