မြန်မာဝယ်လက်များ ထိုင်းမှာ ဘတ်သန်း ၁၀၀ အထက် အိုးအိမ်များ ဝယ်ယူ


28 May, 2023

မြန်မာဝယ်လက်များ ထိုင်းမှာ ဘတ်သန်း ၁၀၀ အထက် အိုးအိမ်များ ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Harrow International School နှင့် ကပ်လျက်ရှိ Hyde Park Garden သည် စျေးနှုန်း ဘတ် ၃၅ သန်းမှ သန်း ၈၀ အတွင်း မိသားစု အရွယ်အစား အမျိုးမျိုးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် အိမ်ဒီဇိုင်းမျိုးစုံကို စီစဉ်ပေးထားသည်။
.
၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် နိုင်ငံတကာ ခရီးသွားများ ပြန်လည်ဝင်ရောက်လာခဲ့ကြပြီး အကွက်အကွင်း ကျသည့် နေရာများတွင် ကွန်ဒိုများ၊ အိမ်များနှင့် တိုက်ခန်းများ အပါအဝင် ထိုင်းနိုင်ငံရှိ အထက်တန်းစားအိမ်ရာများကို ဝယ်ယူရန် နိုင်ငံခြားသားများ စိတ်ဝင်စားမှု မြင့်တက်လာကြောင်း အိမ်ခြံမြေ အတိုင်ပင်ခံ CBRE မှ ပြောကြားသည်။
.
CBRE မှတစ်ဆင့် အိမ်ရာ အရောင်းအ၀ယ်ပြုလုပ်မှုများသည် ၂၀၀% ကျော် တိုးလာခဲ့သည်။
.
တိုးပွားလာသော ဝယ်လိုအားကို တုံ့ပြန်ရန် developer များသည် လုံးချင်းအိမ်များကို အထူးအာရုံစိုက်ထားကြသည်။ အထက်တန်းစားနှင့် 
 စူပါအထက်တန်းစားအိမ်ရာ စီမံကိန်း အသစ်များကို ၂၀၂၃ ခုနှစ်တွင် စတင်ရောင်းချရန် ပြင်ဆင်နေပါသည်။
.
CBRE Thailand သည် အကြမ်းဖျင်းအားဖြင့် ထိပ်တန်းလူနေအိမ်ရာ စီမံကိန်း ၃၀ ကို ကိုယ်စားပြုထားပြီး စီမံကိန်းများ၏ စုစုပေါင်းတန်ဖိုးသည် ဘတ် ၄၀ ဘီလီယံ ကျော်သည်ဟု လူနေအိမ်ရာ အရောင်းစီမံကိန်းများ၏ အကြီးအကဲ Artitaya Kasemlawan က ပြောကြားသည်။
.
၎င်းအိမ်ရာစီမံကိန်းများတွင် ၅၈% သည် အထက်တန်းစားများနှင့် စူပါအထက်တန်းစားများဖြစ်ပြီး အထက်တန်းစား ကွန်ဒိုမင်နီယမ်များသည် ၄၀% ပါဝင်သည်။ ကျန်သည့် ၂% သည် အိမ်ကြီးရခိုင်များ ဖြစ်သည်။
ယခုနှစ် စတင်သည့် စီမံကိန်းများတွင် အများစုမှာ လုံးချင်းအိုးအိမ်များ ဖြစ်သည်။ ယခုအခါ လုံးချင်းအိမ်များ ဝယ်လိုအား ဆက်လက်မြင့်မားနေသည်။
.
 Nirvana Collection Krungthep Kreetha အိမ်ရာစ‌ီမံကိန်းတွင် စူပါအထက်တန်းစား လုံးချင်းအိမ်များ ပါဝင်သည်။ အသုံးပြုနိုင်သည့် ကြမ်းခင်းဧရိယာသည် ၅၅၃ မှ ၁,၀၀၅ စတုရန်းမီတာအထိ အစားစား ရှိသည်။ ရေကူးကန်ပါသည်။ ဓာတ်လှေခါး ပါသည်။ ဈေးနှုန်းမှာ ဘတ် သန်း ၈၀ မှ ၁၅၀ အထိ အစားစား ရှိသည်။ Nirvana Porch Community Mall အနီး New Krungthep Kreetha လမ်းမှာ တည်ရှိသည်။
 .
