The Central အိမ်ရာစီမံကိန်း၏ ၂၇ ထပ်အမြင့်ရှိတာဝါ


13 December, 2019

The Central အိမ်ရာစီမံကိန်း၏ ၂၇ ထပ်မြင့်သည့် တာဝါကို  ဆောက်လုပ်ပြီးစီး၍ ၂၀၁၉ အကုန်တွင် နေထိုင်သူများထံ လွှဲပြောင်းပေးမည်ဟု Marga Landmarkက ထုတ်ပြန်ကြေညာသည်။
 
အိမ်ရာဆောက်လုပ်ခြင်းပြီးမြောက်သည့် အခမ်းအနားကို ဇွန်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့ပြီး ထိုအဆောက်အအုံကို ၂၀၁၈ စက်တင်ဘာလတွင် စတင်၍ ကိုးလကြာတည်ဆောက်ခြင်းဖြစ်သည်။
 
"Marga လုပ်ငန်းစုဟာ မြန်မာနိုင်ငံကို ၂၀၁၃ မှာစတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရင်ကဖွံ့ဖြိုးဆဲဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ၊ အတွေ့အကြုံတွေက မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့စိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ အထောက်အကူ ပြုခဲ့ပါတယ်"ဟု Marga  လုပ်ငန်းစုဥက္ကဋ္ဌ Dr.Stephen Suen ကပြောသည်။
 
ထို့ပြင်စိမံကိန်းတွင် အမိုးဖွင့် ဈေးဝယ်လျှောက်လမ်းပါသည့် The Central Boulevardလည်း ဖွင့်လှစ်မည်ဖြစ်ပြီး စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ဘားများပါဝင်မည်ဟု ဆိုသည်။
 
အဆိုပါ အဆောက်အအုံသည် ရန်ကုန်မြို့ကို နေချင်စဖွယ်စီးပွားရေးမြို့တော် ဖြစ်ပေါ်လာရန် မျှော်မှန်းချက်ထဲတွင် တစ်စိတ်တစ်ပိုင်း ပါဝင်သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
 
ထိုအဆောက်အအုံသည် နိုင်ငံတကာမှ ဆောက်လုပ်ရေးပညာရှင်များနှင့် လက်တွဲလုပ်ကိုင်ခဲ့သည့် အောင်မြင်မှုတစ်ခုအဖြစ် သာဓကပြနိုင်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။
 
The Central သည် ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်၊ အင်းလျားကန်ဘေးတွင်ရှိပြီး ၂၇ထပ်မြင့်သည့်အဆောက်အအုံ ဖြစ်သည်။ စီမံကိန်းတစ်ခုလုံးတွင် လူနေအိမ်တာဝါများ၊ ဈေးဝယ်ကုန်တိုက်များနှင့် ရုံးခန်းများ ပါဝင်မည် ဖြစ်သည်။

Residential Read 44 times