ဆန်းဆန်းပြားပြား ဖြစ်တဲ့ ရွှေကုက္ကို စီမံကိန်း


01 January, 2020

ရွှေကုက္ကိုဖွံဖြိုးရေးစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၈ ခုနှစ်တွင် အတည်ပြု ခွင့်ပြုပေးခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၂.၅ သန်း ဖြစ်ပြီး မြေဧရိယာ ၁၀.၃ ဟက်တာမှာ အဆင့်မြင့်အိမ်ရာ ၅၉ ခု ဆောက်လုပ်ဖို့ ဖြစ်ပါတယ်။ စီမံကိန်းတည်နေရာက ကရင်ပြည်နယ်မှာ ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဖြစ်ပါတယ်။

နယ်ခြားမြို့ မြဝတီနဲ့ အလှမ်းမကွာတဲ့နေရာမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကို ကျောထောက်နောက်ခံပြုတဲ့လုပ်ငန်းက ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ တရုတ်ကုမ္ပဏီ Yatai International ဖြစ်ပါတယ်။ စီမံကိန်းကို Myanmar Yatai International မှ အကောင်အထည် ဖော်ပါတယ်။ Myanmar Yatai International ဟာ Yatai International မှ ၈၀% နဲ့  Chit Lin Myaing Company မှ ၂၀% ထည့်ဝင်ထားတဲ့ ဖက်စပ်လုပ်ငန်း ဖြစ်ပါတယ်။

စီမံကိန်းတည်နေရာက ဒေသခံ ကရင်နယ်ခြားစောင့်တပ် Karen Border Guard Force (BGF) ထိန်းချုပ်မှုအောက်မှာ တည်ရှိပါတယ်။ ရွှေကုက္ကိုစီမံကိန်းကို ဆောက်လုပ်ခဲ့တာမှာ အကြီးအကျယ် တိုးချဲ့ခဲ့တယ်။

Yatai International မှ တင်ဆက်တဲ့ စီမံကိန်းမြှင့်တင်ရေးဗီဒီယိုအရ စီမံကိန်း အကျယ်အဝန်းက ၁၂, ၀၀၀ ဟက်တာဖြစ်ပြီး အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၁၅ ဘီလျံလို့ ဆိုပါတယ်။ ကာစီနိုများ၊ အခန်း ၁,၂၀၀ ပါ ဟိုတယ်၊ အဆင့်မြင့်အိမ်ရာ၊ စူပါမားကက်၊ လေဆိပ်၊ စက်မှုဇုန်၊ ကုန်တွင်းဆိပ်ကမ်း စတာတွေ ပါဝင်ပါတယ်။ အစီအစဉ်မှာ ပါတာတွေ တချို့ကို အကောင်အထည်ဖော်ဖြစ်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြတယ်။ စီမံကိန်းပါ လေဆိပ်ကို တည်ဆောက်မည်ဆိုရင် ထိုင်းနိုင်ငံမှာ ရှိနှင့်ပြီးသား မဲဆောက်လေဆိပ်နဲ့ နီးလွန်းနေပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဆင့်မြင့်အိမ်ရာ ၅၉ ခု ဆောက်လုပ်ရေးကိုသာ ခွင့်ပြုပေးထားတာဖြစ်ပြီး ထို့ထက်ပို၍ ခွင့်ပြုထားခြင်း မရှိဘူးလို့ သိရပါတယ်။ ခွင့်ပြုတဲ့အထဲမှာ ကာစီနိုများလည်း မပါဝင်ပါ။

အဲဒီလို ကွဲလွဲနေတာကြောင့် စီမံကိန်း ဆောက်လုပ်ရေးကို ဆိုင်းငံ့ထားခိုင်းတယ်လို့ Karen BGF က ၂၀၁၉ အနှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရွှေကုက္ကိုရွာကို အစွဲပြုပြီး အမည်တွင်တဲ့ ရွှေကုက္ကိုဖွံဖြိုးရေးစီမံကိန်းကို ဆက်လက်ဆောက်လုပ်နေတယ်လို့ မီဒီယာတချို့မှာ ဖော်ပြကြပါတယ်။

တရုတ်အစိုးရ အကောင်အထည်ဖော်နေတဲ့ Belt and Road Initiative (BRI) နဲ့ ဆက်နွှယ်မှု ရှိကြောင်း တရုတ်အစိုးရဘက်မှ တရားဝင်ပြောကြားခြင်း မရှိပါဘူး။

Yatai International ရဲ့ ဝဘ်ဆိုက် မှာတော့ Yatai City ကို စမတ်စီတီးတစ်ခုအဖြစ် တည်ဆောက်နေကြောင်း ဖော်ပြထားပါတယ်။ အထူးစီးပွားရေးဇုန် တစ်ခုဖြစ်ပြီး ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုမည်လို့ ဆိုထားပါတယ်။

 

Infrastructure and Zones Read 119 times