Arch Sukhumvit 39 စူပါအထက်တန်းစား အိမ်ရာစီမံကိန်းတွင် အိမ် ၁၂ လုံးသာပါသည်။ သီးသန့်ရပ်ကွက်ငယ်တစ်ခုတွင် နေထိုင်ရသည့် ဆိတ်ငြိမ်အရသာ ပေးအပ်သည်။ ဈေးနှုန်းမှာ ဘတ် ၆၅ သန်းမှ သန်း ၁၃၀ အထိ အစားစား ရှိသည်။ အိပ်ခန်း လေးငါးခန်းပါသည်။ ကား လေးငါးခြောက်စီး ထားရန် နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိသည်။
.
Ari skytrain ဘူတာအနီး တည်ရှိသည့် စူပါအထက်တန်းစားအိမ်ရာ စီမံကိန်း Vi Ari တွင် အိမ်ကြီးရခိုင် ၆ လုံး ပါသည်။ ဈေးနှုန်းမှာ ဘတ် ၈၂ သန်း ဖြစ်ပါသည်။
.
အိမ်ရာဥယျာဉ် စီမံကိန်း Hyde Park Garden သည်  Harrow International School နှင့် ကပ်လျက်တွင် တည်ရှိသည်။ ဒွန်မောင်းလေဆိပ်နှင့် နီးသည်။ မိသားစု အရွယ်အစားအမျိုးမျိုးနှင့် လျော်ညီသည့် အိုးအိမ်ဒီဇိုင်းအမျိုးမျိုး စီစဉ်ပေးထားသည်။ ဈေးနှုန်းမှာ ဘတ် ၃၅ သန်းမှ သန်း ၈၀ အထိ ရှိသည်။

Mayfield Pinklao သည် ပရီမီယံ မြို့ပြအိုးအိမ် စီမံကိန်းဖြစ်ပြီး Central Pinklao နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ဈေးနှုန်းမှာ ဘတ် ၁၃.၉ မှ ၁၉.၈ သန်းအထိ ဖြစ်ပါသည်။
.
The Aroon II သည် အထပ်မြင့် ကွန်ဒိုမီနီယမ်ဖြစ်ပြီး Bang Khun Non MRT ဘူတာရုံနှင့် မီတာ ၁၀၀ ခန့်သာ ဝေးသည်။ Siriraj Hospital အနီး ရထားလိုင်း ၃ လိုင်း ဆုံသည့် ဘူတာရုံ ဖြစ်သည်။
.
အိမ်ရာစီမံကိန်း အသစ်တချို့ကို ကောက်နုတ် တင်ပြပြီးသည့်နောက်တွင် ဈေးကွက်ထဲ ရောက်လာသည့်  မြန်မာများ အပါအဝင်နိုင်ငံခြားသား ဝယ်လက်တို့ အိမ်ရာ ဝယ်ကြပုံကို တင်ပြပါမည်။
.
ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသည်များ ပြန်လည်ဝင်ရောက်မှုမှာ လွန်ခဲ့သည့်နှစ်တွင် သိသိသာသာ များပြားခဲ့ပြီး ၁၁ ဒသမ ၂ သန်းရှိခဲ့ပါသည်။
၎င်းတို့အနက် ၆၄% သည် မြန်မာအပါအဝင် အာရှနိုင်ငံများမှ ရောက်လာကြသူများ ဖြစ်သည်။ ဉရောပမှ ၂၃% ၊ မြောက်အမေရိကမှ ၅% ၊ ကျန်သည့် ပြည်ပခရီးသည်များသည် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ပင်လယ်သမုဒ္ဒရာထဲမှ ကျွန်းများဖြစ်ကြသည့် အိုရှန်းနီးယားတို့ထံမှ ရောက်လာကြသူများ ဖြစ်သည်။
.

CBRE မှ ကိုယ်စားပြုသည့် စီမံကိန်းများအနက် အများစုမှာ အထက်တန်းစားနှင့် အထက် ဈေးကွက်တွင်ရှိပြီး ၂၀၂၂ မှ ၂၀၂၃ ခုနှစ်အစောပိုင်းအထိ ကာလအတွင်း ၈၉% ကို ထိုင်းဝယ်လက်များက ဝယ်ယူကြပြီး  နိုင်ငံခြားသား ၁၁% ရှိကြောင်း Ms Artitaya က ပြောသည်။
.
