ရန်ကုန်-ပုသိမ်ကားလမ်းကို ငွေကျပ်(၂၉)ဘီလီယံကျော်သုံးပြီး တစ်နှစ်အတွင်း အပြီးခင်းမယ်


01 January, 2020

(၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်မှာ ရန်ကုန်-ပုသိမ်ကားလမ်းကို ပြည်ထောင်စု အစိုးရဘတ်ဂျက်ကနေ ငွေကျပ် (၂၉)ဘီလီယံကျော် အသုံးပြုပြီး တစ်နှစ်အတွင်းပြီးစီးအောင် ခင်းသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ သိရပါတယ်။


လမ်းခင်းဖို့ အခုလ(၂၂)ရက်မှာ တင်ဒါဖွင့်မှာဖြစ်ပါတယ်။ ပထမဦးစွာ ရန်ကုန်မြို့ကနေ ညောင်တုန်းမြို့ ဗိုလ်မြတ်ထွန်းတံတားအထိ (၄၁)မိုင် စတင်ခင်းမှာ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက (၁၇)မိုင်နဲ့ ဧရာဝတီတိုင်းဒေသကြီးက (၂၄)မိုင် တာဝန်ယူခင်းသွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားခဲ့ပါတယ်။

 

 

လမ်းခင်းနေစဉ် ကာလအတွင်း ကမ်းပါးပြိုကျနေတဲ့ ညောင်တုန်း မြို့နယ် ဆားမလောက်လမ်းပိုင်းကို ကမ်းထိန်းပြုပြင်တာတွေ လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ဒါ့ပြင် ယာဉ်ကြောကြပ်တည်း မှုမဖြစ်စေဖို့ လမ်းလွှဲတွေထားရှိကာ ကျူးကျော်တွေဖယ်ရှားရှင်းလင်း ရေးကို စနစ်တကျဆောင်ရွက်သွားမယ်လု့ိ ဆိုပါတယ်။

 

 

လမ်းခင်းနေစဉ် အတောအတွင်း ရန်ကုန်မြို့မှပုသိမ်မြို့သို့သွားရောက်မယ့်ကားတွေအနေနဲ့ ရန်ကုန်-ဆားမလောက်-ကဇန်း-တာကွေ့-ဗိုလ်မြတ်ထွန်းလမ်းကနေ တစ်လမ်း မောင်း သွားရမှာဖြစ်ပြီး ပုသိမ်မြို့မှ ရန်ကုန်မြို့သို့သွားရောက်မယ့်ကားတွေအနေနဲ့ ပုသိမ်-ဗိုလ်မြတ်ထွန်း-တာကွေ့-ညောင်တုန်း- ဆားမလောက်- ရန်ကုန် လမ်းက မောင်းနှင်ဖို့ သတ်မှတ်ထားပြီး မအူပင်-ရန်ကုန် ကားတွေ ကတော့ မအူပင်-တွံတေးလမ်းက မောင်းနှင်ဖို့နဲ့ ကျိုက်လတ်-ဖျာပုံကား တွေကတော့ ဒေးဒရဲလမ်းက မောင်းနှင်ဖို့ လမ်းပိုင်းတွေ သတ်မှတ်ထား ကြောင်းသိရပါတယ်။

Mixed Use and Urban Read 74 times