အိမ်ရာဝယ်ယူလိုသူများအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိရန်လိုအပ်


06 December, 2020

 နိုင်ငံတော်က ၂၀၃၀ ပြည့်နှစ်အတွင်း အိမ်ရာတစ်သန်းဆောက်လုပ်ရန် ရည်ရွယ်ထားပြီး ယင်းအိမ်ရာဝယ်ယူလိုသူများကို ဂျပန်နိုင်ငံမှ DI Tokyo ကုမ္ပဏီက ငွေချေးပေးမည်ဖြစ်သော်လည်းဝယ်ယူလိုသူများအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိရန် လိုအပ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

လက်မှတ်ထိုး
*********
          ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အိမ်ရာတစ်သန်း စီမံကိန်းအတွက် လိုအပ်သောအာမခံဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန် သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြု နိုင်ငံတကာအာမခံလုပ်ငန်းများနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ရန်ကုန်မြို့ရှိ မြန်မာ့အာမခံလုပ်ငန်းရုံးတွင် သြဂုတ် ၂၈ ရက်က နားလည်မှုစာချွန်လွှာ MoU ရေးထိုးခဲ့သည်။

ရည်ရွယ်ထား
**********
            "နိုင်ငံတော်က ၂၀၃၀ ပြည့်နှစ်အထိကို အိမ်ရာတစ်သန်းဆောက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအတွက် နိုင်ငံပိုင်ဖြစ်တဲ့ မြန်မာ့အာမခံလုပ်ငန်းကနေ အိမ်ရာဝယ်ချင်တဲ့သူတွေအတွက် အာမခံပေါ့။ အိမ်ရာဝယ်ယူဖို့အတွက် အရစ်ကျနဲ့ ငွေသွင်းသွားတဲ့အချိန်မှာ အိမ်ထောင်ဦးစီးက အကြောင်းမလှလို့ သေဆုံးတာတို့၊ ထာဝစဉ်မသန်စွမ်းဖြစ်မယ်ဆိုရင် မြန်မာ့အာမခံကနေ အာမခံထားတဲ့ကုမ္ပဏီကို ငွေဆက်ပြီး သွင်းပေးသွားမယ်။ ကျန်ဆက်ပေးသွင်းရမယ့်ငွေကို ပေးသွင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ နားလည်မှုစာချွန်လွှာချုပ်ဆိုတာကတော့ ငွေချေးမယ့်ကုမ္ပဏီပါတယ်" ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဒေါက်တာစန္ဒာဦးက ပြောဆိုသည်။

အကောင်အထည်ဖော်
***************
            အိမ်ရာဝယ်လိုသူများကို DI Tokyo ကုမ္ပဏီက ချေးငွေထုတ်ပေးသွားမည်ဖြစ်သော်လည်း ဆောက်လုပ်ရေးနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ချေးယူရမည်ဖြစ်သည်။ ယင်းကဲ့သို့ ချေးယူပြီးပါက မြန်မာ့အာမခံတွင်အာမခံ ဝယ်ယူထားရှိနိုင်မည်ဖြစ်ပြီး မလေးရှားနိုင်ငံရှိ Hannover Rusk SE ကုမ္ပဏီက ယင်းပရောဂျက်အတွက် စွန့်စားမှုအန္တရာယ်အား တွက်ချက်ပေးမည်ဖြစ်သည်။ ထိုသို့တွက်ချက်ပြီးမှသာ ယင်းပရောဂျက်ကို အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"အန်တီတို့ကလည်း အိမ်ရာတစ်သန်းဆိုတော့ ကိုယ်ယူရမယ့်အန္တရာယ်က နည်းနည်းများတော့ ဒါကို နိုင်ငံခြားတစ်ဆင့် အာမခံဈေးကွက် Hannover Rusk SE မှာ ပြန်ပြီးတော့ တစ်ဆင့်အာမခံပြန်ထားမယ်။ အရစ်ကျ သွင်းရင်းနဲ့မှ အကြောင်းမညီညွတ်လို့ အိမ်ထောင်ဦးစီးတစ်ခုခုဖြစ်သွားခဲ့ရင် အာမခံကုမ္ပဏီက ဆက်ပြီးတော့ သူသွင်းဖို့လိုတဲ့ငွေကို ဆပ်ပေးမယ်။ နိုင်ငံမှာ အိုးအိမ်မရှိသေးတဲ့သူတွေ အိုးအိမ်ရှိသွားအောင်၊ ဘဏ်တွေမှာ ငွေချေးချင်ပေမယ့် သူတို့မှာ ငွေကြေးအရင်း အမြစ်ကမရှိဘူး။ အခုဆို DI Tokyo ကလိုအပ် တဲ့ငွေအရင်းအနှီး ပံ့ပိုးပေးမယ်။ အခု အိမ်ရာတစ်သန်းဆိုတာက ထပ်ဆောက်မယ့်အိမ်တွေ အတွက်ပါ" ဟု ဒေါက်တာစန္ဒာဦးက ပြောဆိုသည်။

ဆွေးနွေးမည်
*********
          ယင်းအာမခံအမျိုးအစားသည် မြန်မာ့အာမခံလုပ်ငန်းက ပထမဆုံးဆောင်ရွက်သည့် အာမခံအမျိုးအစားဖြစ်ပြီး အာမခံကြေးပရီမီယံ နှုန်းထားနှင့်ပတ်သက်၍ မည်မျှထားရှိမည်ကို လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။

Public Housing Read 56 times