“ကွန်ဒိုနဲ့ လုံးချင်းအိမ်ရာတွေကို ရှာဖွေတဲ့ နိုင်ငံခြားဝယ်လက်အများစုဟာ အာရှ၊ အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မြန်မာ၊ စင်ကာပူနဲ့ ဂျပန်တို့မှ ဖြစ်ပါတယ်" ဟု သူမက ပြောကြားသည်။
.
"အိမ်ကြီးရခိုင်တွေ ဝယ်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံခြားသား ဝယ်လက်အများစုဟာ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့လို ဥရောပက လာပါတယ်" ဟု သူမက ပြောပြသည်။
.
နိုင်ငံခြားဝယ်သူအများစုသည် ကွန်ဒိုတိုက်ခန်းများအတွက် ဘတ် ၁၅ သန်းမှ ၃၀ အတွင်း သုံးစွဲကြသည်။ ၎င်းတို့သည် ဘန်ကောက် မြို့လယ်ပိုင်း စီးပွားရေး လုပ်ငန်းများ ရှိရာနေရာများရှိ ကွန်ဒိုများကို ရှာဖွေကြသည်။ Silom, Sathon, Lumpini, Sukhumvit, Pathumwan, မြစ်ကမ်းဘေး ဧရိယာများတွင် ရှာဖွေကြသည်။ ၎င်းတို့တွင် ၈၇% သည် ကိုယ်တိုင် နေထိုင်ရန် ဝယ်ယူကြခြင်း ဖြစ်သည်။
.
လုံးချင်းအိမ်ရာအတွက် နိုင်ငံခြားသား အများစုသည် ဘတ် ၅၁ သန်းမှ သန်း ၈၀ အထိ သုံးစွဲကြသည်။ ဘန်ကောက် အရှေ့ပိုင်း၊ မြို့လယ်ပိုင်း နှင့် အရှေ့ပိုင်းဆင်ခြေဖုံးရပ်ကွက်များတွင် ရှာဖွေကြသည်။ ၎င်းတို့တွင် ၈၅% သည် ကိုယ်တိုင် နေထိုင်ရန် ဝယ်ယူကြခြင်း ဖြစ်သည်။
.
အိမ်ကြီးရခိုင် villa ဝယ်သည့် နိုင်ငံခြားသားများသည် ဘတ် ၁၅ သန်းမှ သန်း ၃၀ အထိ သုံးကြသည်။ ဖူးခက် ပင်လယ်ကမ်းခြေ၊ ဟွာဟင်း ပင်လယ်ကမ်းခြေ နေရာမျိုးတွင် ဝယ်ကြသည်။
၎င်းတို့တွင် ၇၁% သည် ကိုယ်တိုင် နေထိုင်ရန် ဝယ်ယူကြခြင်း ဖြစ်သည်။
.
ကွန်ဒိုများနှင့် လုံးချင်းအိမ်ရာများ ဝယ်ယူကြသူများကို နိုင်ငံသားအလိုက် ကြည့်လျှင် အထက်တန်းစား အပိုင်းအကန့်တွင် တရုတ်နိုင်ငံသားများသည် ထိပ်ဆုံးမှာ ရှိနေသည်။ အများစုမှာ အိပ်ခန်း တစ်ခန်း သို့မဟုတ် နှစ်ခန်း ပါသည့် အထက်တန်းစား ကွန်ဒိုများကို ရှာဖွေကြသည်။ ဘတ် ၁၅ သန်းမှ သန်း ၃၀ အထိ သုံးစွဲသည်။  ကိုယ်တိုင်နေထိုင်ဖို့ ဝယ်ယူကြခြင်း ဖြစ်သည်။ Silom နှင့် Sathon ဧရိယာများတွင် အဝယ်များကြသည်။ တရုတ်ဝယ်လက်များသည်ဘန်ကောက်အရှေ့ပိုင်း အိပ်ခန်း ၄ ခန်းပါ လုံးချင်းအိမ်များကိုလည်း စိတ်ဝင်စားကြသည်။
.
