ကမ္ဘာ့အရှည်လျားဆုံး လမ်းနှစ်ထပ်ပါသည့် ကြိုးတံတား


13 December, 2019

ကမ္ဘာပေါ်မှာ အရှည်လျားဆုံးဖြစ်တဲ့ လမ်းနှစ်ထပ်ပါတဲ့ ကြိုးတံတားကြီးကို တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ မကြာမီဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။
 
ယန်စီကန်ယန်ကျီမြစ်ကူးတံတားလို့ အမည်ပေးထားတဲ့ ဒီတံတားကြီးက ခြောက်လမ်းသွားလမ်းနှစ်ထပ်ပါရှိတဲ့ ကြိုးတံတားဖြစ်ပြီး အခုနှစ် စက်တင်ဘာလမှာ ဖြတ်သန်းခွင့်ပြုသွားမယ်လို့ သိရပါတယ်။
 
ဒီတံတားကြီးရဲ့ အပေါ်ဘက်လမ်းမှာ မော်တော်ယာဉ်တွေကို တစ်နာရီကို ၈၀ ကီလိုမီတာ ( ၄၉ မိုင်)နှုန်းထိ မောင်းနှင်သွားလာနိုင်ပြီး အောက်ထပ်လမ်းမှာတော့ တစ်နာရီကို ၆၀ ကီလိုမီတာ ( ၃၇ မိုင်) နှုန်းထိ မောင်းနှင်သွားလာခွင့်ပြုသွားမယ်လို့ သိရပါတယ်။
  
အောက်ထပ်လမ်းမှာတော့ စက်ဘီးနင်းသွားလာနိုင်တဲ့ စက်ဘီးစင်္ကြံလမ်းနဲ့ ခြေကျင်လမ်းလျှောက်နိုင်တဲ့စင်္ကြံလမ်းတွေလည်း ဖန်တီးပေးထားတယ်လို့ China Rail way Major Bridge Engineering Group ရဲ့ လက်ထောက်အင်ဂျင်နီယာချုပ် လီဆင်ဟွာက ဆိုပါတယ်။
 
ကြိုးတံတားအရှည်က ၅၅၇၇ပေရှိပြီး ကမ္ဘာ့အရှည်လျားဆုံးလမ်းနှစ်ထပ်ကြိုးတံတားကြီးရဲ့ ပင်မတည်ဆောက်ရေးလုပ်ငန်းတွေ ပြီးစီးခဲ့ပြီဖြစ်ကာ ကျန်ရှိတဲ့အသေးစား တပ်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြပြီလို့ လီဆင်ဟွာက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတကာ စစ်တပ်အားကစားကောင်စီ CISM စစ်ရေးပြကမ္ဘာ့ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့ ဒီတံတားကြီးကို အချိန်မီတည်ဆောက်နေကြတာလို့လည်း သိရပါတယ်။

Tips Global Read 114 times