ထိုင်း- တရုတ် မြန်နှုန်းမြင့် ရထားလမ်းမှ အယုဒ္ဓယဘူတာရုံ အမြင့်လျှော့ချ


26 September, 2021

ဘန်ကောက်နှင့် နာခွန်ရာချပ်စီးမာ တို့ကို ဆက်သွယ်ပေးမည့် ထိုင်း- တရုတ် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းတွင် အယုဒ္ဓယဘူတာရုံ အမြင့်ကို လျှော့ချ၍ ဒီဇိုင်းပြင်ခဲ့ပြီး ယခင် စီစဉ်ထားသည့်အတိုင်း ဆက်လက်အကောင်အထည် ဖော်သွားမည် ဖြစ်သည်။

သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အယုဒ္ဓယဘူတာရုံ အမြင့်ကုိ ၁၉ မီတာအစား ၁၇ မီတာသို့ လျှော့ချရန် သဘောတူညီမှု ရရှိခဲ့သည်။
ဘူတာရုံအနီးတွင် ယူနက်စကို အသိအမှတ်ပြု  ရှေးဟောင်းသမိုင်းဝင်နယ်မြေကို မထိခိုက်စေရန် ဘူတာရုံ အမြင့်ကို လျှော့ချ သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

ရထားလမ်းစီမံကိန်းနှင့် စပ်လျဉ်း၍ Heritage Impact Assessment (HIA) အစီရင်ခံစာကို ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းဌာနသို့ ပေးပို့မည်ဖြစ်သည်။

ရထားလမ်း ဆောက်လုပ်ရာတွင် ရှေးဟောင်းနယ်မြေအတွက် ပြဌာန်းထားသော စည်းကမ်းများကို လိုက်နာဆောင်ရွက် သွားမည် ဖြစ်သည်။
ဘူတာရုံသည် ရှေးဟောင်းနယ်မြေအတွက် သတ်မှတ်ခွင့်ပြုထားသည့် အမြင့်ထက် ပိုမမြင့်သည်မှာ သေချာအောင် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အစည်းများက စောင့်ကြည့်ကြပ်မတ်ပေးသွားမည်။

ထိုင်း-တရုတ် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းသည် ဘန်ကောက်နှင့် နာခွန်ရာချပ်စီးမာတို့အကြား ခရီးတာ ၂၅၃ ကီလိုမီတာ ရထားလမ်း ဆောက်လုပ်မည် ဖြစ်သည်။

စီမံကိန်း အကောင်အထည်ဖော် ဆောက်လုပ်ရေးအတွက် ထိုင်းအစိုးရက ဘတ် ၁၇၉  ဘီလီယံကျော် အကုန်အကျခံသည်။ ကန်ထရိုက် ၁၄ ခု ခွဲထားပြီး တရုတ်အစိုးရက ဒီဇိုင်းနှင့် ဆောက်လုပ်ရေးတို့ကို တာဝန်ယူ ကြီးကြပ်ပေးရမည် ဖြစ်သည်။ ရထားလမ်း အချက်ပြစနစ်များနှင့် မြန်နှုန်းမြင့်ရထားများကိုလည်း တရုတ်နိုင်ငံမှ ပံ့ပိုးမည်။ ရထားဝန်ထမ်းများကို သင်တန်းပေးခြင်းကိုလည်း တရုတ်အစိုးရမှ တာဝန်ယူ ဆောင်ရွက်မည်။

 ၁၃.၃ ကီလိုမီတာ အရှည်ရှိသည့် Ban Pho-Phra Kaeo ရထားလမ်းပိုင်းသည် ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းနယ်မြေကို ဖြတ်သန်းထားသဖြင့် ရှေးဟောင်းနယ်မြေကို ထိခိုက်မည့်အရေးအတွက် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်ခဲ့သည်။

