ကမ္ဘာ့အမြင့်ဆုံး prefab မိုးထိတိုက်တာများ မလေးရှားတွင် ထုတ်လုပ်ပြီး စင်ကာပူတွင် တည်ဆောက်မည်


01 January, 2020

စင်ကာပူတွင် တည်ဆောက်မည်ဖြစ်သော prefabricate မိုးထိတိုက်နှစ်လုံးသည် ကမ္ဘာ့အမြင့်ဆုံး prefab မိုးထိတိုက်များအဖြစ် စံချိန်တင်လိမ့်မည်။

 

မိုးထိတိုက်နှစ်လုံးသည် အမြင့် ၁၉၂ မီတာ (၆၃၀ ပေ) ရှိမည့် တာဝါနှစ်ခုအဖြစ် နီးနီးကပ်ကပ် အပြိုင် တည်ရှိကြမည် ဖြစ်ပြီး စင်ကာပူ၏ လူဉီးရေထူထပ်သည့် နေရာတွင် စီမံကိန်းကို အကောင်အထည် ဖော်မည်။ အဆောက်အဦ၏ အစိတ်အပိုင်းများကို စင်ကာပူနယ်စပ်အနီးရှိ မလေးရှာမှ စက်ရုံတွင် ထုတ်လုပ်မည် ဖြစ်သည်။

 

လူနေတိုက်ခန်းများ အဖြစ် တည်ဆောက်မည့် တာဝါနှစ်ခုကို Avenue South Residences ဟု အမည်ပေးထားသည်။ ၅၆ ထပ်ဖြစ်ပြီး. တိုက်ခန်းပေါင်း ၉၈၈ ခန်း ပါဝင်သည်။

 

စီမံကိန်းကို ADDP Architects မှ တာဝန်ယူလုပ်ကိုင်သည်။ ဆောက်လုပ်နည်းမှာ PPVC ဟု အတိုကောက်ခေါ်ဝေါ်ကြသည့် Prefabricated Prefinished Volumetric Construction နည်းလမ်းကို အသုံးပြုမည် ဖြစ်သည်။ ထိုနည်း၏ အားသာချက်မှာ လုပ်သားအင်အား များများစားစား သုံးစွဲရခြင်း နည်းပါးသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အသံဆူညံမှု လျော့နည်းသည်။ လုပ်ငန်းခွင်မှ စွန့်ပစ်ပစ္စည်း နည်းပါးသည်။ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုလည်း နည်းပါးသည်။

 

တပ်ဆင်မည့် မော်ဂျူးများကို မလေးရှားနိုင်ငံ စီနိုင်းရှိ စက်ရုံတွင် ထုတ်လုပ်မည်။ ဘေးပတ်လည် ၄မျက်နှာနှင့် ထက်အောက် ၁မျက်နှာစီ စုစုပေါင်း မျက်နှာပြင် ၆ဘက်ကို ကွန်ကရိဖြင့် ပုံသွန်းလောင်းပေးမည် ဖြစ်သည်။ ထို့နောက် စင်ကာပူသို့ မော်ဂျူးများကို သယ်ယူပို့ဆောင်မည်။

 

မော်ဂျူးအတွင်း တပ်ဆင်စရာ ရှိသည်တို့ကို စင်ကာပူတွင် အပြီးသတ် ၈၀% ပြီးစီးသည်အထိ တပ်ဆင်မည်။ ထို့နောက် တာဝါ တည်ဆောက်မည့် လုပ်ငန်းခွင်တွင် မော်ဂျူးများကို သယ်ယူပြီး ကရိန်းများဖြင့် ထပ်ဆင်မည် ဖြစ်သည်။ ထို့နောက် တံခါးကဲ့သို့သော နောက်ဆုံး အချောသတ် တပ်ဆင်ဖြည့်တင်းမှုများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။

 

ADDP Architects မှ Markus Cheng Thuan Hann က "မော်တော်ကား ထုတ်လုပ်မှုမှာ အစိတ်အပိုင်းတွေကို တပ်ဆင်တဲ့ သဘောတရားနဲ့ အတူတူပါပဲ။ ဒါပေမဲ့ အဆောက်အဦ တည်ဆောက်တာမှာ သုံးစွဲထားတယ်" ဟု ပြောပြသည်။

