ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမြေ နှင့် အဆောက်အအုံများ လုပ်ကိုင်နေသူများကို အရေးယူမည်

30 December, 2020

လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမြေလှပ်ထားခြင်း၊ အဆောက်အအုံ များ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းများအား လယ်ယာမြေဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်း သုံးစွဲခွင့် ကြိုတင်ဆောင်ရွက်ခြင်း မရှိစေရေးနှင့် ခွင့်ပြုချက် မရရှိမီ အခြားနည်းသုံးစွဲခြင်းကိစ္စရပ်များ လုံးဝရပ်တန့်သွား အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယနေ့ ပြည်သူလူထု အကြား ရေပန်းစားနေသည့် လူမှုကွန်ရက် မီဒီယာလောက တွင် လယ်ယာမြေများကို အိမ်ရာခြံမြေအဖြစ် အကွက်ရိုက် ရောင်းချမှု ကြော်ငြာများဖြင့် ဆောင်ရွက်နေသည်များကို တွေ့မြင်နေရကြောင်း၊ ယခုကဲ့သို့ လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမြေလှပ်ထားခြင်း၊ အဆောက်အအုံ များ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်ပါက လယ်ယာမြေဥပဒေအရ အရေးယူခြင်းခံရမည်ကို ပြည်သူ လူထုအကြား သိရှိနားလည်စေရန်နှင့် ရောင်းမှား ဝယ်မှား မဖြစ်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လို ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် သိမ်းယူ ခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့်ကိစ္စ၊ ရန်ကုန်တိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လှည်းကူးမြို့နယ် အတွင်း စက်မှုဥယျာဉ်မြို့တော် စီမံကိန်းဆောင်ရွက်ရန် ကိစ္စနှင့်စပ်လျဉ်း၍ တင်ပြလာခြင်းကိစ္စ၊ ဌာနဆိုင်ရာ၊ သာသနာ ရေးဆိုင်ရာနှင့် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ရေး တို့အတွက် အခြားနည်းသုံးစွဲခွင့် လျှောက်ထားလာမှု ကိစ္စရပ်များ၊ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များက ပြန်လည်စိစစ်တင်ပြလာသော ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေး ရန် လျှောက်ထားလာသည့်ကိစ္စရပ်များအား ဆွေးနွေး ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး၌ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအရ ခွင့်ပြုချက် မရရှိမီ ကြိုတင်အသုံးပြုထားသည့်အတွက် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်ရန် အဆိုပြုတင်ပြလာသော လုပ်ငန်းကိစ္စရပ် များ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အခြားနည်း အသုံးပြုခွင့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်သည့် ကိစ္စရပ် များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ခံချက်များဖြင့် ပြီးပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ (က) အရ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်၍ လည်းကောင်း၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေနည်းဥပဒေ ၃၅၊ ၃၆ တို့အရ ယခင်အစိုးရ ကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာ သည့် လုပ်ငန်းစာတွဲများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များမှ လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်ပြုပါရန် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများကို တည်ဆဲ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပါပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက် များနှင့် ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ စိစစ်ပြီးခွင့်ပြုခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ရုံးအမှတ်(၁၅) ၌ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ အဖွဲ့ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Laws and Regulations Read 7710 times