 အယုဒ္ဓယ ဘူတာရုံကို ရှေးဟောင်းနယ်မြေနှင့် နှစ်ကီလိုမီတာ အကွာအဝေးတွင် တည်ဆောက်ရန် နေရာရွေးချယ်ခဲ့ကြသည်။

ရှေးဟောင်းနယ်မြေကို မြေအောက်ရထားလမ်းဖြင့် ဖြတ်သန်းခြင်း မပြုနိုင်ပါက ရထားလမ်းကို နေရာရွှေ့ပြောင်းရန် ကမ္ဘာ့ရှေးဟောင်းနယ်မြေဆိုင်ရာ အမျိုးသားကော်မတီနှင့် မေလ ၂၄ ရက်တွင် သဘောတူခဲ့ကြသည်။ ကော်မတီက HIA အစီရင်ခံစာ တင်သွင်းဖို့ကိုလည်း ညွှန်ကြားခဲ့သည်။

ဘူတာရုံ မူလဒီဇိုင်းတွင် ဘူတာရုံတွင် အထပ်များ ပါရှိပြီး မြန်နှုန်းမြင့်ရထားသည် အပေါ်ဆုံးထပ်တွင် ဆိုက်ကပ်မည် ဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာနက ဘူတာရုံ မူကွဲဒီဇိုင်းများကို ရေးဆွဲခဲ့သည်။
အကယ်၍ မြေအောက်ရထားလမ်းဖြင့် ရှေးဟောင်းနယ်မြေကို ဖြတ်သန်းမည် ဆိုပါက ၅ ကီလိုမီတာ အရှည်ရှိသည့် မြေအောက်ဉမင်လိဏ်ခေါင်း ဆောက်လုပ်ရမည် ဖြစ်ပြီး ဘတ် ၂၅.၃ ဘီလျံ ကုန်ကျမည်။ အချိန် ၅ နှစ်ကြာမည်။

နောက်ဒီဇိုင်းတစ်ခုတွင် ရထားလမ်းနှင့် ဘူတာရုံတို့ကို ရှေးဟောင်းနယ်မြေမှ မီတာ ၃၀ ဝေးကွာသည့်နေရာသစ်သို ပြောင်းရွှေ့ပေးထားသည်။ ကုန်ကျစရိတ်မှာ ဘတ် ၂၆ ဘီလျံ ဖြစ်သည်။  မြေ ၃,၇၀၀ ရိုင် (ဟက်တာ ၆၀၀)ကျော်ကို စီမံကိန်းအတွက် သိမ်းရမည်။ အချိန် ၇ နှစ်ကြာမည်။

.နောက်တစ်နည်းမှာ ဘူတာရုံကို နေရာမရွှေ့ဘဲ ဘူတာရုံ ပတ်ပတ်လည်တွင် မြို့သစ်တစ်ခုကို စီးပွားရေးလုပ်ငန်းများအတွက် ထူထောင်ပေးရန်ဖြစ်သည်။ ကုန်ကျစရိတ်မှာ ဘတ် သန်း ၈၀ ဖြစ်ပြီး အချိန် တစ်နှစ် ကြာမည်။

ထိုနည်းလမ်းများ မဆောင်ရွက်ခင် ပတ်ဝန်းကျင် ထိခိုက်မှုကို စစ်ဆေးအကဲဖြတ်ဖို့ လိုအပ်သဖြင့် စီမံကိန်းကို ပိုကြာနေစေလိမ့်မည်။

သို့ဖြစ်ရာ ဘူတာရုံအမြင့်ကို လျှော့ချပြီး ရှေးဟောင်းနယ်မြေမှ ၂ ကီလိုမီတာ ဝေးကွာသည့်နေရာတွင် ထားရှိရန် သဘောတူညီမှု ရရှိခဲ့ကြပြီး အတည်ပြုပေးခဲ့ကြသည်။


.bangkokpost.com

 


 

Infrastructure and Zones Read 1887 times