ကမ္ဘာ့ပထမဆုံး ဆိုလာစွမ်းအင်သုံးရထား


14 December, 2020

ဆိုလာပါဝါကို အိမ်သုံးလျှပ်စစ်ပါဝါတွေ ရရှိဖို့ အသုံးပြုတယ်ဆိုတာ ကျွန်တော်တို့အများစုသိပြီးဖြစ်မှာပါ။ ဒါပေမယ့် ဒီဆိုလာစွမ်းအင်နဲ့ပဲ ရထားတစ်စီးလုံးကို မောင်းနှင်နိုင်တယ်ဆိုရင်တော့ အနည်းငယ်အံ့သြမိပါလိမ့်မယ်။ ဒီဆိုလာရထားဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သြစတြေးလျမှာ ပေါ်နေခဲ့ပါပြီ ဖြစ်ပါတယ်။

နေမှရရှိတဲ့ ဆိုလာစွမ်းအင်ကို ၁၀၀% အပြည့်အ၀ အသုံးချပြီး မောင်းနှင်နိုင်တဲ့ ဆိုလာပါဝါရထားကို ဩစတြေးလျနိုင်ငံ Byron Bay မြို့မှာ စတင်မောင်းနှင်ခဲ့တာဖြစ်ပါတယ်။ မူလရထားကတော့ နှစ်ပေါင်း ၇၀ ခန့်သက်တမ်းရှိနေပြီဖြစ်တဲ့ ရထားဟောင်းတစ်စီးဖြစ်ပြီး ၎င်းကို ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၄၉ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီရထားကို ဩစတြေးလျ Byron Bay ရထားကုမ္ပဏီကနေ ဆိုလာစွမ်းအင်သုံးအဖြစ်ပြန်လည် ပြင်ဆင်ပြီး မောင်းနှင်ခဲ့တာဖြစ်ပါတယ်။

ရထားအမိုးအဖြစ် တပ်ဆင်ထားတဲ့ 6.5kW စီထွက်တဲ့ ဆိုလာပြားတွေကနေ တဆင့် ဆိုလာစွမ်းအင်ကို ရရှိတာပဲဖြစ်ပါတယ်။ မူလရထားမှာ ဒီဇယ်အင်ဂျင်နှစ်လုံးပါဝင်ခဲ့ပြီး ယခုလိုပြောင်းလဲမှု ပြုလုပ်တဲ့အခါမှာတော့ တစ်လုံးကို ဖယ်ထုတ်လိုက်ပြီး ကျန်တစ်လုံးကိုပဲ အရံအနေနဲ့ ချန်ထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်လိုအပ်တဲ့ ဘက်ထရီတွေ နဲ့ ဂီယာဘောက်တစ်ခုကိုလည်း တပ်ဆင်ထားပါသေးတယ်။ ရထားရဲ့ အလေးချိန်က တန် ၇၀ ရှိပါတယ်။

ရထားမှာ အသုံးပြုထားတဲ့ ဘက်ထရီတွေဟာ လျှပ်စစ်ကားတွေမှာ အသုံးပြုတဲ့ ဘက်ထရီနဲ့အရွယ်အစားတူညီပြီး ၁ နာရီကို ၇၇ ကီလိုဝပ် သိုလှောင်နိုင်စွမ်းရှိပါတယ်။ ဒီပမာဏအပြည့်သိုလှောင်ထားပါက ရထားကို အသွားအပြန် ၅ ခေါက်ခန့် မောင်းနှင်နိုင်ပါတယ်။ သုံးစွဲမှုပမာဏများတယ်လို့ ထင်ရပေမယ့် စီးနင်းတဲ့ လူဦးရေနဲ့တွက်ရင်တော့ သိပ်မများလှပါဘူး။ နေသာတဲ့နေ့တွေမှာ ၁ နာရီကို ၁၅၀ ကီလိုဝပ်အထိ အားပြန်သွင်းပေးနိုင်ပါတယ်။ တခါတရံနေမသာတဲ့ နေ့တွေမှာဆိုရင်တော့ လျှပ်စစ်နဲ့ အားပြန်သွင်းပေးရတာမျိုး ရှိပါတယ်။

ရထားကုမ္ပဏီဟာ Byron Bay မြို့နဲ့ အပန်းဖြေစခန်းရှိရာ North Beach Station ကို ဆက်သွယ်ထားတဲ့ ရထားလမ်းကြောင်းကို ပြန်လည်ပြုပြင်ခဲ့ပြီးနောက် ဒီဆိုလာပါဝါရထားကို ဒေသခံနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ စီးနင်းနိုင်ဖို့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ရထားလမ်းကြောင်းရဲ့ ခရီးအကွာအဝေးကတော့ ၃ ကီလိုမီတာ(၁.၈၆)မိုင်ခန့်သာ ရှိပါတယ်။

ရထားပေါ်မှာ ခရီးသည်ဦးရေ ၁၀၀ အတွက် ထိုင်ခုံများပါရှိတဲ့အပြင် ခရီးဆောင်အိတ် ၊ ဆိုင်ကယ် ၊ ရေလွှာလျှောစတဲ့ အရာများသယ်ဆောင်နိုင်ဖို့ အခန်းတစ်ခန်းလည်း ပါရှိပါသေးတယ်။ ခရီးစဉ်တစ်ခုအတွက် ကျသင့်ငွေကတော့ အရွယ်ရောက်ပြီးသူတွေအတွက် ၃ဒေါ်လာ ၊ ၆နှစ်ကနေ ၁၃နှစ်အထိ ကလေးငယ်တွေအတွက် ၂ဒေါ်လာ နဲ့ ၆နှစ်အောက်ကလေးငယ်တွေအတွက်တော့ အခမဲ့ဖြစ်ပါတယ်။

"ကျွန်တော်က တစ်စီးတည်းရှိသေးတဲ့ ဆိုလာရထားရဲ့ ရထားမောင်းသူပါ။ ရထားမောင်းခဲ့တဲ့ သက်တမ်း ၁၀နှစ်ကျော်ပါပြီ။ ဆိုလာရထားကို မောင်းရတာဟာ အရင်ဒီဇယ်ရထားတွေကို မောင်းနှင်ရတာထက် ပိုလွယ်ပါတယ်”လို့ ဒီရထားရဲ့ယာဉ်မောင်း Rob Jarvis က ဆိုပါတယ်။

ကမ္ဘာကြီးကို ညစ်ညမ်းစေတဲ့ လောင်စာစွမ်းအင်တွေကို လျှော့ချပြီး သဘာဝကို မထိခိုက်စေတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ပိုမိုအသုံးပြုနိုင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုးစားလျက်ရှိပါတယ်။

ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို မြေပေါ်မှာသာမက ရေပေါ်မှာပါ တည်ဆောက်နေကြပြီး ဆိုလာကားတွေဟာလည်း မကြာခင်ဈေးကွက်အတွင်း ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Global Read 50 times