နောက်ထပ် စိတ်ဝင်စားစရာမှာ မြန်မာဝယ်လက်များ ဖြစ်သည်ဟု Ms Artitaya က ပြောသည်။
CBRE သည် လွန်ခဲ့သည့်နှစ်တွင် ဘတ်ငွေ ၅ သန်းမှ သန်း ၁၀၀ ကျော်အထိ ပေါက်ဈေးရှိသော အိုးအိမ်တို့ကို မြန်မာများအတွက် အရောင်းအ၀ယ်ပြုလုပ်ခဲ့သည်။
၎င်းမြန်မာများသည် မြန်မာ၊ စင်ကာပူနှင့် ထိုင်း နိုင်ငံတို့တွင် နေထိုင်ကြသူများ ဖြစ်သည်။ ၎င်းတို့အနက် ၉၁% သည် ကိုယ်တိုင်နေထိုင်ရန် ရည်ရွယ်ချက်အတွက် ဝယ်ယူကြခြင်း ဖြစ်သည်။
မြန်မာ အများစုသည် Lumpini နှင့် Sukhumvit ဧရိယာများရှိ ဘတ် ၁၅ သန်းမှ သန်း ၃၀ အထိ ပေးရသော အိပ်ခန်း နှစ်ခန်းပါ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူကြသည်ဟု Ms Artitaya က ပြောကြားသည်။ 
လုံးချင်းအိမ်ရာ ဝယ်ယူသည့် မြန်မာများသည် အိပ်ခန်း ၄ ခန်းပါ အိုးအိမ်ကို ဝယ်ယူလိုကြသည်။ ဘန်ကောက် အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အဝယ်များသည်။


2၂၀၂၂  ခုနှစ်တွင် CBRE မှတစ်ဆင့် အပန်းဖြေအိမ်ခြံမြေများ ရောင်းချမှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၄% တိုးလာကြောင်း ဖူးခက် အိမ်ခြံမြေ အရောင်းဌာန အကြီးအကဲ Prakaipeth Meechoosarn က ပြောကြားသည်။

"လူကြိုက်အများဆုံး အိမ်ရာများမှာ အိမ်ကြီးရခိုင်များ၊ အပန်းဖြေအိမ်များဖြစ်ပြီး ရောင်းအား ၆၉% တိုးလာခဲ့ပါတယ်" ဟု သူမက ပြောကြားသည်။
“ပြည်ပဝယ်လက်တွေက ဖူးခက်က လူနေရပ်ကွက်ဈေးကွက်မှာ အဝယ် ပိုသွက်လာတယ်" ဟု သူမက မှတ်ချက်ပြုသည်။ ပြည်တွင်း ဝယ်လိုအားမှာ ယမန်နှစ်ကအတိုင်း ဆက်ရှိနေဆဲ ဖြစ်ကြောင်းလည်း သူမက မှတ်ချက်ပြုသည်။ 
“နိုင်ငံခြားဝယ်လက်ကတော့  ၉၃ ရာခိုင်နှုန်း တိုးလာတယ်၊ ဒါက ဖူးခက်ကွန်ဒိုတွေ ဝယ်ကြတာပါ။ ရုရှား၊ ကနေဒါ၊ အီတလီ၊ ပြင်သစ်၊ တရုတ်နှင့် ဗြိတိန် လူမျိုးပေါင်းစုံ ပါဝင်ပါတယ်" ဟု သူမက ပြောကြားသည်။ 
ခရီးသွားလုပ်ငန်းနှင့် ကြာကြာနေထိုင်ခြင်းတို့ ပိုများလာသည့်အလျောက် အိမ်ရာဝယ်လိုအားလည်း မြင့်တက်နေသည်။ မိခင်နိုင်ငံမှ အိုးအိမ်အပြင် ဒုတိယအိုးအိမ်အဖြစ် ဝယ်ယူကြသူများ၊ ရင်းနှီးမြှုပ်နှံမှုတစ်ခု အနေဖြင့် ဝယ်ယူကြသူများ ပိုများလာသည်ဟု  Ms Prakaipeth က ပြောကြားသည်။ 
Source Bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Tips Region Residential Read 288 times