ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ပထမအဆင့်ကို ၂၀၂၇ တွင် အပြီးဆောင်ရွက်မည်


01 January, 2020

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (Hanthawaddy International Airport) သည် ပဲခူးတိုင်းဒေသကြီး အနီးတွင် တည်ဆောက်နေသော အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ် ဖြစ်သည်။


စီးပွားရေးမြို့တော် ရန်ကုန်မြို့မှ မိုင် ၅၀ခန့် (ကီလိုမီတာ ၈၀ ခန့်) အကွာ တွင် တည်ဆောက်နေသည်။  မြန်မာနှင့် ဂျပန်နိုင်ငံတို့သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးအတွက် ဖက်စပ်လုပ်ငန်းတစ်ခု ဖွဲ့စည်းရန် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်လုပ်ဆောင်ခဲ့ပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖြင့် တည်ဆောက်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DCA) က လေဆိပ်သစ် တည်ဆောက်ရေး အတွက် မြေဧရိယာ ဟက်တာ ၃၆၀၀ နီးပါး ပံ့ပိုးပေးမည်ဖြစ်သည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည်ဝင် ရောက်မှု အကန့်အသတ်ရှိပြီး ပြေးလမ်းတစ်ခုသာရှိ၍လေယာဉ် ကြီးဆင်းသက်ရန် အခက်အခဲရှိ သဖြင့် နိုင်ငံတကာ လေဆိပ်အသစ်တည်ဆောက်ရန် လိုအပ်ခြင်းဖြစ်သည်။

 

သို့ဖြစ်ရာ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်ပြီး အမျိုးသားအကျိုးစီးပွားအလို့ငှာ ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်သည့်အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ထပ်မံတိုးချဲ့ရန် မြေနေရာမရှိခြင်းနှင့် ကြီးမားသည့် ကုန်တင်လေယာဉ်များ ဆင်းသက်နိုင်ရန်မဖြစ်နိုင်သဖြင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် မဖြစ်မနေဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သည်။

 

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို ဂျပန်နိုင်ငံအကူအညီဖြင့် စတင်ဆောင်ရွက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွန့်ကြားမှုဦးစီးဌာနက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။ ထိုစီမံကိန်း ပထမအဆင့်ကို ၂၀၂၇ တွင် အပြီးဆောင်ရွက်မည်ဖြစ်၍ စီမံကိန်း ကနဦးဖြစ်နိုင်ချေများကို ဩဂုတ် ၁၈ ရက် စတင်လေ့လာနေပြီဖြစ်သည်ဟု ထုတ်ပြန်သည်။

 

ထိုစီမံကိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ လေကြောင်းပို့ဆောင်ရေးညွန့်ကြားမှု ဦးစီးဌာနက JICA(ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ)၏ အကူအညီဖြင့် ပဲခူးမြို့ အနောက်ဘက်ခြမ်းတွင် ဆောင်ရွက်ခြင်း ဖြစ်သည်ဟုဆိုသည်။

 

ထိုစီမံကိန်းတည်ဆောက်ရခြင်းမှာ ပြည်တွင်း၊ပြည်ပခရီးသွားများပြားလာစေရန်၊ ကုန်စည်ပို့ဆောင်ရေး ပိုမိုလုပ်ဆောင်လာနိုင်ရန်နှင့် ဒေသစီးပွားရေးနှင့်လူမူရေးဖွံဖြိုးတိုးတက်လာစေရန် ဖြစ်သည်။ လေဆိပ်စီမံကိန်းနှင့်အတူ လမ်းအသစ်များ၊ ရေဆိုးသန့်စင်စက်ရုံ၊ရေပေးဝေရေးစနစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းစဉ်များပါ ပါဝင်မည်ဟုဆိုသည်။

 

အဆိုပါ စီမံကိန်းအတွက် ဂျပန်နိုင်ငံက ရာခိုင်နှုန်းပြည့်ချေး ငွေပေးမည် ဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် နှစ်နိုင်ငံ ဒုတိယဝန်ကြီးအဆင့်ဆွေး နွေးပွဲလေးကြိမ် ပြုလုပ်ထားပြီး ဂျပန်နိုင်ငံက ချေးငွေကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံမှ နှစ်ဘီလီယံအထိ ပေးမည်ဖြစ်သည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကဆိုထားသည်။

 

ထိုစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မူများအတွက်လေ့လာမူများ(EIA)ကို JICA Study Teamနှင့် ပြည်တွင်းပတ်ဝန်းကျင်အကြံပေးအဖွဲ့Total Business Solutionတို့က ဆောင်ရွက်မည်ဖြစ်သည်။ ထိုအစီရင်ခံစာမူကြမ်းကို ၂၀၂၀ အောက်တိုဘာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တင်ပြမည်ဟုဆိုသည်။

