ဒူဘိုင်းတွင် စတင်ဆောက်လုပ်နေသော ကြယ်ငါးပွင့်အဆင့်ရှိ ကမ္ဘာ့ပထမဆုံး ရေအောက်အပန်းဖြေစခန်းကြီး


10 December, 2020

  ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Kleindienst Group သည် ဒူဘိုင်းတွင် ကြယ်ငါးပွင့်အဆင့်ရှိ ရေအောက်အပန်းဖြေ စခန်းကြီး စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း အရှှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

 

        ကြယ်ငါးပွင့် အဆင့်ရှိ ရေအောက်အပန်းဖြေစခန်းကြီးသည် ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်ပြီး The Floating Venice ဟု အမည်ပေးထားသည်။

 

        ဒူဘိုင်း၏ ကမ်းလွန် ၄ ကီလိုမီတာအကွာတွင် ပြန့်ကျဲတည်ရှိသော ကျွန်းစုများစွာအနက်မှ ကမ္ဘာလုံးပုံသဏ္ဍာန် ကျွန်းတုငယ်တစ်ခု ဖြစ်သော The World အမည်ရှိ ကျွန်းအနီးတွင် ဆောက်လုပ်မည် ဖြစ်သည်။

အီတလီမှ နာမည်ကျော် Piazza San Marco ကဲ့ိသု့ ပုံဖော်မည်ဖြစ်သည့် The Floating Venice ရေအောက်အပန်းဖြေစခန်းကြီးသည် သမားရိုးကျပုံစံများကို ဖောက်ထွက်ကာ လူနေမှုနှင့် အပန်းဖြေမှုအသွင်သစ်များကို ဖော်ဆောင်ပေးမည်ဖြစ်သည်။

 

        ခမ်းနားလှသော အပန်းဖြေစခန်းကြီး၏ အထပ် ၄ ထပ်တွင် ငှားရမ်းနိုင်သည့်အခန်းပေါင်း ၄၁၄ ခန်း ဖြန့်ကျက်ပါဝင်မည် ဖြစ်သည်။

 

        အဆိုပါ အခန်းများအနက် အခန်းပေါင်း ၁၈၀ ၊ ကမ္ဘာ့ပထမဆုံး ရေအောက် အားကစားလေ့ကျင့်ခန်းမနှင့် spa ၊ အစားအစာနှင့် အဖျော်ယမကာဆိုင်များစွာမှာ ရေအောက်တွင် တည်ရှိမည်ဖြစ်ပြီး သန္တာကျောက်တန်းများ ပေါကြွယ်ဝသည့် ဝန်းကျင်ရေအောက် ရှုခင်းများ၏ ညှို့ယူဖမ်းစားသည့်အလှတရားများကို ရှုမြင်နိုင်မည်ဖြစ်ကြောင်း Kleindienst Group က ထုတ်ဖော်ပြောကြားသည်။

 

        ထို့အပြင် သန္တာကျောက်တန်းများ၏ အလှကို ကြည့်ရှုရင်း ကြယ်ငါးပွင့်အဆင့် တည်းခိုနေထိုင်မှု ၊ ညစာစားမှုနှင့် အဝတ်အစား ဝယ်ယူမှု များလည်း ပြုလုပ်နိုင်မည် ဖြစ်သည်။

 

        ရေပြင်နှင့် တပြေးညီအမြင့်တွင် ရေကူးကန် ၂၄ ကန် ၊ sea majlis နေရာများ၊ လှေငယ်ကလေးများ ထားရှိပေးမည်ဖြစ်ကြောင်း Burj Al Arab ဟိုတယ်ကြီးတွင် ကျင်းပသည့် The Floating Venice ရေအောက်အပန်းဖြေစခန်းစီမံကိန်း မိတ်ဆက်အခမ်းအနားတွင် ထိပ်တန်း အရာရှိတို့က ပြောကြားသည်။

 

        ဒူဘိုင်း၏ The World ကျွန်းစုများတွင် ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်၊ စိန့်ပီတာစဘတ်၊ ဥရောပအချက်အခြာ၊ ဆွစ်ဇာလန်နှင့်၊ မိုနာကိုဟု အမည်ပေးထားသော ကျွန်းစု ၇ ခုအတွက် ယခုစီမံကိန်းသည် အထင်ကရနေရာတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ဒူဘိုင်း၏ ကမ်းခြေသို့ ဗင်းနစ် ၏ ညှို့ယူဖမ်းစားမှု ကျက်သရေ၊ အေးချမ်းမှုနှင့် ယဉ်ကျေးမှုတို့ကို ဆောင်ကြဉ်းပေးမည်လည်း ဖြစ်သည်။

Global Read 36 times