မန္တလေးမြို့မှ လေ့လာစရာ ရတနာပုံခေတ်လက်ရာ အကြီးဆုံးသစ်သားကျောင်းတော်ကြီး


01 January, 2020

မန္တလေးမြို့တွင် လေ့လာစရာ သမိုင်းဝင်နေရာများစွာရှိသည်။ ရှေးဟောင်းသစ်သား ကျောင်းတော်များ၊ သမိုင်းဝင်ဇရပ်များ၊ ဂူပြာသာဒ်များ၊ တန်ခိုးကြီး ဘုရားများစွာနှင့် သမိုင်းကြောင်းများမှာ လေ့လာမကုန်နိုင်အောင် ရှိသည်။

မဟာမုနိရုပ်ရှင်တော်၊ ပယ်ပုံတော်ဝင်း၊ ပြည်ကျောင်းတိုက်၊ စန္ဒာမုနိစေတီ၊ မြနန်းစံကျော်ရွှေနန်းတော်၊ နန်းမြို့ရိုးပြာသာဒ်များ၊ သင်္ဂဇာကျောင်း၊ ယောမင်းကြီးကျောင်း၊ မင်းတုန်းမင်းအုတ်ဂူပြာသာဒ်နှင့် အခြားသမိုင်းဝင် လေ့လာစရာများစွာဖြင့် လေ့လာစရာစုံလင်လှသည်။

ထိုလေ့လာစရာများစွာထဲမှ ရတနာပုံခေတ်လက်ရာ သစ်သားကျောင်းဆောင်ထဲတွင် အကြီးများဆုံး သစ်သားကျောင်းတော်ကြီးဖြစ်သည့် မဟာမင်းထင်ကျောင်းကြီးကိုလည်း လေ့လာနိုင်သည်။

ကျောင်းတော်ကြီးကို လေ့လာသမျှ အမိုးငါးထပ် လည်ပေါ်သုံးဆင့်တွင် စံပယ်ထပ် စမြင်ခံပါဝင်ပြီး တင့်တယ်လှသည်။ တောင်ဘက်တွင်မူ လှပသော ဝရန်တာနှင့် လှေကားတစ်စင်း ပါဝင်ကာ မြောက်ဘက်တွင်မူ ဝရန်တာနှင့်အတူ လှေကားနှစ်စင်း ထည့်သွင်းတည်ဆောက်ထားသည်။

ကြီးမားသော ဇေတဝန်ကျောင်းဆောင်ကြီး ဖြစ်သည့်အားလျော်စွာ စတင်တည်ဆောက်စဉ်က ကျောင်းဦးပြသာဒ်နှင့်တစ်ကွ တိုင်ပေါင်း (၄၆၂)တိုင်ပါရှိသည်ဟု သိရသည်။ ယခုအခါတွင်မူ ဇေတဝန်ဆောင်မကြီးတစ်ခု အဖြစ်ဖြင့်သာ တိုင်ပေါင်း(၁၄၃)တိုင်ဖြင့် ကျန်ရှိနေခဲ့သည်။

ကျောင်းတော်ကြီးမှာ ရတနာပုံခေတ်လက်ရာများကို လေ့လာနိုင်ပြီး နောက်ခံသမိုင်းအရ နေရာပြောင်းကာ တည်ဆောက်ထားသည်။ မဟာမင်းထင်တိုက်ကို မူလက အင်းဝတွင် စတင်ဆောက်လုပ်လှူဒါန်းခဲ့ပြီး နောက်ပိုင်း ၁၂၁၄ ခုနှစ်တွင် အမရပူရသို့ ပြောင်းရွှေ့တည်ဆောက်ခဲ့သည်။

ကျောင်းဒကာမှာ နက်ပလာဆင်ဝန် မဟာမင်းလှမင်းကျော် ဦးမင်းထင်ဖြစ်သည်။ ခန့်ညားလှသော ကျောင်းတော်ကြီးကို မင်းတုန်းမင်းတရား လက်ထက်တွင် မူရင်းကျောင်းဒကာကပင် ယခုလက်ရှိ တည်ရှိရာ အကွက် ၈၄၀၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေရာတွင် ရွှေ့ပြောင်းတည်ဆောက်ခဲ့ရာ ကြီးမားခန့်ထည်လွန်းသည့်အတွက် မင်းတုန်းမင်းလက်ထက်တွင်ပင် မပြီးနိုင်ဘဲ သားတော်သီပေါမင်းလက်ထက်မှ ပြီးစီးခဲ့ကြောင်း သိရသည်။

မဟာမင်းထင်ကျောင်းပြီးသည့်အခါတွင် ဆရာတော်ဦးတိဿအား တင်လှူခဲ့သည်။ ရတနာပုံခေတ်တွင် ကျော်ကြားသောအရာများကို ဖွဲ့သီထားသော စာဆိုအရ ကျောင်းမှာ မင်းထင်၊ သိမ်မှာမိုးတား၊ ဘုရားမှာအာနန္ဒာ ဟု ဆိုရလောက်အောင် ခန့်ထည်

ကျော်ကြားသော ကျောင်းဆောင်ပင်ဖြစ်သည်။ လက်ရှိကာလတွင် တင့်တယ်ခမ်းနားသော သစ်သားကျောင်းများတွင် ရတနာပုံခေတ်က အကြီးမားဆုံးကျောင်းအဖြစ် လေ့လာနိုင်ကြောင်း သိရသည်။

Architecture Read 348 times