 

အကြိမ်ကြိမ် ရပ်နား

 

စီမံကိန်းကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကြိမ်ကြိမ် ရပ်နားခဲ့ရသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပဲခူးမြို့ကျောက်တိုင် ရွာအနီး ဂျပန်ခေတ်လေဆိပ်သဖွယ် အသုံးပြုသော မြေဧက ၉၀၀ ကျော်၌ ဟံသာဝတီလေဆိပ်အသစ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်။

 

၂၀၁၂ ခုနှစ်မှာ အစိုးရကနေ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွက်၍ လေဆိပ်တည်ဆောက်ရေး စီမံကိန်း ပြန်လည်စတင်ရန် ကြေငြာခဲ့သည်။ တည်ဆောက်မှုကို တောင်ကိုရီးယားနိုင်ငံ အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပိုရေးရှင်းမှ ဦးဆောင်ကာ အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ရင်းနှီးမြုပ်နှံမည်ဖြစ်သည်။ လေဆိပ်တည်ဆောက်ခြင်း နှင့် နှစ် (၅၀) လေဆိပ် လည်ပတ်မှုစီမံခန့်ခွဲမှု ကို ရရှိမည်ဖြစ်သည်။ လေဆိပ်သစ်ကြီးအနေဖြင့် ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် ရည်မှန်းထားပြီး ၁ နှစ်လျှင် ခရီးသည် စုစုပေါင်း ၁၂ သန်းခန့် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။ သို့သော် ငွေကြေးကိစ္စရပ်များ ကြောင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပိုရေးရှင်း နှင့် ပူးပေါင်းမှုကို ရပ်ဆိုင်းလိုက်ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ တွင် တင်ဒါ အသစ်ခေါ်ယူခဲ့သည်။

 

တင်ဒါအသစ်ကို စင်ကာပူ-ဂျပန် အကျိုးတူ ကုမ္ပဏီမှ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရရှိခဲ့သည်။ စင်ကာပူ-ဂျပန် ပူပေါင်း ကုမ္ပဏီမှာ ဂျပန် JGC ကုမ္ပဏီ၊ စင်ကာပူမှ Yongnam Holdings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီ သုံးခုပေါင်း အစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်သည်။

 

စာချုပ်အရ အမေရိကန်ဒေါ်လာ သန်း ၁၄၅၀ ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှု စုစုပေါင်း ပမာဏ၏ ၄၉ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံ အစိုးရမှ ထောက်ပံ့ပေးမည် ဖြစ်ပြီး တခြားချေးငွေ ဒေါ်လာ ၅၁၇ သန်း၊ ပူးပေါင်း ကုမ္ပဏီမှ ရင်းနှီးငွေ ဒေါ်လာ ၂၂၂ သန်း ထည့်ဝင်ကြမည် ဖြစ်သည်။

 

ထိုတင်ဒါအောင်ထားမှု သ ဘောတူညီချက်သက်တမ်းသည် ၂၀၁၈ ဇန်နဝါရီ၌ ကုန်ဆုံးခဲ့သည်။ ဟံသာဝတီ လေဆိပ်စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် သဘောတူညီချက်သက်တမ်းကုန်ဆုံးပြီဖြစ်သော်လည်း ညှိနှိုင်းမှု အဆင်မပြေ၍ သက်တမ်းမတိုးနိုင်သေးကြောင်း စင်ကာပူ Yongnam Holdings ကုမ္ပဏီက ၂၀၁၈ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။


၂၀၂၇ တွင် ပထမအဆင့်ကို အပြီးဆောင်ရွက်မည်

 

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ပထမအဆင့်ကို ၂၀၂၇ တွင် အပြီးဆောင်ရွက်မည်ဟု သိရသည်။ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို လေဆိပ်ဒီဇိုင်း ကို ရထားလမ်းကွန်ရက် တစ်ခုနှင့် ချိတ်ဆက်ရေးဆွဲထားရာ တည်ဆောက်ရေးစီမံကိန်း ပထမအဆင့်တွင် လေဆိပ်သို့ အမြန်ကားလမ်း တစ်ခု ချိတ်ဆက်ပေးမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် အမြန်ရထားလမ်း တစ်ခုဖြင့် ဆက်သွယ်သွားမည်ဟု သိရသည်။

 

ယခုအခါ ဟံသာဝတီလေဆိပ်သစ် တည်ဆောက်မည့် ကုမ္ပဏီအား ယခုနှစ်ကုန်ပိုင်းတွင် ဂျပန်နိုင်ငံတွင် တင်ဒါ ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

Factory and Industrial Plant Read 50 times