 

prefabrication အကျိုးကျေးဇူးများ

prefabrication ဖြင့် ဆောက်လုပ်ရေးသည် ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ဆောက်ရေးတွင် ဥရောပနှင့် အမေရိကန် တို့တွင် စတင်သုံးစွဲခဲ့သည်။ အိမ်ရာများ မလုံလောက်သည်ကို အချိန်တိုတိုဖြင့် မြန်မြန်ဖြေရှင်းပေးနိုင်စေသော နည်းလမ်းဖြစ်သည့်အပြင် ကုန်ကျစရိတ် သက်သာသည့်အတွက် အိမ်ရာတိုက်ခန်းဈေးသည် တန်ဖိုးသင့် ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်စေသည်။

 

ယခုအခါ prefab သည် အာရှပစိတ်ဖိတ်ဒေသတွင် ကြီးစိုးထားမှု ပိုတိုးလာနေသည်ကို တွေ့ရသည်။ နည်းပညာပိုင်းတွင်လည်း တိုးတက်လာခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရသော ဆောက်လုပ်ရေးအလုပ်ပမာဏများ လျော့နည်းသည်။ အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများကို အနှောက်အယှက်ပေးခြင်း နည်းပါးသည်။

"အခုလို တည်ဆောက်တာ တကယ်ကို ဆူညံသံတွေ လျော့နည်းပါတယ်။

 

အနားမှာရှိတဲ့ လူနေတိုက်ခန်းတွေမှာ နေထိုင်ကြသူတွေ အနှောက်အယှက် ပေးတာ သက်သာတယ်။ ပြီးတော့ အမှိုက်ထွက်တာ စွန့်ပစ်ပစ္စည်းတွေ ထွက်တာ လျော့နည်း သွားတယ်။ ဘာလို့လဲဆိုတော့ စက်ရုံထဲမှာ လုပ်ကိုင်ကြတာဖြစ်လို့ ထိန်းချုပ်မှု ပိုကောင်းတယ်" ကိုဗစ်အတွက် အားသာချက်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ လုပ်သား အများအပြား စုဝေးရောက်ရှိကာ လုပ်ကိုင်ဖို့ မလိုအပ်တော့ခြင်း ဖြစ်သည်။

 

စင်ကာပူမှ Building and Construction Authority ကလည်း PPVC သုံးစွဲခြင်းကို တက်တက်ကြွကြွဖြင့် တိုက်တွန်းအားပေးလျက် ရှိသည်။ ကုန်ကျစရိတ်အနေဖြင့် ၈% သက်သာသည်။ အလုပ်ပြီးမြောက်မှုတွင် ၄၀% ပိုကောင်းသည်။ ၂၀၁၄ ခုနှစ်မှစ၍ အချို့ဆောက်လုပ်ရေးစီမံကိန်းများတွင် prefab ကို လိုအပ်ချက်အဖြစ် သုံးစွဲခိုင်းသည်။

 

Avenue South Residences ဆောက်လုပ်ရေးစီမံကိန်းသည် စတင်လုပ်ကိုင်နေပြီ ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။ တိုက်တာ မျက်နှာစာတွင် ဝရံတာများ ပါမည်ဖြစ်ပြီး ဆန်းရှိတ်များလည်း တပ်ဆင်ပေးထားသည့်အပြင် စိမ်းလန်းစေရန် အပင်ငယ်များ စိုက်ပျိုးပေးထားသည့် နေရာများလည်း ရှိမည် ဖြစ်သည်။

 

prefab မိုးထိတိုက်တာများတွင် အမြင့်မားဆုံးမှာ စင်ကာပူနိုင်ငံရှိ Clement Canopy ဖြစ်ပြီး အမြင့် မီတာ ၁၄၀ (၄၅၈ ပေ) ရှိသည်။ ၎င်းprefab မိုးထိတိုက်တာကို ဒီဇိုင်းထုတ်သည်မှာ Avenue South Residences ကို လုပ်ကိုင်နေသည့် ADDP Architects ပင် ဖြစ်သည်။ အခြားအမြင့်မားဆုံး prefab မိုးထိတိုက်တာများမှာ လန်ဒန်တောင်ပိုင်းရှိ Croydon တာဝါဖြစ်ပြီး အမြင့် ၁၃၅ မီတာ(၄၄၃ပေ) ရှိသည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် လူနေတိုက်ခန်း prefab တိုက်တာအဆောက်အဦသည် အမြင့် ၁၀၉ မီတာ( ၃၅၉ ပေ) ရှိသည်။

Global Read 68 times