ကမ္ဘာ့ အအေးဆုံး ရွာ


17 November, 2020

ကမ္ဘာပေါ်တွင် လူသားများနေထိုင်သည့် မြို့၊ရွာများထဲတွင် အအေးဆုံးရွာသည် အွိုင်မြခုံ(Oymyakon)ဟုခေါ်သော ရွာကလေးပင်ဖြစ်သည်။Oymyakon သည် ရုရှားနိုင်ငံ၊ဆခါရီပတ်ဘလစ် အွိုင်မြခုံစကီ ခရိုင်၏ အစွန်အဖျားတစ်နေရာတွင်ရှိသည်။

Oymyakon သည် ရုရှားဘာသာစကားမှာ မခဲသောရေဟု အဓိပ္ပာယ်ရသည်။ထိုရွာနားတွင် ရေပူစမ်းတစ်ခုရှိပြီး ထိုရေပူစမ်းကို Oymyakon ဟုခေါ်ရာမှ ထိုရွာနာမည်သည် Oymyakon ဖြစ်လာခြင်းဖြစ်သည်။

လူဦးရေ ၄၇၂ယောက်၊ပင်လယ်ရေမျက်နှာပြင်အထက် ရ၅ဝ မီတာရှိသည်။ဒုတိယ ကမ္ဘာစစ်က ထိုနေရာတွင် ရေခဲတောင်သမင်မွေးမြူရေးသမားများ Oymyakon ရေပူစမ်းတွင် တစ်ထောက်နားပြီး သမင်များကို ရေတိုက်ရင်း နားခဲ့ကြသည်။

၁၉၂၄ခုနှစ်တွင် ရုရှားသိပ္ပံပညာရှင် တစ်ဦးမှ Oymyakon ကိုစတင်တွေ့ရှိခဲ့ပြီး အပူချိန် အနုတ်ရ၁ ဒီဂရီစင်တီဂရိတ်သာ ရှိသော ထိုနေရာတွင် နေထိုင်ခဲ့ရာမှ တဖြည်းဖြည်းနှင့် ရွာကလေးတစ်ရွာဖြစ်လာခြင်းဖြစ်သည်။

အာတိတ်ဒေသဆန်သော ရာသီဥတုကြောင့် Oymyakon သည် ကမ္ဘာ့မြောက်ဘက်ခြမ်းသည် လူနေထိုင်ရာ ဒေသထဲတွင် အအေးဆုံးဖြစ်လာသည်။

၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် အပူချိန် အနုတ် ၆၇ ဒသမ ရစင်တီဂရိတ်နှင့် ကမ္ဘာပေါ်တွင် အအေးဆုံးလူနေထိုင်ရာ ဒေသအဖြစ်မှတ်တမ်းတင်ခံခဲ့ရသည်။

Oymyakon ထက်အေးတာဆိုလျှင် အာတိတ်ဒေသသာရှိသည်။အပူချိန်မှာ အနုတ် ၈၉ ဒသမ ၂စင်တီဂရိတ် ရှိသည်။

Oymyakon ၏ပတ်ဝန်းကျင်မြေပြင်သည် အမြဲခဲနေပြီး ဒီဇင်ဘာလတွင် အနုတ် ၅ဝဒီဂရီ ဖာရင်ဟိုက်ရှိပြီး သြဂုတ်လတွင် အပေါင်း ၅ဝ ဒီဂရီဖာရင်ဟိုက်ရှိကြောင်း သိရသည်။

ဆောင်းရာသီတွင်တစ်ရက်ကို နေရောင်မြင်ရချိန် ၃နာရီခန့်သာရှိပြီး နွေအခါတွင် နေထွက်ချိန်ချည်း ၂၁နာရီခန့်ရှိနေကြောင်း သိရသည်။

Oymyakon ၏အနီးဆုံးမြို့မှာ Yakutsk ဖြစ်ပြီး ယင်းမြို့သို့ ကားနှင့်သွားလျှင် ၃ရက်ကြာသည်ဖြစ်၍ အလွန်ခေါင်သော ရွာကလေးဖြစ်သည်။

Oymyakon သည် တစ်နှစ်ပတ်လုံး နှင်းများ၊ရေခဲများနှင့် ဖွေးဖွေးဆွတ်နေပြီးထိုရွာလေး၏ စီးပွားရေးမှာ တိရိစ္ဆာန်သားမွေးများရောင်းဝယ်ခြင်း၊ရေခဲငါးများရောင်းခြင်း၊တစ်နှစ်ပတ်လုံး နှင်းများကျနေသည်ဖြစ်သောကြောင့် ရှုခင်းများလည်း

လှပသည်။အာတိတ်စက်ဝိုင်းဒေသတွင် ရှိနေသည့်အတွက် Oymyakon သည် ကမ္ဘာ့အလှဆုံးနေဝင်ချိန်ကို ပိုင်ဆိုင်သည်။

Oymyakon သည် ဖွံ့ဖြိုးတိုးတက်မှုနှုန်းလည်း နှေးပြီး ၂ဝဝ၈ ခုနှစ်တွင် Oymyakon ၏တစ်ခုတည်းသော စာသင်ကျောင်း မှာ အခန်းတွင်း အိမ်သာတပ်ဆင်ခဲ့ပြီး မိုဘိုင်းဖုန်းသုံး၍မရပါ။လယ်လည်း စိုက်၍မရပါ။တစ်ရွာလုံးတွင် လိုအပ်တာများဝယ်ရန် ကုန်စုံဆိုင်သည်လည်း တစ်ဆိုင်သာရှိသည်။

အပြင်ထွက်လို့မျက်မှန်တပ်မည်ဆိုလျှင်လည်း တစ်ခါတည်း မျက်နှာတွင်ခဲပြီး ကပ်သွားမည်ဖြစ်ပြီး ပြန်ခွာလျှင် အရေပြားပါ ပါလာသည့်အတွက် မည်သူမျှ နေကာမျက်မှန်မတပ်ကြပါ။

အသုဘ ရှိ၍ မြေကျင်းတူးရမည်ဆိုလျှင် ၃-ရက်ခန့်ကြာသည်။မြေတူးနိုင်ရန် ရေခဲ အရည်ပျော်အောင်မီးသွေးဖိုများ ဝိုင်းထားရပါသည်။

ထိုရွာက လူများသည် ရေခဲတောင် သမင်နှင့် မြင်းသားကိုသာစားရသည်။သမင်နို့ကို သောက်ကြပြီး အာဟာရဓာတ်ပြည့်စုံစွာ ပါသည်ဟု ဆရာဝန်မှ ပြောကြားသည်။

ကားစက်ကိုလည်း တနေကုန်နိုးထားရသည်။စက်ရပ်သွားလျှင် ပြန်နိုး၍မရတော့ပါ။ညကိုတော့ စက်ရပ်ထားပြီး မနက်ခင်းဆိုလျှင် ကားစက်နိုးသံ တညံညံနှင့် ရွာတစ်ခုလုံးသက်ဝင်လှုပ်ရှားလာသည်။

Oymyakon သည် အိမ်တိုင်းလိုလိုမီးသွေးဖိုကို ၂၄နာရီဖိုထားရသည်။အနွေးဓာတ်ရရန် အတွက် ဖြစ်သည်။လျှပ်စစ်မီးမရှိသည့်အတွက် ထင်းမီးလင်းဖိုကုသာ အသုံးပြုရသည်။ယခုနောက်ပိုင်းတွင် ကိုယ်ထူကိုယ်ထ မီးစက်နှင့် ရွာကို အချိန်အကန့်အသတ်နှင့် လျှပ်စစ် မီးပေးသည်။ထိုရွာသာများသည် ရာသီဥတု ဒဏ်ကို ကြံ့ကြံ့ခံသည့်နေရာတွင် ပြိုင်စံရှားသည်။အပူချိန် အနုတ် ၅၂ ဒီဂရီစင်တီဂရိတ်အောက်ရောက်မှ တစ်ခုတည်းသော ကျောင်းကို ပိတ်ကြသည်။

ယခုနောက်ပိုင်းတွင် ထိုရွာကလေးမှာ အပိုဝင်ငွေ ရှိလာသည်။ ကမ္ဘာလှည့်ခရီးသည်များ ကမ္ဘာ့အအေးဆုံးနေရာတွင် တစ်ညလောက်သာ လာနေကြည့်ကြသည်။အိမ်ထဲတွင် အိမ်သာမရှိသည့်အဖြစ်၊သမင်သားပဲစားရသည့်အဖြစ်၊မီးသွေးမီးဖိုနှင့်

အနွေးဓာတ်ယူပြီးထင်းမီးလင်းဖိုနှင့် နေရသည့်အဖြစ်၊ရေချိုးမည်ဆိုလျှင်ရှေးရောမ ဇာတ်ကားများတွင် မီးသွေးထဲဖုတ်ထားသော ကျောက်ခဲများကို ရေစည်ပိုင်းထဲထည့်ပြီး ရေနွေးလုပ်ပြီး ချိုးရသည့်အဖြစ်များကို တအံ့တသြ ခံစားကြရင်း မနက်နေထွက်ချိန်နှင့်

ညနေပိုင်းနေဝင်ချိန်တို့တွင် အံ့သြဘနန်းလှပသော ရှုမျှော်ခင်းများကို ကြည့်ရင်း တစ်ချိန်က ကမ္ဘာကမေ့လျော့နေခဲ့သည့် Oymyakon သည် တဖြည်းဖြည်းနှင့်

လူသိများလာပြီး သွားရောက်လည်ပတ်သူများနှင့်စည်ကားလာမည့် အလားအလာကိုတွေ့နေရကြောင်း လေ့လာရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။

Global Tips Read 20 times